သတင်း

၁၄ နှစ်အရွယ်သမီးကို တရုတ်နိုင်ငံသားနှင့် ပေးစားခဲ့သူမိခင်ကို အမှုဖွင့်အရေးယူ

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ဆင်ခြံကျေးရွာတွင် ၁၄ နှစ်အရွယ် သမီးငယ်ကို တရုတ်နိုင်ငံသားနှင့် အတင်းအဓမ္မပေးစားခဲ့သူမိခင်၊ တရုတ်နိုင်ငံသားနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့်လည်းကောင်း၊ မုဒိမ်းမှုအားပေးကူညီမှုဖြင့်လည်းကောင်း ဖမ်းဆီးအရေးယူထားသည်ဟု ဆိုသည်။ 

“အဲဒီတရုတ်က အသက်မပြည့်သေးတဲ့ ကလေးမလေးကို လိုချင်တာ။ စကားပြန်နဲ့ အလုပ်သမားခေါင်းကို ခိုင်းတယ်။ ရယက (ကျေးရွာအုပ်ချုပ်ရေးမှူး) နဲ့ ပေါင်းပြီးတော့ ကလေးမအမေကို ငွေ ၁၀ သိန်းပေးပြီး တောင်းရမ်းတယ်ပေါ့။ သွားတောင်းရမ်းတဲ့နေ့မှာပဲ ကောင်မလေးကို ခေါ်သွားတာ” ဟု အမှတ် ၁၁ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဇင်က ပြောသည်။ 

၅၈ နှစ်အရွယ် အားတေ့ဆိုသူ တရုတ်နိုင်ငံသားသည် မြစ်သားမြို့နယ်၊ ဆင်ခြံကျေးရွာတွင် ငရုတ်စိုက်ခင်းလုပ်ကိုင်နေပြီး ယင်းစိုက်ခင်းတွင် လခစားဝန်ထမ်းအဖြစ် လာရောက်လုပ်ကိုင်သည့် အသက် ၁၄ နှစ် အရွယ်အမျိုးသမီးငယ်ကို အတင်းအဓမ္မရယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

တရုတ်နိုင်ငံသား အားတေ့နှင့် စကားပြန်ဖြစ်သူ ဦးအောင်မြင့်၊ အလုပ်သမားခေါင်း ဦးချစ်ကိုနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေတို့သည် ဩဂုတ် ၁၁ ရက်တွင် ငွေကျပ် ၁၀ သိန်းပေးကာ မိခင်ထံ လာရောက်တောင်းရမ်းခဲ့ခြင်းဖြစ်သည်ဟု ရဲမှူးမျိုးဇင်က ပြောသည်။ 

ထိုသို့တောင်းရမ်းပြီးနောက် တရုတ်နိုင်ငံသားက အမျိုးသမီးငယ်ကို ကာမစပ်ယှက်ရန်ကြိုးပမ်းရာတွင် မလိုက်လျောသည့်အတွက် မိခင်နှင့် အုပ်ချုပ်ရေးမှူးကို ခေါ်ကာ ဖျောင်းဖျစေခဲ့သည်ဟု ဆိုသည်။ 

“(ကျေးရွာအုပ်ချုပ်ရေးမှူး) ဥက္ကဋ္ဌက ‘နင့်ကို တင်တောင်းပြီးတော့ တရားဝင်လက်ထပ်ထားတာ နင်နေရမယ်’ ဆိုပြီး ပြောတယ်တဲ့။ ဥက္ကဋ္ဌက မနက် ၃ နာရီမှာ ပြန်သွားတယ်တဲ့။ သူ့အမေကတော့ အခန်းရှေ့မှာ စောင့်နေပေးတယ်တဲ့” ဟု အမျိုးသမီးငယ်၏ထွက်ဆိုချက်ကို ကိုးကားလျက် ရဲမှူးမျိုးဇင်က ပြောသည်။ 

ထိုသို့ အတင်းအဓမ္မလက်ထပ်ပြီး လေးရက်ခန့်အကြာတွင် အမျိုးသမီးငယ်က ထွက်ပြေးလာပြီး လာရောက်အကူအညီတောင်းခဲ့ခြင်းဖြစ်သည်ဟု အမျိုးသမီးငယ်၏ ဖခင်ဘက်မှ ဦးလေးတော်စပ်သူ ဦးဖိုးသေးက ပြောသည်။ 

“ကလေးက ဒီတရုတ်ကြီးကို မလိုချင်ဘူး။ မလိုချင် မသွားနဲ့ပေါ့လို့ ပြောဖြစ်သေးတယ်။ နောက်ပိုင်းမှာ ဟိုဘက်က ဇွတ်အတင်းခေါ်တာတွေလုပ်တော့ ကလေးက ကြောက်ပြီး ကျွန်တော့်ဆီရောက်လာပြီး အကူအညီတောင်းလို့ အမျိုးသမီးရေးရာနဲ့ ချိတ်ပေးပြီး အမှုဖွင့်လိုက်တာ” ဟု ၎င်းက ပြောသည်။ 

ငွေကြေးရယူပြီး အသက်မပြည့်သေးသည့် မိန်းကလေးငယ်ကို အတင်းအဓမ္မလက်ထပ်ပေးခဲ့ကြသည့် မိခင်ဖြစ်သူအပါအဝင် အုပ်ချုပ်ရေးမှူး၊ စကားပြန်၊ အလုပ်သမားခေါင်းနှင့် တရုတ်နိုင်ငံသားကို ဦးဖိုးသေးက တရားလိုပြုလုပ်ကာ မြစ်သားမြို့မရဲစခန်းတွင် မုဒိမ်းမှု၊ အတင်းအဓမ္မပေးစားရန် သွေးဆောင်မှုတို့အတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆/၃၆၆ များဖြင့်လည်းကောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်သိန်းဇော်က တရားလိုပြုလုပ်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၈(က) ဖြင့်လည်းကောင်း အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ သည် ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပြီး၊ ပုဒ်မ ၃၆၆ အရ ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း၊ လူကုန်ကူးမှူးတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က) သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ်အနှစ် ၂၀ မှ အများဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားသည့် လူကုန်ကူးမှုအများစုမှာ တရုတ်နိုင်ငံသားများနှင့် အတင်းအဓမ္မလက်ထပ်ပေးရန် အမျိုးသမီးငယ်များကို လူကုန်ကူးခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ထိုကဲ့သို့သောလူကုန်မှု ၂၈ မှုစီရှိခဲ့ကြောင်း အမှတ် ၁၁ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

Show More

Related Articles

Back to top button