
“ကျွန်တော်တို့အနေနဲ့ ကာစတန်မာဆားဗစ်အလုပ်လုပ်ရမယ်ဆိုပြီးပဲ သိတာ။ ကာစတန်မာဆားဗစ်ဆိုတာ ဘာအလုပ်လဲဆိုတာလည်း သေသေချာချာမသိဘူးပေါ့။ ဒီတိုင်း ဈေးဝယ်သူတွေနဲ့ စကားပြောဆို ဆက်ဆံရတာမျိုးလို့ပဲ ထင်တာ။ ဒီရောက်မှ အဲ့ဒီလိုအလုပ်တွေမဟုတ်မှန်း သိခဲ့ရတာ’’
ကိုထူးဟု သူ့ကိုယ်သူမိတ်ဆက်သည့် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပြခြင်း ဖြစ်သည်။
ကိုထူးသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်သည့် ပန်ဆန်းမြို့ ဟိုင်ဖုန်းကုမ္ပဏီတွင် အလိုမတူဘဲ လူကုန်ကူးခံခဲ့ရသူတစ်ဦးလည်း ဖြစ်သည်။
ကိုထူးအပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတို့မှ လူငယ်အမျိုးသား ၁၃ ဦးသည် ပန်ဆန်းတွင် လစာ ကျပ် ၁၀ သိန်းအထက် ရမည်၊ အွန်လိုင်းကာစတန်မာဆားဗစ်အလုပ် လုပ်ရမည်ဆိုသည့် မက်လုံးကြောင့် ဝဒေသကို မတ်လ ၁၆ ရက်နေ့က ရောက်သွားခဲ့ကြသည်။
သင့်တင့်သည့် လစာ ရမည့် အလုပ်အကိုင်အတွက် ပွဲစားခလည်း ပေးရန်မလိုဟူသော ကမ်းလှမ်းချက်ကြောင့် ထိုလူငယ်များ တက်ကြွစွာလိုက်လာကြခြင်း ဖြစ်သည်။
တကယ်တမ်းသူတို့လုပ်ရသည့် အလုပ်မှာ သူတို့ထင်ခဲ့သလို ဖြစ်မနေပေ။
တရုတ်မြန်မာနယ်စပ်မြို့ ပန်ဆန်းတွင် သူတို့ လုပ်ရသည်မှာ ကွန်ပျူတာအတွင်း ထည့်သွင်းထားသည့် တရုတ်အပ်ပလီကေးရှင်းမှတစ်ဆင့် မည်သူမည်ဝါမှန်း မသိရသူတို့ကို ဆက်သွယ်ရသည်၊ ညစ်ညမ်းပုံများနှင့် ရုပ်သံများကို အပြန်အလှန်ပေးပို့ရသည်၊ တစ်ဖက်လူ စိတ်ကျေနပ်သည်အထိ စကားပြောဆိုဆက်ဆံရသော လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးသည့်လုပ်ငန်းဖြစ်နေသည်။ Google Translate သုံးပြီး အင်္ဂလိပ်လို ရေးသား ဆက်သွယ်ရသည်၊ စကားအနည်းငယ်သာ ပြောရသည်၊ များသောအားဖြင့် ပုံပို့ပေးရခြင်းဖြစ်သည်။
လူငယ် ၁၃ ဦးထဲမှ တချို့က ထိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများရှိ အွန်လိုင်းလူမှုကွန်ရက်သုံးစွဲသူ အမျိုးသမီးများကို ပစ်မှတ်ထား ဆက်သွယ်ရသည်၊ နာမည်ကြီးအမှတ်တံဆိပ်အတုများ လိမ်လည်ရောင်းချရသည်ဟု ဆိုသည်။
အလုပ်ချိန်မှာ တရုတ်စံတော်ချိန် ည ၁၀ နာရီမှ နောက်တစ်နေ့ နေ့လယ် ၁ နာရီအထိ ဖြစ်သည်။ တစ်နေ့အလုပ်ချိန် ၁၅ နာရီရှိသည်။ မူလသဘောတူထားချက်မှာ ၁၄ နာရီသာ ဖြစ်သည်။ ထို့ပြင် နားရက်လည်းမရကြကြောင်း လူကုန်ကူးခံခဲ့ရသည့် လူငယ်များက ဆိုသည်။
လုပ်ငန်းခွင်တွင် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု ရန်ကုန်၊ လှိုင်သာယာမြို့မှ လာသည့် ၂၄ နှစ်အရွယ် ကိုဇော်ကိုလတ်က ပြောသည်။
“အချင်းချင်း စကားပြောလို့မရဘူး။ ကွန်ပျူတာရိုက်နေရင်း လက် ခဏအောက်ချမိရင်၊ ထပ်လုပ်ရင် လျှပ်စစ်တုတ်နဲ့ တို့မယ်လို့ ပြောတယ်။ သတ်မှတ်တဲ့ ငွေကြေးမပြည့်ရင် ထိုင်ထ လုပ်ခိုင်းတယ်။ တစ်ခါတလေ ထိုင်ထကို ရာနဲ့ချီ လုပ်ခိုင်းတယ်” ဟု ကိုဇော်ကိုလတ်က ပြောသည်။
“ဒီအလုပ်တွေလုပ်ရတာ တစ်ခါမှလည်း မလုပ်ဖူးဘူး။ လုပ်ရတာလည်း မသတီဘူး၊ စိတ်မသန့်ဘူး။ တစ်ရက်ထက်တစ်ရက်လည်း ပိုဆိုးလာတယ်။ ဖုန်းတွေအားလုံး သိမ်းထားတယ်။ ဒီဖုန်းတစ်လုံးကို ဖွက်ထားလို့ ကျန်ခဲ့တာ”
ထိုလူငယ်များက သူတို့ လူကုန်ကူးခံရကြောင်း၊ အလုပ်ထွက်လိုကြောင်းကို ဘာသာပြန်ပေးသူကတစ်ဆင့် တောင်းဆိုသည်။ သို့သော်လည်း ကုမ္ပဏီက လျော်ကြေးပေးမှ ထွက်ခွင့်ပြုမည်ဟု ပြန်ပြောခဲ့ကြောင်း အဆိုပါ အမျိုးသား ၁၃ ဦးထဲမှ တစ်ဦးက ဆိုသည်။
“ဝ ရဲစခန်းက ကျွန်တော်တို့ နှိပ်စက်ခံနေရတာကို သိရဲ့သားနဲ့ ဘာမှမလုပ်ပေးဘူး။ ဖုန်းတွေလည်း သိမ်းသွားတယ်။ ဒီဖုန်းက ဖွက်ထားလို့ ကျန်နေတာ။ ကျဉ်စက်နဲ့လည်း တို့တယ်။ အသက်အန္တရာယ်ပါ စိုးရိမ်နေရပြီ” ဟု သူက ပြောသည်။
သူတို့အကြောင်း သတင်းမီဒီယာတွင် ဖော်ပြနိုင်ရေး၊ သူတို့ လွတ်မြောက်ရန် အကူအညီပေးရေးအတွက် တောင်းဆိုခဲ့ကြသည်။ ထိုသို့ ပြောဆိုပြီး နောက်ရက်များတွင် ထိုလူငယ်များနှင့် ဖုန်းအဆက်အသွယ် ထပ်မရတော့ပေ။

ထို ၁၃ ဦး အခြေအနေနှင့် ပတ်သက်ပြီး ဝဒေသ ရဲစခန်းများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို UWSA ၏ လားရှိုးမြို့ ဆက်သွယ်ရေးရုံး တာဝန်ခံကို လူကုန်ကူးမှု ဟန့်တားရေးအခြေအနေအကြောင်း မေးခွန်းတချို့ ပေးပို့ထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။
ကိုဗစ်ရောဂါနောက်ဆက်တွဲ အလုပ်အကိုင်ရှားပါးမှု၊ အာဏာသိမ်းမှု စသည့် အထွေထွေအကျပ်အတည်းကြားတွင် လူကုန်ကူးမှုပြဿနာကို သတင်းဖော်ပြချက်များနှင့် အွန်လိုင်း လူမှုကွန်ရက် မီဒီယာတို့တွင် မကြာခဏ တွေ့လာရသော်လည်း အာဏာကို ချုပ်ကိုင်ထားသည့် စစ်ကောင်စီကမူ ထိုဖြစ်ရပ်များအကြောင်း ထုတ်ပြန်ပြောဆိုမှု နည်းပါးသည်။
သို့သော်လည်း တိုးတက်ဖြစ်ထွန်းမှုတစ်ခုမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ၂၀၂၂ ဇွန်လတွင် ပြဋ္ဌာန်းကြောင်း ကြေညာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုနှင့် ပတ်သက်လျှင် ထင်ရှားသည့် ဒေသတစ်ခုမှာ ကရင်ပြည်နယ် ရွှေကုက္ကိုဒေသ ဖြစ်သည်။ လူကုန်ကူးမှုအပါအဝင် ရာဇဝတ်မှု များစွာ ပေါ်ပေါက်နေသော ထိုဒေသတွင် မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း လူကုန်ကူးခံနေရသည်ကို နိုင်ငံတကာသတင်းများတွင်ပင် တွေ့နေရသည်။
၂၀၂၂ ခုနှစ် အမေရိကန်နိုင်ငံခြားရေးဌာန နှစ်ပတ်လည်အစီအရင်ခံစာတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှောင်ခိုမှုများစွာ ပေါ်ပေါက်လာပြီး တိုက်ဖျက်ရေးတွင်လည်း အားနည်းချက်များ ရှိနေသည်ဟု ထောက်ပြထားသည်။
စစ်ခေါင်းဆောင်များက အာဏာသိမ်းမှု ဆန့်ကျင်သူများ၊ ဒီမိုကရေစီအရေး လိုလားသူများကို ဖိနှိပ်ရန်သာ ဦးစားပေးနေသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။
အလုပ်သမားအရေး လှုပ်ရှားသူတို့က နိုင်ငံတစ်ဝန်း မငြိမ်မသက်ဖြစ်လာချိန် စီးပွားရေးကျဆင်းမှု၊ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှု၊ နိုင်ငံတကာလုပ်ငန်းကြီးများ ပြန်လည်ထွက်ခွာမှု၊ ကျူးကျော်အိမ်များ ဖျက်သိမ်းခံရမှု၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှုတို့ကို ရင်ဆိုင်လာကြရပြီး အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေကြရာတွင် ယခုကဲ့သို့ ဖြစ်ရပ်များ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာသည်ဟု သုံးသပ်ကြသည်။
လူကုန်ကူးမှုသည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သား ရွှေ့ပြောင်းနေထိုင်သူ ၆ သန်းခန့် ကြားထဲတွင်လည်း လူကုန်ကူးခံရသူ အများအပြား ရှိနေသည်ဟု ရွှေ့ပြောင်းလုပ်သားအရေးကူညီနေသူတို့က ဆိုသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူတစ်ဦး၏ ဆယ်ကျော်သက်အရွယ် သားတစ်ဦးမှာ မေလတွင် လူကုန်ကူးခံလိုက်ရသည်ဟု ထိုင်းနိုင်ငံမှ အလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးဖြစ်သည့် ကိုရဲမင်းက ပြောသည်။
“CDM လုပ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ပြည်တွင်းမှာ ခက်ခဲတော့ ထိုင်းမှာ ပြောင်းရွှေ့ရင်း အလုပ်လုပ်မယ်ဆိုပြီး ရောက်လာတာ၊ ဒီကို ရောက်တော့ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူက အလုပ်ရမယ်ဆိုပြီး အလုပ်ရုံတစ်ခုကို လွှတ်လိုက်တာ၊ မိဘက ပထမပိုင်း အဆက်အသွယ်ရတယ်၊ နောက်လတွေမှာ ပိတ်လှောင်ခံပြီး အလုပ်လုပ်နေရတယ်၊ လစာမရဘဲ အလုပ်လုပ်နေရတယ်။ ဒါဟာလည်း လူကုန်ကူးမှုအခြေခံအချက်ထဲ ပါတာပဲ” ဟု AAC မဟာမိတ်အဖွဲ့ – မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးကော်မတီမှ ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။
“ဒီလိုမျိုး ဖြစ်ရပ်တွေ နယ်စပ်မှာ ပျောက်သွားတာတွေ၊ ကျွန်တော်တို့ဆီ တိုင်ချက်လာဖွင့်တာတွေ အခုနောက်ပိုင်းမှာဆို အများကြီးပဲ”
၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး ဒေသအသီးသီးတွင် တိုက်ပွဲများ ပေါ်ပေါက်လာရာ စစ်ဘေးမှ တိမ်းရှောင်ရသူတို့သည် လူမှောင်ခိုကူးသူတို့၏ သားကောင်များ ဖြစ်လာနိုင်သည်။

မေလအတွင်း တိုက်ခတ်သည့် အင်အားပြင်း ဆိုင်ကလုန်းမိုခါကြောင့် နေရပ်ပြောင်းရွှေ့ပြီး အလုပ်အကိုင်ရှာဖွေသူများသည်လည်း ပစ်မှတ်ဖြစ်လာနိုင်သည်။
လုပ်ခလစာနှင့် အလုပ်အကိုင်အခွင့်အရေး ပိုမိုများပြားသော ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ခိုးဝင်လိုသူတို့သည် လူမှောင်ခိုကူးသူတို့ကို အားကိုးကြရသည်၊ ထိုသူတို့က သယ်ယူပို့ဆောင်ပေးရာတွင် ဝန်ဆောင်ခအဖြစ် ဘတ်တစ်သောင်းခွဲ (ဒေါ်လာ ၄၃၀ ခန့်) အနည်းဆုံး တောင်းကြသည်ဟု ထိုင်းရောက် မြန်မာများကို ကူညီနေသူတစ်ဦးဖြစ်သည့် ကိုသားကြီးက ပြောသည်။
“အများဆုံးကတော့ မြို့ရွာတွေမှာ အိမ်မီးရှို့ခံရသူတွေ၊ နေစရာမရှိသူတွေ ပါတယ်။ နီးစပ်ရာ အချိတ်အဆက်တွေနဲ့ မြဝတီနယ်စပ်ကတစ်ဆင့် ထိုင်းထဲကို ဝင်လာတယ်။ ကျွန်တော်တို့ ဖြေရှင်းရတဲ့ ကိစ္စတွေမှာဆိုရင် … ဝင်လာတယ်၊ ကယ်ရီတွေက ဘတ် တစ်သောင်းခွဲ၊ နှစ်သောင်း တောင်းတယ်၊ အခန်းတစ်ခု ငှားပြီး အခန်းထဲမှာ ထားတယ်” ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများဆိုင်ရာ ဥပဒေနှင့်အညီ လူမှုကူညီရေးအထွေထွေအဖွဲ့မှ ကိုသားကြီးက ပြောသည်။
“ဒါတွေက မဲဆောက်နယ်စပ်မှာ ဖြစ်နေသလို မြိတ်-ထားဝယ် နယ်စပ်တွေမှာ၊ ထိုင်းဘက်အခြမ်းတွေမှာလည်း ဖြစ်နေတာနော်။ အပြင်ထွက်လို့လည်း မရတော့ အွန်လိုင်းတွေပေါ်ကနေ အကူအညီတောင်းကြတယ်’’
လူကုန်ကူးမှု ကျူးလွန်သူ ထွက်ပြေးလွတ်မြောက်သွားခြင်း၊ လူကုန်ကူးခံရသူ တရားမဝင် နေထိုင်သဖြင့် အဖမ်းခံရနိုင်ခြင်းတို့မှာ ကူညီဆောင်ရွက်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲများ ဖြစ်သည်ဟု သူက ဆက်ပြောသည်။
အာဏာသိမ်းတပ်က နိုင်ငံအနှံ့ ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေသောကြောင့် ယခုအခါ ထိုင်း-မြန်မာနယ်စပ်တွင် တတိယနိုင်ငံတစ်ခုခုသို့ သွားရောက် ခိုလှုံလိုသူ အများအပြားရှိနေသည်။ ဤအခြေအနေတွင် တတိယနိုင်ငံပို့ပေးမည်ဟူသော လိမ်လည်မှုသည်လည်း လူကုန်ကူးမှုနှင့် ဆက်နွှယ်သည့် လိမ်လည်မှုပြဿနာပေါင်းများစွာထဲ ပါဝင်လာသည်ဟု ထိုင်းရောက် မြန်မာတချို့က အချင်းချင်း သတိပေးနေကြသည်။
၂၀၂၂ ခုနှစ် အမေရိကန်နိုင်ငံခြားရေးဌာန၏ နှစ်ပတ်လည်အစီအရင်ခံစာတွင် မြန်မာနိုင်ငံကို လူကုန်ကူးမှု အဆိုးရွားဆုံးအဆင့် ၃ အဖြစ် သတ်မှတ်ထားသည်၊ ထိုအဆင့် သတ်မှတ်ခံရသည်မှာ ၅ နှစ် ဆက်တိုက်ရှိနေသည်ဟုလည်း ဖော်ပြထားသည်။
ထိုင်းတွင် မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံး၊ အလုပ်သမားသံအရာရှိရုံးတို့က နိုင်ငံကူးလက်မှတ်ဆိုင်ရာ ဝန်ဆောင်မှုကိုပင် နိုင်နင်းစွာ ကိုင်တွယ်နိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီအတွက် အကျိုးဆောင်နေသည့် ထိုရုံးများမှာ လူကုန်ကူးခံရသူတို့ကို ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်လျှင် ပူးပေါင်းဆောင်ရွက်မှု မရှိကြကြောင်းလည်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)