
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် စစ်ကောင်စီစခန်းတချို့ကို ယမန်နေ့ (ဇွန် ၅) တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA) က တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
နံနက် ၄ နာရီခန့်တွင် လားရှိုးမြို့ အားကစားကွင်းအရှေ့ရှိ အမှတ် (၁၂) ရပ်ကွက် ရဲစခန်း၊ အမှတ် (၅) ရပ်ကွက်ရှိ (၅၀၇) စစ်တပ်စခန်း၊ မြို့အနီး ပန်ဟုန်းရွာရှိ စစ်တပ်စခန်း စသည့် စစ်ရေးပစ်မှတ်များ တိုက်ခိုက်ခံရသည်ဟု သိရသည်။
လက်နက်ခဲယမ်း အင်အားရှိသောကြောင့် ထိုးစစ်ဆင်နိုင်ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“MNDAA က လားရှိုးမြို့အနီး ရောက်လာတာကို ဒီရက်ထဲ ကြားရတယ်။ လက်နက်ခဲယမ်းတွေကို တိုင်းရင်းသားအဖွဲ့တွေ သုံးနိုင်နေတာ များတယ်” ဟု ပြောသည်။
နံနက် ၇ နာရီခန့်တွင် တိုက်ပွဲပြီးသွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာအနီး ရှော့တိုက်ဒုံးတစ်လုံး၊ ကျည်ခွံများ၊ စကားပြောစက်နှင့် ဝါယာကြိုးများ ကျန်ရှိခဲ့သည်၊ နှစ်ဖက်ထိခိုက်မှုအခြေအနေကို မသိရသေးပေ။
တိုက်ပွဲတွင် ပါဝင်သည့် အဖွဲ့များကို Myanmar Now က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။
MNDAA ၏ သတင်းမီဒီယာဖြေကြားခွင့်ရှိသူ ဦးရန်နိုင်က တိုက်ပွဲသတင်းအချက်အလက် မရရှိသေးကြောင်း ယမန်နေ့ နေ့လယ်က Myanmar Now ကို ပြောထားသည်။
MNDAA က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်၊ အသစ်ဖွဲ့စည်းထားသော တိုင်းရင်းသားတပ်မဟာ (၆၁၁) လည်း ပါဝင်နိုင်သည်ဟု ထိုဒေသတွင် လှုပ်ရှားနေသော တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၏ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၂၀၂၁ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများ ပစ်သတ်ခံရပြီးနောက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာသည့် နိုင်ငံအနှံ့မှ တိုင်းရင်းသားပေါင်းစုံ လူငယ်များကို MNDAA က လေ့ကျင့်သင်ကြားပေးခဲ့သည်၊ ယခုနှစ် ဇန်နဝါရီလဆန်းတွင် ထိုလူငယ်များကို စုစည်းကာ တပ်မဟာ (၆၁၁) အဖြစ် ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးခဲ့သည်။
လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ထားသည်။
ဒေသတွင်းမှ TNLA, MNDAA, ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့လည်း လားရှိုးဝန်းကျင်တွင် ရှိနေပြီး ယခုအခါ PDF တပ်များလည်း လှုပ်ရှားနေသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ TNLA, MNDAA တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုအရ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်နယ် မိုင်းလားမြို့တွင် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံခဲ့သော်လည်း သတ်မှတ်ရက် မပြည့်မီ ဆွေးနွေးပွဲ ရပ်သွားသည်။
ထို့နောက် ဇွန်လ ၂ ရက်မှ ၅ ရက်အထိ မဟာမိတ် ၃ ဖွဲ့ လှုပ်ရှားသည့် ရှမ်းပြည်နယ် သိန္နီ၊ လောက်ကိုင်၊ လားရှိုးမြို့အနီးထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ဇွန်၂ ရက် နံနက်က သိန္နီမြို့နယ်၊ ပြင်းတောင်ရွာအနီး တပ်မဟာ (၆၁၁) ၏ ယာယီတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အား ၇၀ ကျော်ခန့်ဖြင့် ထိုးစစ်ဆင်လာ၍ တစ်နာရီခန့် တိုက်ပွဲဖြစ်ခဲ့ကြောင်း MNDAA ၏ မီဒီယာဖြေကြားခွင့်ရှိသူ ဦးရန်နိုင်က ပြောသည်။
“တစ်ခါမှတော့ တိုက်ပွဲဖြစ်ခဲ့တာ မရှိဘူး နေရာအသစ်တွေမှာ။ အပြောင်းအရွေ့ရှိတဲ့ ယာယီတပ်စခန်းတစ်ခုကို ၂ ရက်နေ့က ထိုးစစ်ဆင်လာတယ်။ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ဘက်က ခုခံကာကွယ်နေရတော့ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးဘူး” ဟု သူက ဇွန် ၃ ရက်တွင် ပြောသည်။
ဇွန် ၃ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနောက်တောင်ဘက် တုံရှမ်းဒေသရှိ MNDAA တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် စီးနင်းရာ ၃ နာရီကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး MNDAA ဘက်မှ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“အစဉ်အလာအရ တွေ့ဆုံဆွေးနွေးပွဲလုပ်တိုင်း တိုက်ပွဲဖြစ်နေတာပဲ။ တွေ့ဆုံဆွေးနွေးမှုနဲ့ မြေပြင်ရဲ့ အခြေအနေက မသက်ဆိုင်သလို ဖြစ်နေတာ။ တွေ့ဆုံဆွေးနွေးနေတာပဲ စစ်ကြောင်းလည်း ထိုးနေတာပဲ။ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတယ်” ဟု ဦးရန်နိုင်က ဆိုသည်။
ဧပြီ ၂၆ ညပိုင်းကလည်း MNDAA ၏ တပ်မဟာ (၂၁၁) လှုပ်ရှားရာဒေသ သိန္နီမြို့နယ်၊ ဟွေပုံရွာကို စစ်ကောင်စီလေတပ်က နှစ်ကြိမ် ဗုံးလာကြဲခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
စစ်ကောင်စီတပ်သည် TNLA နှင့်လည်း ရံဖန်ရံခါ တိုက်ပွဲဖြစ်နေသည်။ AA နှင့်မူ ယမန်နှစ်နိုဝင်ဘာက ယာယီ အပစ်ရပ်ထားကြသော်လည်း စစ်ရေးတင်းမာနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)