မကွေးတိုင်း မြိုင်မြို့နယ်တွင် ရေနံမြေကို ဦးတည်ပြီး နယ်မြေလှည့်စစ်ကြောင်း စစ်ကြောင်းထိုးစဉ် အရပ်သား နှစ်ဒါဇင် ထက်မနည်း သတ်ဖြတ်ခံရပြီး နေအိမ် ၃၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
ပခုက္ကူအခြေစိုက်တပ်မ (၁၀၁) မှ ထွက်လာသည့် အင်အားရာနှင့်ချီရှိသော ထိုစစ်ကြောင်းသည် ပခုက္ကူ၊ မြိုင်နှင့် ပေါက် သုံးမြို့နယ်စပ်မှ ကျေးရွာများကို ယခုနှစ် မေလဆန်းမှစ၍ လက်ရှိအချိန်ထိ စစ်ကြောင်း ထိုးနေရာ ဒေသတွင်းတော်လှန်ရေးအင်အားစုများက “အညာတမာ စစ်ဆင်ရေး” အမည်ဖြင့် စုပေါင်းတိုက်ခိုက်နေကြသည်။
စစ်တပ်သည် မြေပြင်စစ်ကြောင်းသာမက လေကြောင်းမှလည်း အပြင်းအထန် တိုက်ခိုက်၍ ရှေ့ဆက်တိုးလာခဲ့ရာ သုံးလကျော်အကြာတွင် ဝဲလ်တူး (Well 2) ရေနံမြေအထိ ရောက်ရှိလာသည်။
“ပခုက္ကူ (၁၀) စထွက်လာတာကတည်းက ကျွန်တော်တို့က အားလုံးစုဖွဲ့ပြီးတော့ တိုက်ခိုက်နေတာ လက်ရှိ အချိန်ထိဖြစ်ပါတယ်။ ဗုံးအလုံးရေ ထောင်နဲ့ချီပြီးတော့ကို လေကြောင်းကနေ တိုက်ခိုက်ထားတာ ရှိပါတယ်။ လေယာဉ်၊ ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာ၊ MI 35 လေကြောင်းတိုက်ခိုက်မှုမျိုးစုံနဲ့ကို တိုက်ခိုက်ခဲ့တာရှိတယ်။ မြိုင်မြို့နယ်တောင်စုံရွာထဲကို စစ်ကြောင်းက ရောက်ရှိလာပါတယ်။ အဓိကတော့ ပေါက်နဲ့မြိုင် ရေနံမှော်အစပ် Well 2 ဘက်ကို ဦးတည်နေပါတယ်”ဟု “အညာတမာ စစ်ဆင်ရေး” ၏ ပြောရေးဆိုခွင့်ရှိသူ ကိုပြည့်ဖြိုးကျော်က ပြောသည်။
မြိုင်နှင့်ပေါက်မြို့နယ်ရှိ ကျောက်ခွက်၊ လက်ပံတိုစသည့် ကုန်းတွင်းရေနံလုပ်ကွက်များတွင် နေရာယူထားသည့် စစ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခြင်း၊ ဝိုင်းပတ် ပိတ်ဆို့ခြင်းများ ပြုလုပ်၍ ထိန်းချုပ်ထားနိုင်ခဲ့သည်။
အဆိုပါရေနံလုပ်ကွက်များမှာ တော်လှန်ရေးအင်အားစု များအတွက် ဘဏ္ဍာငွေရရှိသည့် အရင်းအမြစ် ဖြစ်သည့်အတွက် ရေနံမှော်ဒေသကို စီးနင်းပြီး မြေလှန်မီးရှို့ဖျက်ဆီးရန် စစ်တပ်ထောက်ခံသည့် ဝါဒဖြန့်သူများက လှုံ့ဆော်ခဲ့ကြသည်။

စစ်တပ်စစ်ကြောင်းထိုးနေစဉ်အတွင်းမြိုင်နှင့်ပေါက်မြို့နယ်မှ ကွန်လပ်၊ ဘောတုံ၊ ထောက်ရှာပင်၊ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ စသည့်ကျေးရွာတို့တွင် စစ်ဘေးရှောင် ဖမ်းဆီးသတ်ဖြတ်ခံရပြီး၊ အများစုမှာ သက်ကြီးပိုင်းများ ဖြစ်ကြောင်း ဒေသတွင်း စစ်ရှောင်အရေးကူညီနေသူများထံက သိရသည်။
စစ်ကြောင်းဝင်နေသည့် နှစ်လအတွင်း အရပ်သားပြည်သူ ၂၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၃၃၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း စစ်မြေပြင် တိုက်ခိုက်ရေးရဲဘော်များထံက သိရသည်။
ပေါက်မြို့နယ် ထောက်ရှာပင်၊မြိုင်မြို့နယ် လက်ခုပ်ပင်၊ ကန်နက်၊ ညောင်ကုန်း၊ ကိုင်းတောမ၊ ကွန်လပ်၊ ဘောတုံ၊ ကိုင်းရိုး၊ ဂျုတ်ကုန်း၊ သင်းမနှင့် ဘောင့်ဘင်၊ ယာကြီးပြင် ကျေးရွာတို့မှ နေအိမ်သုံးရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အနက် ဘောင့်ဘင်၊ ထောက်ရှာပင်နှင့် သင်းမတို့မှာ ပျက်စီးမှုအများဆုံးဖြစ်ကြောင်း စစ်ဆင်ရေးတွင်ပါဝင်သည့် အညာမြေတပ်ပေါင်းစုက ထုတ်ပြန်သည်။
အရပ်သားများသတ်ဖြတ်ခံရမှု၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် အခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် စစ်တပ်၏ မကွေးတိုင်းပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဆန်းညွန့်အောင်ကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။
ထိုစစ်ကြောင်းကို ခုခံနေသည့် “အညာတမာ”စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်မှ အထိနာပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထိုစစ်ဆင်ရေးတွင်ပါဝင်သည့် အဖွဲ့များက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။ ထို့အပြင် ဘက်ပြောင်းလာသည့် ပြည်သူ့စစ် လေးဦးကိုလည်း နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးပြီးဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
“ အညာတမာစစ်ဆင်ရေး” တွင် NUG လက်အောက်ခံ မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်းများ၊ ပခုက္ကူခရိုင်၊ ပေါက်၊ မြိုင်၊ ရေစကြို၊ ပုလဲ မြို့နယ်များမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများသာမက မကွေးပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြောက်ပိုင်းကျောင်းသားတပ် (ABSDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) နှင့် အညာမြေတပ်ပေါင်းစု စသည့်ဒေသတွင်းတော်လှန်ရေးအအဖွဲ့များက စုပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။
ယခုလဆန်းပိုင်းတွင် တပတ်ကျော်ကြာ စစ်တပ်အထိုင်ချခဲ့သည့် အိမ်ခြေ ၁၀၀ ကျော်ရှိ ယာကြီးပြင်ရွာတွင် နေ့စဉ်ရက်ဆက် မီးရှို့မှုများ ပြုလုပ်ခဲ့ပြီး သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးလည်း သတ်ဖြတ်ခံရကြောင်း ဒေသခံတို့က ဆိုသည်။
”ဘုန်းကြီးကျောင်းမှာ အထိုင်ချ ကင်းယူတယ်။ ခေါက်ဆွဲတွေ ချက်ပြုတ်စားသောက်ပြီး အကုန်လုံး ဖွမွှေနှောက်ပြီး ဖျက်ဆီးသွားတယ်။ အိမ်တွေကို သေချာမီးရှို့ဖို့ ရေနံစိမ်းစိမ်ထားတဲ့ တုတ်တံတွေ တွေ့တယ်” ဟု ယာကြီးပြင်ကျေးရွာအခြေအနေ တွေ့ရှိခဲ့ရသူ တော်လှန်ရေးရဲဘော် အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်ဝင်သွားသော မှန်ရင်းရွာတွင် ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်နိုင်သော မသန်စွမ်းအမျိုးသားတစ်ဦးကို ထိပ်တုံးခတ်ထားခဲ့သည် တွေ့ရှိရသဖြင့် ပေါက်၊မြိုင် ကာကွယ်ရေးအဖွဲ့တို့က ကယ်ထုတ်ထားရသည် ဟု သိရသည်။
ရေနံမှော်အနီးရှိ ယာကြီးပြင်၊ မှန်ရင်း အနီးဝန်းကျင်ကျေးရွာများကိုလည်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသည်။
မြေပြင်စစ်ကြောင်းဖြင့် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများလုပ်နေသည့် အထက်ပါ စစ်တပ် စစ်ကြောင်းကြောင့် မြိုင်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ သောင်းနှင့်ချီသည်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ယခု ပြန်ဝင်လာသည့် စစ်ကြောင်းသည် သက်ကြီးရွယ်အိုများ၊ စိတ်ကျန်းမာရေး မကောင်းသူများပါ မချန် ဖမ်းဆီးသတ်ဖြတ်နေသည့်အတွက် ပြည်သူ လူထုအနေဖြင့် စစ်တပ် စစ်ကြောင်းနှင့် ဘေးလွတ်ရာ ရှောင်ရှားကြရန် တော်လှန်ရေးအင်အားစုများနှင့် စစ်ရှောင်အရေးကူညီသူများက တိုက်တွန်းထားသည်။
“ငါတို့သည်နိုင်ငံရေးလုပ်တဲ့သူတွေမဟုတ်ဘူး၊ ဒီစစ်ကြောင်းကငါတို့ဘာမှမလုပ်ဘူး ဆိုတဲ့ယူဆတွေတော့ ထားလို့မရဘူးဗျ။ အခုအချိန်ထိ စစ်ကြောင်းဖြတ်သွားတဲ့ရွာ တွေမှာ ဖမ်းဆီးခံရတာမှာ လွတ်လာ တဲ့ သူက ရှားရှားပါးပါးပဲ။ ကျန်တဲ့သူတွေကတော့ အသတ်ခံရတာတွေချည်းပဲ။ သတ်တယ်ဆိုတဲ့ နေရာမှာလည်း သူကပြည်သူကိုပဲအကြောက်တရားသွင်းတာလား ဘာလားမသိဘူးဗျ။အမျိုးမျိုး နှိပ်စက်သတ်တာတွေ တွေ့ရတယ်။…တွေ့သမျှလူကိုဖမ်းဆီးပြီးသတ်တယ်ဆိုတဲ့ အနေထားမျိုးကို တွေ့နေရတာဖြစ် တဲ့အတွက် ဘယ်လိုနည်းနဲ့မှစစ်ကြောင်းနဲ့တွေ့ခံလို့မဖြစ်ပါဘူး”ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသော အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူ ဆရာထွေးက ပြောသည်။
၎င်းတို့၏ လက်နက်စက်ရုံထက်ဝက်ကျော်ရှိရာ မကွေးတိုင်းတွင် စစ်ရေး ဖိအားပေးနေသည့် စစ်တပ်က ဆက်သွယ်ရေးအရအချက်အချာကျသည့် မြိုင်နှင့်ပေါက်နယ်ကို စစ်ကြောင်းထိုးရုံသာမက ယောဒေသ ဆောမြို့နယ်ဘက်မှတဆင့် ချင်းပြည်တောင်ပိုင်းသို့ထိုးဖောက်ရန် မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်နေသည်။
မကွေးတိုင်းဘက်မှတဆင့် ချင်းပြည်နယ်၊ မင်းတပ်နှင့် ကန်ပက်လက်ကို မေလကတည်းက ထိုးစစ်ဆင်နေသည့် မြေပြင်စစ်ကြောင်းကို ချင်းတော်လှန်ရေးအင်အားစုများက ဟန့်တားထားနိုင်ပြီးနောက် ဇူလိုင်လ အတွင်း ဆောဘက်မှတဆင့် ထပ်မံအင်အားဖြည့်တင်းရန် ကြိုးပမ်းနေရာ တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲပြင်းထန်နေသည်။
မြေပြန့်အညာဒေသနှင့် ချင်းတောင်တန်းကို ချိတ်ဆက်ထားသည့် မြိုင်၊ ပေါက်၊ ယောဒေသတို့ကို ထိန်းချုပ်နိုင်ရေးမှာ စစ်တပ်ရော တော်လှန်ရေးအင်အားစုများအတွက်ပါ ဆက်သွယ်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးအတွက် အချက်အချာကျသည့် ဒေသဖြစ်သည်။



