သတင်း

စစ်ကောင်စီ ရန်ရှာနေ၍ ဂန့်ဂေါမှ တောင်ခင်ရန်းရွာခံများ ထွက်ပြေးနေရ

(သတင်းတွင် စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာတချို့ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ တောင်ခင်ရန်းရွာတွင် ရဲစခန်း တိုက်ခိုက်ခံရ၊ အရာခံဗိုလ်တစ်ဦး သတ်ဖြတ်ခံရပြီးနောက် ရွာကို စစ်ကောင်စီက ရန်ရှာနေရာ ဒေသခံများ တိမ်းရှောင်နေရသည်။

စစ်ကောင်စီနှင့် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားအဖွဲ့ (ပျူစောထီး) တို့ ပူးပေါင်းလုံခြုံရေးယူထားသည့် တောင်ခင်ရန်းရွာတွင် မေ ၁၁ ရက်နေ့က အရာခံဗိုလ် အသတ်ခံရသလို ထိုလ ၂၅ ရက်တွင် ရွာရှိ နယ်မြေရဲစခန်းကို တော်လှန်ရေးအဖွဲ့များ ပေါင်း၍ တိုက်ခိုက်သည်။

ထိုဖြစ်စဉ်များအပြီးတွင် ဂန့်ဂေါမြို့ မြောက်ဘက် မိုင် ၄၀ ခန့်အကွာ ကလေး – ဂန့်ဂေါလမ်းဘေး အိမ်ခြေ ၉၀၀ ကျော်၊ လူဦးရေ ၄၀၀၀ နီးပါး နေထိုင်သည့် တောင်ခင်ရန်းရွာတွင် စစ်ကောင်စီက သတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရသည်။

“နေ့ရောညပါ ဖမ်း၊ သတ်ဖြတ်နေတာတွေကြောင့် မနေရဲတော့လို့ ပြေးလာရတာပါ။ ပျူစောထီး (အဖွဲ့ဝင်ဖို့) စည်းရုံးလို့ မရတော့ (သူတို့ကို ပြန်ပြီး) ပြောတဲ့ဆိုတဲ့သူတွေကို ဖမ်းသတ်၊ အဲဒီလိုတွေ လုပ်နေတာ” ဟု မေလဆန်းမှစ၍ တိမ်းရှောင်နေရသည့် တောင်ခင်ရန်းရွာခံ အမျိုးသားက ပြောသည်။

အရာခံဗိုလ် သတ်ဖြတ်ခံရပြီး နောက်တစ်ရက် (မေ ၁၂) တွင် အသက် ၂၀ အရွယ် ကိုနားနီးဆိုသူကို စစ်ကောင်စီက ဖမ်းသွားပြီး အလောင်းကို မြစ်သာမြစ်ထဲသို့ စွန့်ပစ်ခဲ့၍ ဒေသခံတို့ ပြန်လည်ဆယ်ယူခဲ့ရသည်။

“နားထင်ကို သေနတ်နဲ့ တေ့ပစ်သွားတယ်။ ရိုက်နှက်စစ်ဆေးပြီးတော့ မြစ်စပ်ကို အဝတ်နဲ့ အုပ်ပြီး ဆွဲခေါ်သွားပြီးတော့ ပစ်သတ်ပြီး မြစ်ထဲ မျှောခဲ့တာ” ဟု အသက် ၄၀ ကျော်အရွယ် ရွာခံ အမျိုးသားက ပြောသည်။

ထို့နောက်တွင် စစ်ကောင်စီက အမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးခဲ့ရာ ကျပ်သိန်း ၄၀ ခန့် တန်ဖိုးရှိ ပစ္စည်းများဖြင့် ရွေးယူခဲ့ရကြောင်း၊ အသက် ၄၀ အရွယ် ဦးသက်နောင် ဖမ်းခံရပြီးနောက် ခေါင်းတခြား၊ ကိုယ်တခြား အလောင်းကိုသာ ပြန်လည်ရှာဖွေ့တွေ့ရှိကြောင်း အထက်ပါ သတင်းရင်းမြစ်တို့ထံမှ သိရသည်။

“သတ်တာက သေနတ်မသုံးဘူး။ လည်ပင်းကို ဓားနဲ့ လှီးဖြတ်တာတောင် ရိုးရိုးလေး မဟုတ်ဘူး။ လည်ပင်းနဲ့ ပခုံးအစပ်ထဲကို ဓားနဲ့ စိုက်ပြီး ရသရွေ့နှိုက်ပြီးတော့မှ လှီးဖြတ်ထားတာ။ ခေါင်းက တခြား၊ အလောင်းက တခြား လိုက်ကောက်ရတာ” ဟု အသက် ၄၀ အရွယ် ရွာခံက ဆက်ပြောသည်။

ဇွန်လ ၂ ရက်နေ့တွင် တောင်ခင်ရန်းရွာသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်၍ တောင်ခင်ရန်းရွာမှ အသက် ၅၀ အရွယ် ဦးညိုဌေးနှင့် ရွာနီးချုပ်စပ် ရွှေဘိုရွာမှ သက်လတ်ပိုင်း အမျိုးသားနှစ်ဦး သေဆုံးပြီး အခြားအမျိုးသားတစ်ဦး ဆီးခုံထိမှန်ဒဏ်ရာရသည်ဟု စုံစမ်းသိရှိရသည်။

မေလဆန်းမှစ၍ တစ်လကျော်အတွင်း တောင်ခင်ရန်းရွာနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီ လက်ချက်ဖြင့် ၅ ဦးထက်မနည်းသေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူများ ရှိနေကြောင်း အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။

လုံခြုံရေးအခြေအနေအရ အသေးစိတ်အချက်အလက်နှင့် အဖြစ်အပျက်အချို့ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာ တည်နေရာပြမြေပုံ။

စစ်ကောင်စီရန်ကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည့် တောင်ခင်ရန်းရွာခံ အိမ်ထောင်စု ၁၀၀ ကျော်အတွက် ယာယီခိုလှုံနိုင်ရန် တဲများ ဆောက်လုပ်ပေးနေရသည်ဟု ကျောင်းသားတပ်မတော် (ABSDF) ထံမှ သိရသည်။

“တောထဲတောင်ထဲက သစ်ဝါးလေးနဲ့ ရနိုင်တဲ့ အင်ဖက်လေးနဲ့ ဆောက်ပေးထားတာ” ဟု ABSDF Column (၃) ပြန်ကြားရေးတာဝန်ခံ အမျိုးသားက ပြောသည်။

အခြားတောင်ခင်ရန်းရွာခံများမှာ နီးစပ်ရာဆွေမျိုးများထံတွင် ခိုလှုံ၊ သင့်တော်ရာနေရာများတွင် ယာယီနေထိုင်သည့် နည်းလမ်းများဖြင့် နေရေးထိုင်ရေးကို ဖြေရှင်းနေရကြောင်း အစားအစာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

နယ်နိမိတ်ဆက်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်တို့သည် လွန်ခဲ့သော နှစ်နှစ်ကျော် စစ်တပ်က အာဏာသိမ်းပြီးနောက် ရရာလက်နက်ဖြင့် အစောဆုံး ခုခံတွန်းလှန်သည့် ဒေသများဖြစ်ပြီး တော်လှန်ရေးအဖွဲ့များ အားကောင်းသည်။

“(စစ်တပ်) က ရွာရယ်၊ မြို့ရယ်ပဲ ကောင်းကောင်းပိုင်တာ။ အဲဒီဟာ အပြင်ကို သိပ်မထွက်ဘူး” ဟု ABSDF Column (၃) ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ကလေးမြို့နယ်တောင်ပိုင်းနှင့် ဂန့်ဂေါနယ်စပ်ရှိ ဟံသာဝတီ၊ ကုက္ကား၊ လယ်ကြီး (အရှေ့)၊ လယ်ကြီး (အနောက်)၊ မြောက်ခင်ရန်းရွာတို့တွင် ပျူစောထီးအဖွဲ့များ အားကောင်းသည်။ ထိုကျေးရွာများမှာ တောင်ခင်ရန်းရွာအနီးတစ်ဝိုက်တွင် ရှိသည်။

တောင်ခင်ရန်းရွာကို အနီးအနားရှိ ပျူစောထီးရွာများကဲ့သို့ ဖြစ်လာစေရန် စည်းရုံး၍ မရသဖြင့် စစ်ကောင်စီက ခြိမ်းခြောက်ဖိအားပေးသည့် နည်းလမ်းကို အသုံးပြုလာခြင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။

“သံခင်းတမန်ခင်းနဲ့ ပြည်သူ့စစ် ပျူစောထီးဖွဲ့ဖို့ လုံးဝစည်းရုံးသိမ်းသွင်းလို့မရဘူး။ ဝင်သွားတဲ့သူ ဒါပေမဲ့ လက် ၁၀ ချောင်းမပြည့်ဘူး။ အဲ့ဒီအနေအထားမျိုးမှာ သူတို့ရဲ့ရည်မှန်းချက်တွေ မအောင်မြင်တော့ တစ်ဆင့်တက်ပြီးတော့ အကြောက်တရားရိုက်သွင်းတဲ့အနေအထားမျိုးနဲ့ ဆွဲတယ် (ဖမ်းတယ်)။ အဲ့ဒီလိုမျိုးနဲ့ ရွာကို ကစဉ့်ကလျားဖြစ်အောင် ဖန်တီးပြီးတော့ အဲ့လိုဖြစ်ရင် ရိက္ခာပိုင်းတွေကို လိုသလို ဆွဲသုံးမယ်။ မထင်ရင်မထင်သလို လုပ်ချင်လို့” ဟု အထက်ပါ အသက် ၄၀ အရွယ် ရွာခံက ပြောသည်။

စစ်ကောင်စီရန်ကြောင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာ တိမ်းရှောင်လာသူအချို့ ယာယီနေထိုင်ရန် ဆောက်လုပ်နေသည့် တဲတစ်လုံး။ ဓာတ်ပုံ – ကျောင်းသားတပ်မတော် (ABSDF)

နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်မှုနှင့် ရင်ဆိုင်နေရ၍ စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီသည် ကျယ်ပြန့်လာသော ခုခံမှုများကို ရင်ဆိုင်ရန် ပျူစောထီးအဖွဲ့များကို ထူထောင်ထားပြီး ထိုအဖွဲ့တို့၏ လှုပ်ရှားမှုများကို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် အထင်အရှားတွေ့ရသည်။

စစ်ကောင်စီက စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့များမှာ စစ်ကြောင်းများနှင့်အတူ ရွာစဉ်လှည့် စစ်ကြောင်းထိုး၊ မီးရှို့ကာ အထိုင်ချ တပ်စွဲနေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်း ပဋိပက္ခများကြောင့် လူဦးရေ ၁.၅ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မေလဆန်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button