အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆောမြို့နယ်တွင် ရွာထဲ လက်နက်ကြီးကျည်ကျ၊ ၃ ဦး သေဆုံး

ချင်းနှင့် မကွေးကြား ဆောမြို့တွင် တိုက်ပွဲမရှိဘဲ ရွာတစ်ရွာ ပစ်ခတ်ခံရစဉ် ဒေသခံ ၃ ဦး သေဆုံးသွားသည်။ ၅ နှစ်သားတစ်ဦး ထိုသို့ တိုက်ခိုက်ခံရပြီး ရက်ပိုင်းအတွင် ဤဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မကွေးတိုင်း၊ ဆောမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုများကြောင့် ၃ ရက်အတွင်း အရပ်သား ၅ ဦးထက်မနည်း သေဆုံးသွားသည်။

မတ် ၉ ရက်နေ့တွင် ဆောမြို့နယ် ကျောက်ထုမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်က ညနေ ၄ နာရီခန့်တွင် မြို့အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာတွင်ရှိသည့် ငလွန်းရွာထဲသို့ ပစ်ခတ်ခဲ့ရာ ရွာထဲမှ ၅၂ နှစ်အရွယ် ဦးဆန်းဝင်း၊ ၂၄ နှစ်အရွယ် သမီးဖြစ်သူ မသဲသဲမာ၊ ၄၈ နှစ်အရွယ် ဦးဆန်းဝင်းတို့ သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြရာ ထိုနေ့တွင်ပင် သင်္ဂြိုဟ်ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ပြောသည်။

မတ်လ ၇ ရက်နေ့ကလည်း ထိုသို့ပစ်ခတ်ခြင်းကြောင့် ငါးနှစ်သား တစ်ဦး၊ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့သေးသည်။

ထိုပစ်ခတ်မှုများ၊ ရွာသား ၅ ဦး သေဆုံးမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

မကွေးတိုင်းနှင့် ချင်းပြည်နယ်ကြားတွင် တည်ရှိသော ဆောမြို့နယ်တွင် စစ်တပ်က မြေပြင်စစ်ပွဲမရှိဘဲ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေပြီး ကျေးရွာများအတွင်းသို့လည်း ရုတ်တရက်စီးနင်းတိုက်ခိုက်တတ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုဒေသတွင် ချင်းကာကွယ်ရေးတပ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ဒေသခံကာကွယ်ရေးတပ်များက အာဏာသိမ်းတပ်ကို ခုခံနေကြသည်။

အရပ်သားများကို ပစ်ခတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မတ် ၉ ရက်နေ့ ညနေပိုင်းတွင် ကျောက်ထုမြို့ထဲသို့ ပြန်ဝင်သွားပြီးနောက် ယမန်နေ့ ညပိုင်းကလည်း မြေပြင်တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့် ကျောက်ထုမြို့၊ ကြန်တောရွာ တည်နေရာပြ မြေပုံ။

ထို့ပြင် ဆောမြို့နယ်အတွင်းရှိ ပခုက္ကူ-ကျောက်ထု လမ်းပိုင်းကိုလည်း မတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံ မှသိရသည်။

တော်လှန်ရေးအဖွဲ့များ၏ စစ်ရေးပြင်ဆင်မှုများ ရှိနေသည်ဟု ယူဆချက်ကြောင့် စစ်တပ်ဘက်က ဆောမြို့နယ်တွင် တစ်ကျော့ပြန် စစ်ရေးလှုပ်ရှားနေခြင်းဖြစ်နိုင်သည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဒေါက်တာကြည်စိုးထွန်းက မှတ်ချက်ပြုသည်။

“ပွင့်လင်းရာသီဖြစ်နေတော့ ဒီဘက်က စစ်ရေးပြင်ဆင်မှုတွေရှိတယ်လို့ ယူဆပြီးတော့ တိုက်ခိုက်နေတယ်လို့ ယူဆတယ်။ လက်နက်ကြီးတွေပစ်၊ ပြည်သူတွေ ကစဉ့်ကလျားဖြစ်ရင် ကျွန်တော်တို့ဘက်က လှုပ်ရှားရတဲ့နေရာမှာ ဆက်တိုက်ကိုလည်း လုပ်ရသလို၊ (စစ်တပ်က) ပြည်သူတွေ အခက်တွေ့အောင်၊ အကျပ်တွေ့အောင် လုပ်တယ်လို့ ယူဆတာပေါ့” ဟု ဒေါက်တာကြည်စိုးထွန်းက ပြောသည်။

ဆောမြို့နယ်တွင် ကျေးရွာ ၅ ရွာခန့်မှ လူဦးရေ ၄၀၀၀ နီးပါး စစ်ဘေးရှောင်နေရကြောင်း ဆောမြို့နယ်ပအဖထံမှ သိရသည်။ 

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မတ် ၅ ရက်နေ့ ထုတ်ပြန်သည့် အချက်အလက်များအရ နိုင်ငံတစ်ဝန်း လူဦးရေ ၂.၇ သန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button