သတင်း

ကျောက်ထုမြို့တွင် လက်နက်ကြီးကြောင့် ငါးနှစ်သားနှင့် ဆရာမတစ်ဦး သေဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း အမြောက်ပစ်ခတ်မှုကြောင့် စစ်ရှောင်နေသော ကလေးတစ်ဦး၊ ချောင်းထဲ ရေချိုးနေသော အမျိုးသမီးတစ်ဦး သေဆုံးသွားသည်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့တွင် ယမန်နေ့ (မတ် ၇) နေ့လယ်ပိုင်းက လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ ပုန်းကွယ်နေသည့် ငါးနှစ်သား ကလေးတစ်ဦး၊ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြသည်။

ကျောက်ထုမြို့ရှိ အမြောက်တပ်က ၈ ကြိမ်ထက်မနည်း ပစ်ခတ်ရာ ထိုတပ်မှ ၃ မိုင်ခန့်အကွာရှိ ကြန်တောရွာနှင့်အနီး ကျည် ၄ လုံးခန့် ကျရောက် ပေါက်ကွဲခဲ့သည်။

ထိုရွာတွင် အသက် ၅ နှစ်အရွယ် မောင်အာကာဘုန်းခန့်မှာ ရင်ဘတ်ဖောက်ထွက်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည်၊  အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် အသက် ၃၀အရွယ် ဆရာမ ဒေါ်ဝင်းဝင်းခိုင်မှာ ပေါင်နှင့် ဆီးခုံတွင် ရှိခဲ့သောဒဏ်ရာများ ဆေးကုသနေစဉ် သေဆုံးသွားသည်ဟု သိရသည်။

“အမျိုးသမီးက ချောင်းထဲမှာ ရေချိုးနေတာ။ ချောင်းထဲကို ကျတာဆိုတော့လေ။ ကလေးလေးကတော့ ရွာထဲမှာ ကျတဲ့နေရာမှာ ပုန်းနေတဲ့နေရာမှာကို ထိသွားတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ရွာခံများကို ကိုးကားပြောသည်။

ကျောက်ထုအမြောက်တပ်က အနီးဝန်းကျင်ရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည့်အတွက် တိမ်းရှောင်ခဲ့ကြပြီး ပြီးခဲ့သည့်ရက်ပိုင်းက မောင်အာကာဘုန်းခန့်တို့ မိသားစုသည် ဇာတိရွာသို့ ရောက်နေချိန်တွင် ထိုကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်သည်။

“သူတို့ရွာကို ခဏပြန်လာတဲ့အချိန်မှာ ဖြစ်တာ။ ကလေးက ဆော့နေရာကနေ လက်နက်ကြီးသံ ကြားတော့ ပြေးပြီးမှ ပုန်းလိုက်တာ။ ပုန်းတဲ့နေရာနားမှာ သွားကျတာ။ ရွာထဲမှာ သွားဆော့နေတဲ့ အချိန်။ ကျန်တဲ့ကလေးတွေက မထိဘူး။ အဲ့ဒီကလေးတစ်ယောက်ပဲ ထိတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ကျောက်ထုမြို့တွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား ယမန်နေ့က မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေပြီး တော်လှန်ရေးအင်အားစုများ အားကောင်းသော ယောဒေသ ကျောက်ထုမြို့တွင် ယခုနှစ်အတွင်း မြေပြင်စစ်ကြောင်း နည်းသွားသော်လည်း အမြောက်တပ်က ကျေးရွာများဘက်ကို ပစ်ခတ်လေ့ရှိသည်ဟု သိရသည်။

စစ်တပ်၏လက်နက်ကြီးရန်ကြောင့် ကျောက်ထုမြို့ပတ်ချာလည်မှ ကြန်တော၊ ရင့်ရဲ၊ ယောနှင့် ကံကြီး စသည့် ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာ တိမ်းရှောင်နေရလေ့ရှိသည်။

“တစ်အိမ်တလေကတော့ (ပုန်းခိုကျင်း) တူးကြတယ်။ တချို့ကတော့ မတူးကြဘူး။ လက်နက်ကြီး ခဏခဏ ထုကတည်းက စစ်ရှောင်စခန်းဆောက်ထားကြတယ်၊ လုံခြုံတဲ့နေရာမှာ၊ အဲ့ဒီနေရာမှာ သွားနေကြတော့တာ။ ရွာထဲမှာ သိပ်မနေကြတော့ဘူး”ဟု အထက်ပါ ဆောဒေသခံအမျိုးသမီးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကလေးငယ် ၅၀၀ နီးပါး သေဆုံးခဲ့ပြီး အများစုမှာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ထုတ်ဖော်ပြောထားသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) က တိုက်ပွဲများကြောင့် နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၂ ဒသမ ၇ သန်းကျော် ထွက်ပြေးနေကြရဆဲ ဖြစ်ကြောင်း မတ် ၆ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့် ကျောက်ထုမြို့၊ ကြန်တောရွာ တည်နေရာပြ မြေပုံ။

Show More

Related Articles

Back to top button