သတင်း

ရေစကြိုတွင် စစ်သားများလိုက်ပါသည့် ကားတစ်စီး ဝိုင်းဝန်းပစ်ခတ်ခံရ

မြို့ပေါ်တွင် စိုးမိုးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒေသအနှံ့တွင် ပစ်မှတ်ထားခံနေရချိန်တွင် မကွေးတိုင်း၊ ရေစကြိုမြို့မှ စစ်သားများ အရပ်သုံးကားဖြင့် သွားလာနေစဉ် တိုက်ခိုက်ခံလိုက်ရသည်။

မကွေးတိုင်း ရေစကြိုမြို့အနီးရှိ စစ်တပ်စခန်းမှ အရပ်ဘက်သုံးမော်တော်ကားဖြင့် ထွက်လာသည့် စစ်သားများကို ယမန်နေ့ (ဧပြီ ၂) က စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

နံနက် ၁၁ နာရီခန့်က ရေစကြိုမြို့ အနောက်ဘက်တစ်မိုင်အကွာ ခြေလျင်တပ်ရင်း (၂၅၈ ) အတွင်းမှ စစ်သားများ အိမ်စီးကားဖြင့် ရေစကြိုမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ပြန်လာစဉ် PDF များက မြို့အဝင်တွင် စောင့်ကြိုပစ်ခတ်ခြင်းဖြစ်သည်။

ကားပေါ်ပါလာသည့် စစ်သားတချို့သေဆုံးသည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော်ဝေကြီးက ပြောသည်။

“သူတို့လာမှာကို စောင့်ပြီး ပစ်ခတ်တာ၊ ကားပေါ်မှာတင် ၃ ယောက်က သေတယ်၊ ၂ ကောင်ကတော့ ထွက်ပြေးတယ်၊ ရဲစခန်းနဲ့လည်း မီတာ ၂၀၀ လောက် ဝေးတာ၊ ဒဏ်ရာရထားတဲ့ ၂ ယောက်ကလည်း ဆေးရုံမှာ အခြေအနေမကောင်းဘူး သိရတယ်” ဟု ကိုဝေကြီးက ဆိုသည်။

သေဆုံး၊ ဒဏ်ရာရမှု အရေအတွက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် မရသေးပေ။

ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် အိမ်သုံး Alphard ကား တစ်စီးကို အရပ်ဝတ် လက်နက်ကိုင် ၁၀ ဦးခန့်က မောင်းပြန်ရိုင်ဖယ်များနှင့် ဝိုင်းဝန်း ပစ်ခတ်နေသည်ကို တွေ့မြင်ရသည်။

လမ်းဘေးသို့ ရောက်နေသော မော်တော်ယာဉ်ကို ဦးတည် ပစ်ခတ်နေကြသည့် မှတ်တမ်းရုပ်သံဖြစ်သည်။ ပစ်ခတ်မှုဖြစ်သည့်နေရာ အနီးဝန်းကျင်တွင် အဆောက်အအုံများ မရှိပေ။

ပြန်လည် ဆုတ်ခွာကြစဉ် လက်နက်ကိုင်တစ်ဦးက ကျောက်တုံးဖြင့် ကားရှေ့မှန်ကို ပစ်ပေါက်ခဲ့ကြောင်း တွေ့ရသည်။

မိနစ်ပိုင်းသာ ကြာမြင့်သည့် အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကာင်စီတပ်သားများထံမှ MA 4 သေနတ်တစ်လက်၊ MA1 သေနတ် တစ်လက်၊ ၄၀ မမ ဗုံးသီး ၃ လုံးနှင့် ဆက်စပ်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသော သေနတ်နှစ်လက်နှင့် ခဲယမ်းများ ။ (ဓာတ်ပုံ-ပေးပို့)

ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပခုက္ကူခရိုင် အမှတ် (၉) တပ်ရင်းနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်သည့်နေရာသည် ရဲစခန်းနှင့် မနီးမဝေးတွင်ရှိသော်လည်း ရဲများ ချက်ချင်း ထွက်မလာကြောင်း ရဲဘော်ဝေကြီးက ပြောသည်။

“စစ်ကူတော့ မလာဘူး၊ သူတို့ မထွက်ရဲဘူးရယ်၊ ဒီဘက်က ပစ်ခတ်မှုဖြစ်တဲ့အချိန် ရဲစခန်းထဲကနေ သေနတ်တွေ ထောင်ဖောက်နေတာ၊ ရဲစခန်းနဲ့က မီတာ ၂၀၀ လောက် ဝေးတာ၊ အလောင်းတွေ ကားတွေ ချက်ချင်းလာမကောက်ရဲဘူး၊ တစ်နာရီလောက်နေမှ လာကောက်တာ” ဟု ရဲဘော်ဝေကြီးက ပြောသည်။

မြို့ပေါ်တွင် နေရာယူစိုးမိုးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုက ဒေသအနှံ့တွင် ပြောက်ကျား တိုက်ခိုက်နေကြသည်။

ယ​မန်နှစ် ဖော်ဖော်ဝါရီနှင့် ဩဂုတ်လတွင်လည်း ကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေစကြိုမြို့နယ် ကာကွယ်ရေးအဖွဲ့များက ချုံခိုတိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ၁၃ ဦး သေဆုံးခဲ့သည်။

ဧပြီ ၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်အတွင်း ရှိနေသော ရဲတပ်ကြပ်တစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ကို ပစ်ခတ်ခဲ့သည်။

မတ်လအတွင်း မြို့ပေါ်ပြောက်ကျားတိုက်ခိုက်မှုကြောင့် မန္တလေးနှင့် စစ်ကိုင်း နှစ်မြို့နယ်တည်းမှာပင် စစ်သား၊ ရဲ၊ ပျူစောထီး၊ သတင်းပေးဟု ယူဆရသူတချို့အပါအဝင် ၁၆ ဦးထက်မနည်း သေဆုံးသွားသည်ဟု တော်လှန်ရေးအင်အားစုထံမှ သိရသည်။

နိုင်ငံအနှံ့လူငယ်များကို စစ်တပ်ထဲ အတင်းအကျပ် ပို့ဆောင်ခြင်း၊ စည်းရုံးဆော်သြခြင်းများကို ကွင်းဆင်း ဆောင်ရွက်နေသည့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုလည်း အဆက်မပြတ် ပေါ်ပေါက်နေပြီး ထိုဖြစ်ရပ်များကို  စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြနေကြသည်။

Show More

Related Articles

Back to top button