
ယနေ့ (သြဂုတ် ၂၅) နံနက်ပိုင်းက မကွေးတိုင်း ရေစကြိုမြို့နယ်တွင် တော်လှန်ရေးအဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
စစ်တပ်က လက်နက်ပေးထားသည့် အရပ်သားလက်နက်ကိုင် ပျူစောထီးအဖွဲ့၏ လှုပ်ရှားမှုအကြောင်း ကြိုတင်သတင်းရ၍ ပခုက္ကူ-ရေစကြို ကားလမ်းပေါ်တွင် ချုံခိုတိုက်ခိုက်ခဲ့ရာ အိမ်စီးကားဖြင့် သွားလာသည့် ပျူစောထီး ၆ ဦးလုံး သေဆုံးကာ သေနတ် ၆ လက်လည်း သိမ်းဆည်းရမိသည်ဟု တော်လှန်ရေးအဖွဲ့က ဆိုသည်။
ပစ်ခတ်မှုမှာ ရေစကြိုမြို့ တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ ဂွေးချိုရွာနှင့် ဆင်ချောင်းရွာကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပျူစောထီး ၆ ဦးမှာ ဂွေးချိုရွာသားများဖြစ်ပြီး ၎င်းတို့ရွာ မြောက်ဘက် ၄ မိုင်ခန့်အကွာ ဆင်ချောင်းရွာသို့ ဦးတည်သွားလာနေစဉ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။
ထိုတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း အမှတ် (၉) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။
မိနစ်ပိုင်းသာ ကြာမြင့်သည့် ပစ်ခတ်မှုအတွင်း ပျူစောထီးများ လိုက်ပါလာသည့် မော်တော်ယာဉ်မှာ လုံးဝရပ်တန့်သွားခဲ့ကာ ကားပေါ်တွင် လူ ၆ ဦး သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တော်လှန်ရေးအဖွဲ့က Facebook တွင် ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။
သေဆုံးသူတို့မှာ အရပ်ဝတ်အရပ်စားနှင့် ဖြစ်ပြီး ကားပေါ်တွင် စစ်တပ်က ပျူစောထီးများကို ထုတ်ပေးလေ့ရှိသည့် ကာဘိုင်အမျိုးအစားသေနတ်တချို့ရှိနေကြောင်း အဆိုပါ ရုပ်သံဖိုင်တွင် တွေ့ရသည်။
“ပျူရွာတွေက နီးတယ်ဆိုပေမဲ့ သူတို့က ပြောင်ပြောင်တင်းတင်း မသွားရဲဘူး။ သတင်းရတာနဲ့ သွားစောင့်နေပြီး လက်ဦးမှုရယူ တိုက်လိုက်တာ။ သူတို့ထဲက တစ်ယောက်ကတော့ ပြန်ပစ်သေးတယ်။ ဒါပေမဲ့လည်း ပစ်အားမနိုင်တော့ သူလည်း သေသွားတာ” ဟု ရေစကြို ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးဆိုသူက ပြောသည်။
ပစ်ခတ်ခဲ့ပြီးနောက် ပျူစောထီးအလောင်းများနှင့် မော်တော်ယာဉ်တို့ကို လမ်းပေါ်တွင် ထားပစ်ခဲ့ကာ လက်နက်များကိုသာ သိမ်းယူခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပြီး နာရီပိုင်းအကြာတွင် အလောင်းများနှင့် မော်တော်ယာဉ်တို့ကို စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က လာရောက်ယူဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။

ဂွေးချိုရွာနှင့် ဆင်ချောင်းရွာတို့တွင် စစ်သားနှင့် ရွာခံပျူစောထီး စုစုပေါင်း အင်အား ၅၀ စီ အထိုင်ချ တပ်စွဲထားကြောင်း၊ ထိုနှစ်ရွာမှ ပျူစောထီးအဖွဲ့များက ပခုက္ကူ-ရေစကြိုကားလမ်းပေါ် သွားလာနေသည့် ပြည်သူများကို ငွေကောက်၊ ဖမ်းဆီးငွေညှစ်မှုများ လုပ်ဆောင်လေ့ရှိကြောင်း ရဲဘော်ဝေကြီးက ပြောသည်။
သေဆုံးသူတို့၏ အသေးစိတ်အချက်အလက်များ၊ အထက်ပါ စွပ်စွဲချက်များကို သီးခြားအတည်မပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း ထိုဖြစ်စဉ်နှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်။
စစ်တပ်က ပြည်သူ့စစ်ဟု သတ်မှတ်၊ စစ်ရေး၊ လုံခြုံရေး ပူးတွဲလုပ်လေ့ရှိသည့် အရပ်သားလက်နက်အဖွဲ့ကို ပျူစောထီးဟု လူသိများသည်။ ထိုအဖွဲ့လှုပ်ရှားမှုကို နိုင်ငံအလယ်ပိုင်းတွင် ထင်ရှားစွာ တွေ့ရသည်။ နိုင်ငံတစ်ဝန်း စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက အင်အားမလုံမလောက်ဖြစ်နေချိန်တွင် နိုင်ငံအလယ်ပိုင်း၌ ၎င်းတို့ကို ထောက်ခံသည့် အရပ်သားများကို လက်နက်ပေးထားခြင်းဖြစ်သည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်နေကြဆဲဖြစ်သည်။ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် နိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ဒေသများတွင်ပါ ပုန်ကန်မှုများ အရှိန်မြင့်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)