
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ချုံခိုတိုက်ခိုက်မှုတစ်ခုတွင် စစ်ကောင်စီ၏ လက်နက်ကိုင် ၇ ဦး သေဆုံးပြီး ၎င်းတို့၏ လက်နက်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပခုက္ကူခရိုင် တပ်ရင်း ၃ က ပြောသည်။
ထိုသူများမှာ ဖေဖော်ဝါရီ ၄ ညနေက ပခုက္ကူ-ရေစကြိုကားလမ်းပေါ်ရှိ ပခန်းကြီးရွာမြောက်ဘက် ၃ မိုင်ကျော်အကွာသို့ CR-V နှင့် Super Custom အမျိုးအစား ကားနှစ်စီးနှင့် ရောက်လာခြင်း ဖြစ်သည်။
“ကားနှစ်စီး လာတာ။ ကျွန်တော်တို့က ချုံခိုပစ်တာဆိုတော့ ငါးမိနစ်လောက်ပဲ ကြာတာ။ ရှေ့က မောင်းလာတဲ့ ကားကကျတော့ ဒဏ်ရာတွေနဲ့ မောင်းပြေးသွားနိုင်တယ်။ ဆင်းပြေးတဲ့သူလည်း ရှိတယ်။ နောက်ကလိုက်လာတဲ့ ကားပေါ်က ၇ ယောက်ကတော့ သေပြီးတော့ လက်နက်ရလိုက်တယ်။… သူတို့ မခုခံနိုင်ဘူး။ ပြန်မပစ်နိုင်ဘူး” ဟု ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေစကြိုမြို့နယ် ဖူလုံရွာအနီး အခြေစိုက်သည့် အမှတ် ၂၅၈ ခြေလျင်တပ်ရင်း လက်နက်ကိုင်များဖြစ်ပြီး မြို့တောင်ဘက် ၁၆ မိုင်ကျော်အကွာရှိ ဟင်္သာကျေးရွာသို့ ဦးတည်မောင်းနှင်လာစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
တိုက်ခိုက်အမှုအပြီးတွင် ထိုနေရာသို့ စစ်ကောင်စီတပ်သား အင်အား ၇၀ ကျော်ဖြင့် ရောက်သွားပြီး ရုပ်အလောင်း ၇ လောင်းကို ညတွင်းချင်း ကောက်ယူသွားကြောင်း၊ အနီးရှိ တဲ ၅ လုံးကိုလည်း မီးရှို့သွားကြောင်း သူက ဆက်ပြောသည်။

၇ ဦး သေဆုံးသွားသည့် ကားပေါ်မှ ကာဘိုင် ၆ လက်၊ MA4 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ဗုံးနှင့် ဗုံးသီးများ သိမ်းဆည်းရရှိခဲ့သည်ဟု ပခုက္ကူခရိုင် တပ်ရင်း ၃ က ယနေ့ (ဖေဖော်ဝါရီ ၇) တွင် ထုတ်ပြန်သည်။
ကာဘိုင်မှာ ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့ဝင်များ ကိုင်လေ့ရှိသော အပေါ့စားသေနတ်အမျိုးအစား ဖြစ်သည်။
တိုက်ခိုက်မှုအပြီး မှတ်တမ်းတင်ထားသော ဓာတ်ပုံများတွင် ကျည်ထိထားသော မော်တော်ယာဉ်အနီး ရုပ်အလောင်း ၁ လောင်း၊ မော်တော်ယာဉ်အတွင်း ရုပ်အလောင်း ၄ လောင်း ရှိနေသည်ကို တွေ့ရသည်။
ယာဉ်မောင်းသူထိုင်ခုံတွင် သွေးအလိမ်းလိမ်းနှင့် သေဆုံးနေသူအမျိုးသားမှာ လည်ပင်းတွင် နိုင်ငံတော်အလံပုံကို ဆေးမင်ထိုးထားသည်။ ထိုင်ခုံများ ဖြုတ်ထားသော ယာဉ်နောက်ခန်းတွင် အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများ ရှိနေသည်။
မောင်းပြေးသွားသည့် CR-V ကားပေါ်မှ ဒဏ်ရာရသူ ၃ ဦးလည်း ဆေးကုသမှုခံယူနေချိန်တွင် သေဆုံးသွားသည်ဟု သတင်းကြားရကြောင်း အထက်ပါ တပ်ရင်း ၃ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူများထဲတွင် မြို့တောင်ဘက် ၁၆ မိုင်ကျော်အကွာရှိ ဟင်္သာကျေးရွာမှ ပျူစောထီးခေါင်းဆောင် အောင်နိုင်မိုး ပါဝင်သည်၊ ရွာတွင် ကျန်ခဲ့သည့် ပျူစောထီးအဖွဲ့ဝင်များမှာ ရွာမြောက်ဘက် ၄ မိုင်ကျော် ရှိ ဆင်ချောင်းရွာ၊ တောင်ဘက် ၄ မိုင်ခန့်ရှိ ဆင်မရဲရွာတို့တွင် အခြေစိုက်သည့် ပျူစောထီးတို့ထံ သွားရောက်ပူးပေါင်းနေကြသည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)