
“ရှို့ခဲ့”
“(ရွာကိုမီးနဲ့) ရှို့ခဲ့လိုက်”
လွန်ခဲ့သည့် မေလ မြန်မာပြည်အလယ်ပိုင်းတစ်နေရာတွင် တဒိုင်းဒိုင်းနှင့် သေနတ်ပစ်ဖောက်ပြီး ရွာထဲမှ ပြန်အထွက် စစ်ကောင်စီတပ်သားတစ်ဦးက အထက်ပါအတိုင်း ဟစ်ကြွေးခဲ့ခြင်းဖြစ်သည်။
သူ၏အဖော်စစ်သားများကလည်း ရွာထဲ မည်းမည်းမြင်ရာ သေနတ်ဖြင့် ပစ်ခတ်နေပြီး နေအိမ်တချို့ကိုလည်း ဖောက်ထွင်းနေသည်။
စစ်သားတစ်ဦးက သော့ခတ်ထားသည့်အိမ်တံခါးကို ချိုးဖျက်ကာ နေအိမ်မှ အဖိုးတန်ပစ္စည်းများကို ရှာဖွေရန် ကြိုးစားခဲ့သည်။ အိမ်ထဲတွင် မည်သည့်ပစ္စည်းမျှ မတွေ့ခဲ့သည့်နောက် “ဘာမှတန်ဖိုးမရှိတဲ့အိမ်” ဟု ညည်းတွားကာ ဆဲဆိုခဲ့သည်။
ထို့နောက် “ဟိုမှာကျန်သေးတယ်” ဟု အော်ဟစ်ကာ အခြားနေအိမ်များကိုလည်း မွှေနှောက်ဖျက်ဆီးရန် ကြိုးစားပြန်သည်။
ရွာထဲမှ ပြန်အထွက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်က “အခုချိန်မှာဆိုရင်တော့ PDF ရွာကို မီးနဲ့ ရှို့လာတာဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်သားတွေပါ။ မအေ** ရွာကို မီးနဲ့ရှို့တာ အကုန်ပြာကျသွားပြီ” ဟု မီးလောင်နေသောရွာ၏ နောက်ခံကို ထားလျက် ဟစ်ကြွေးလိုက်သည်။
အဆိုပါအဖြစ်အပျက်များက မြန်မာနိုင်ငံအလယ်ပိုင်းမှ ကျေးရွာတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့စဉ် စစ်ကောင်စီတပ်သားများက ၎င်းတို့၏ စစ်ဆင်ရေးကို ဖုန်းကင်မရာဖြင့် ၎င်းတို့ကိုယ်တိုင် ပြန်လည်ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းများထဲမှဖြစ်သည်။
၂ မိနစ်ခွဲနှင့် ၄၆ စက္ကန့်ကြာသည့် အထက်ပါရုပ်သံဖိုင်နှစ်ခုသည် ယခုနှစ် မေလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ ရေစကြိုမြို့တောင်ဘက် ၁၀ မိုင်ကျော်အကွာ ပခုက္ကူ-ရေစကြို ကားလမ်းမဘေး ကျေးရွာတစ်ရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့သည့် မှတ်တမ်းများဖြစ်ကြောင်း ရေစကြိုမြို့ရှိ တော်လှန်ရေးအဖွဲ့များက အတည်ပြုသည်။
ထိုရုပ်သံမှတ်တမ်းများကို မေလ ၁၇ ရက်နေ့က ဒေသတွင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အသေဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ စမတ်ဖုန်းထဲမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။
ရုပ်သံမှတ်တမ်းထဲတွင် စစ်ကောင်စီတပ်က ရွာအမည်ကို ထုတ်မပြောထားသော်လည်း ၎င်းတို့အနေဖြင့် အခင်းဖြစ်ပွားသည့် ရွာအမည်နှင့် မေလ ၁၃ ရက်နေ့က ဖြစ်ပွားခြင်းဖြစ်ကြောင်း အတည်ပြုထားနိုင်သည်ဟု ရဲဘော်ဝေကြီးက ဆိုသည်။
“အိမ်တွေ လမ်းတွေ အနေအထားတွေက အကုန်လုံးအလွတ်ရနေတာ။ ကြည့်လိုက်တာနဲ့ ဘယ်ရွာဆိုတာ တန်းသိတယ်” ဟု ရဲဘော်ဝေကြီးက ပြောသည်။

သို့သော် ဒေသခံများ၏ လုံခြုံရေးအရ “အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ပခုက္ကူ-ရေစကြို ကားလမ်းမဘေး ကျေးရွာတစ်ရွာ” ဟုသာ ရည်ညွှန်းပါရန် Myanmar Now သတင်းဌာနကို ၎င်းက မေတ္တာရပ်ခံသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူတို့၏ ရရာလက်နက်စွဲကိုင် ခုခံမှုများကို စစ်ကောင်စီက ချေမှုန်းရာတွင် ရွာများကို မီးတင်ရှို့သည့်လုပ်ရပ်သည် ထင်ရှားသောနည်းနာတစ်ခုဖြစ်သည်။
စစ်ကိုင်းတိုင်းရှိ ရွာပေါင်းမြောက်မြားစွာ ထိုသို့မီးတင်ရှို့ခံရသည်ကို စစ်ကောင်စီတပ်များက ကျူးလွန်ကြောင်း ခိုင်မာသည့် ရုပ်သံအထောက်အထားများကို Myanmar Now က ယမန်နှစ်ကစ၍ ရရှိခဲ့သည်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နှင့် မကွေးတိုင်း၊ ရေစကြိုမြို့ရှိ ရွာများကို စစ်ကောင်စီတပ်များက မီးရှို့နေသည့် အထောက်အထားများဖြစ်သည်။
ထိုမှတ်တမ်းများကို ရိုက်ကူးခဲ့သူမှာ တော်လှန်ရေးအင်အားစုတချို့အပြင်၊ စစ်ကောင်စီတပ်သားများကိုယ်တိုင်ပင် ဖြစ်နေတော့သည်။

နယ်လှည့်မီးရှို့တပ်ကို ခြေရာခံခြင်း
ရုပ်သံမှတ်တမ်းတွင် ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်းကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပြီး ၎င်းတို့၏အမည်နှင့် ရာထူးများကို အတည်ပြုနိုင်ရန် Myanmar Now က ကြိုးစားနေသည်။
Myanmar Now က ကနဦးအတည်ပြုနိုင်သည်က ထိုစစ်သားများသည် မကွေးတိုင်း ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ရေစကြိုအခြေစိုက် အမှတ် (၂၅၇) ခြေလျင်တပ်ရင်း (ခလရ ၂၅၇) မှ စစ်သားများဖြစ်နိုင်ကြောင်း အထောက်အထားများ တွေ့ရှိရခြင်းဖြစ်သည်။
ထိုအထောက်အထားက ရွာကို မီးရှို့ပြီးပြန်အထွက် ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုတွင် ပါရှိသည့် စစ်သား၏ သေနတ်ကို အခြေခံထားသည်။ သေနတ်ဒင်တွင် “၂၅၇၊ ဌ/၁၂” ဆိုသည့် အမှတ်အသားပါရှိသည်။
ရေစကြိုအခြေစိုက် အမှတ် (၂၅၇) ခြေလျင်တပ်ရင်းသည် မကွေးတိုင်း ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်လက်အောက်တွင် ရှိပြီး ထိုတပ်မ၏အကြီးအကဲမှာ ဗိုလ်မှူးချုပ်မြင့်ဆွေဖြစ်သည်။

ရေစကြိုမြို့ တောင်ပိုင်း အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ Southern YSO PDF နှင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ရွာမီးရှို့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ခလရ ၂၅၇ ပါဝင်ကြောင်း ဆိုသည်။
ထိုတပ်အပြင် ရေစကြိုအခြေစိုက် ခလရ ၂၅၆ ၊ ခလရ ၂၅၈ နှင့် စစ်တပ်က စစ်သင်တန်းနှင့် လက်နက်ပံ့ပိုးထားသည့် ပျူစောထီး ပြည်သူ့စစ်များ ပါဝင်ကြောင်း ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရေစကြိုမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ ဖူလုံရွာ၌ အခြေစိုက်ပြီး ရွာစဉ်လှည့် စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
မေလ ဒုတိယသီတင်းပတ်တွင် အင်အား ၈၀ ကျော်ပါသည့် စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် တောင်ပိုင်းသို့ ဝင်လာခဲ့ပြီး တစ်ရွာဝင်တစ်ရွာထွက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

ထိုစစ်ကြောင်းသည် မေလ ၁၇ တွင် ဇီးတောရွာ၊ ကျောက်ထပ်ရွာ၊ သဲတောရွာတို့ကို စီးနင်းခဲ့ပြီး အနီးအနားရှိ Southern YSO PDF စခန်းလေးခုကို ဆက်လက်စီးနင်းစဉ် ဒေသတွင်းကာကွယ်ရေးအဖွဲ့များက စုပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ကြသည်။
ကာကွယ်ရေးတပ်တို့၏ ခုခံတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီးထွန်းလင်းအပါအဝင် ၃၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း Southern YSO PDF က ထုတ်ပြန်ထားသည်။
စစ်သားအလောင်း ၁၀ လောင်းနှင့် သေနတ် ၉ လက်ကို Southern YSO PDF က သိမ်းဆည်းနိုင်ခဲ့ပြီး သေဆုံးခဲ့သည့် စစ်သားတစ်ဦး၏ ဖုန်းထဲမှ ကျေးရွာများကို မီးရှို့နေသည့် ရုပ်သံမှတ်တမ်းများ ရရှိခြင်းဖြစ်ကြောင်း Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။
သေဆုံးစစ်သားများထံမှ သိမ်းဆည်းရမိသည့် ဖုန်းသုံးလုံးအနက် ဖုန်းတစ်လုံးသာ ဝင်ရောက်ကြည့်ရှုနိုင်ခဲ့ပြီး ကျန်ဖုန်းနှစ်လုံးကို Password ဖွင့်ပြီး စစ်ကောင်စီကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် သက်သေအထောက်အထားများ ဆက်လက်ရှာဖွေရန် ကြိုးစားနေသည်ဟုလည်း Southern YSO PDF ဘက်က ဆိုသည်။
“အငြိုးတကြီးကို အကြမ်းဖက်ဖျက်ဆီးပစ်တာ။ (ရွာတွေကို မီးရှို့ပြီး) ဒီလိုလုပ်လိုက်ရင်တော့ တော်လှန်ရေးကိုလည်း မထောက်ပံ့နိုင်တော့ဘူး။ တော်လှန်ရေးလည်း အားလျော့သွားမယ်ဆိုတဲ့ အတွေးနဲ့လုပ်တာ။ မြေပြင်မှာကျတော့ အားလျော့မသွားဘူး။ အာဏာရှင်စစ်ကောင်စီကို ပိုပြီးမုန်းတီး၊ ရွံရှာလာပြီးတော့ ခြေစုံပစ်ပြီးတော့ လုပ်လာကြတယ်။ အဲဒီတော့ သူတို့ (စစ်တပ်) ဗျူဟာက အလုပ်မဖြစ်ဘူးပေါ့ဗျာ” ဟု ရဲဘော်ဝေကြီးက ပြောသည်။
စစ်တပ်မီးတိုက်ခဲ့သည့် နောက်ထပ်မှတ်တမ်းများ
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာက ရေစကြိုမြို့နယ်အတွင်းမှ နောက်ထပ်ကျေးရွာတစ်ရွာကို မီးတိုက်ခဲ့သည်။ ရေစကြိုရှိ ရွာများကို စစ်တပ်က မီးတင်ရှို့သည့်ဖြစ်စဉ်များကို ရိုက်ကူးထားသည့် မှတ်တမ်းခြောက်ခုကို Myanmar Now က လက်ခံရရှိခဲ့သည်။ ထိုအထဲမှ မှတ်တမ်းတချို့မှာ ယခုအခါ လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည်ကိုလည်း တွေ့ရသည်။
၂၀၂၃ အောက်တိုဘာ ၁၉ ရက်က စစ်ကောင်စီတပ်၏ မီးရှို့ခြင်းကို ခံခဲ့ရသည့်ရွာသည် ပခုက္ကူ-ရေစကြိုကားလမ်းမပေါ်၊ မြို့တောင်ဘက် ၈ မိုင်ခွဲအကွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ အားကောင်းသည့် တောင်အိုရွာအနီးရှိ လူဦးရေ ၄၅၀ နီးပါး နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ရုပ်သံမှတ်တမ်းနှစ်ခုတွင် မီးဟုန်းဟုန်းတောက်လောင်နေသည့် တိုက်အိမ်တစ်လုံး၏ရှေ့တွင် စစ်ကောင်စီရဲနှင့် စစ်သားတို့ အောင်ပွဲခံနေသည်။ ထိုတိုက်အိမ်ကို ၎င်းတို့မီးရှို့ခြင်းဟုလည်း ဝန်ခံကြသည်။
ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးနေသည့် ကင်မရာရှေ့သို့ လူလတ်ပိုင်းအရွယ် အရပ်ဝတ်လက်နက်ကိုင်တစ်ဦးက ရုတ်ချည်းဝင်လာရင်း သေနတ်ကို ဘယ်လက်ဖြင့် ဟန်ပါပါထောင်လိုက်သည်။ ထို့နောက် ဆေးလိပ်တိုကို ပါးစောင်ခဲ၍ ညာလက်ဖြင့် လက်သီးလက်မောင်းတန်းလိုက်သည်။ မှတ်တမ်းရယူရန် အဆင်သင့်အနေအထားဖြစ်သည်။
တဖောင်းဖောင်းပေါက်ကွဲသံများနောက်ခံနှင့်အတူ ‘PDF မဟုတ်ဘူး။ တပ်မတော်..ဟေ့ရောင်’ ဟု G3 အမျိုးအစား သေနတ်ထမ်းထားသည့် လူလတ်ပိုင်းတစ်ဦးက ဝင့်ကြွားစွာပြောဆိုဝင်ရောက်လာသည်။
‘မင်းတို့ PDFအိမ်ကို ရှိုး (ကြည့်)’ ဟု ထိုလူက ဆက်လက်ပြောဆိုနေစဉ် ယခင်ဟန်ပြင်နေသူက လက်ပြဝှေ့ယမ်း၍ ရယ်မောနေကြသည်။ ရွာခံများရိတ်သိမ်းထားသည့် ကောက်ရိုးပုံမှာမူ ပကတိအတိုင်းရှိနေသော်လည်း မီးစွဲနေသည့် နေအိမ်များကို ကြည့်ထားရန် ပြောဆိုနေကြသည်။
တိုက်၍၊ ခိုက်၍ ရသေးကြောင်းလည်း ဆက်လက်ကြိမ်းဝါးရင်း ရယ်နေသည်။
အရပ်ဝတ်များနှင့်ဖြစ်သော်လည်း ကျည်ကာအင်္ကျီနှင့် ဦးထုပ်ကိုယ်စီနှင့်ဖြစ်သည်။ ထိုနည်းတူဝတ်ဆင်ထားသည့် လက်နက်ကိုင်သုံးဦးမှာမူ ဘေးနားရှိ သွပ်မိုး၊ ဝါးကပ်ကာရံထားသည့် အိမ်ရှေ့၌ အဝတ်လှန်းစင်ပေါ်က အဝတ်များကို စိတ်အေးလက်အေးရွေးနေကြသည်။
မှတ်တမ်းတင်နေသူက ‘ရဲဘော်တို့ ဖိုက်တင်း’ ဟု အားပေးရှိသည်။ ထို့နောက် မီးတောက်များ ဝါးမြိုနေသည့် တိုက်အိမ်ဆီ ဦးတည်သွားနေကြရင်း ‘လောင်ပါစေ’ ဟူသော ပြောဆိုသံနှင့်အတူ ရိုက်ကူးမှုကို ရပ်လိုက်ကြသည်။ တချို့လည်း မီးစွဲနေသည့်အိမ်များကို မတ်တတ်ရပ်ကြည့်နေကြသည်။
Myanmar Now က ထိုရုပ်သံဖိုင်များကို ရေစကြိုမြို့နယ်ပကဖထံမှ ရရှိခဲ့ခြင်းဖြစ်သည်။
ရေစကြိုမြို့နယ်ပကဖ၏အဆိုအရ ၎င်းတို့သည် ထိုရုပ်သံဖိုင်များကို ယမန်နှစ် ဒီဇင်ဘာလအတွင်းက မြို့အနီးတွင် ရေစကြိုပကဖတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးလုပ်နေကြစဉ် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူကို တွေ့ရှိရသဖြင့် ၎င်း၏ဖုန်းကို စစ်ဆေးစဉ် တွေ့ရှိရခြင်းဖြစ်သည်။
အသက် ၃၀ အရွယ် ထိုအမျိုးသမီးမှာ တောင်အိုရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအထိုင်ချသည့် စစ်ဆေးရေးဂိတ်၌ တာဝန်ကျနေသည့် ရဲတပ်ကြပ်တစ်ဦး၏ ဇနီးဖြစ်ပြီး ထိုတပ်ကြပ်မှာ ပျူစောထီး အားကောင်းသည့် တောင်အိုရွာအနီးရှိ ကျေးရွာကို မီးရှို့သည့်ဖြစ်စဉ်၌ ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်ဟု စစ်ဆေးမေးမြန်းချက်များကို ကိုးကားပြီး ရဲဘော်ဝေကြီးက ပြောသည်။
ထိုအမျိုးသမီးထံမှ ရခဲ့သည့် အခြားရုပ်သံမှတ်တမ်းတစ်ခုတွင် စစ်ကောင်စီတပ်သားတစ်ဦးက အရပ်သားနေအိမ်များကို မီးရှို့ပြီးနောက် ၁၉၆၀ နှစ်များအတွင်းက ရေပန်းစားခဲ့သည့် ရုပ်ရှင်မင်းသားကြီးဝင်းဦး၏ ‘မီးပုံပွဲ’ သီချင်းကို သီဆိုကာ ပျော်ရွှင်စွာအောင်ပွဲခံခဲ့သည်။
ငြင်းမရသည့် နောက်ထပ်သက်သေများ
နမခဟု အတိုကောက်ခေါ်သည့် စစ်ကောင်စီ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ စစ်ကိုင်းတိုင်း မုံရွာမြို့မှ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြားမှ ရေခါးမြောက်ရွာကိုလည်း စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ တွင် မီးတိုက်ခဲ့ဖူးသည်။
ဆားလင်းကြီးမြို့ မြောက်ဘက် ၃ မိုင်ခန့်ရှိ ရေခါးမြောက်ရွာကို မီးတင်ရှို့စဉ် စစ်ဝတ်စုံအပြည့်နှင့် စစ်ကောင်စီတပ်သားနှစ်ဦးက ‘ပြည်သူရှိရင် PDF ရှိသည်’ ဟု ကြိမ်းမောင်းပြောဆိုကာ ရွာအရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ နေအိမ်များကို မီးတိုက်ခဲ့သည်ကို Myanmar Now က ထိုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် ကာကွယ်ရေးအဖွဲ့ထံမှ ရရှိသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။
“ငါ**မ PDFတွေ၊ ငါ**မ ပြည်သူတွေ။ PDF ထဲကို ထောက်ပံ့ပြီးတော့ သတ္တိရှိတဲ့ ကောင်တွေ ထွက်ခဲ့စမ်း။ သေချင်တဲ့ကောင်တွေ ထွက်ခဲ့” ဟု စစ်သားတစ်ဦးက ဟစ်ကြွေး၍ သေနတ်နှစ်ချက် ပစ်ဖောက်လိုက်သည်။ ထို့နောက် ‘မီးတင်မယ်’ ဟု ပြောပြောဆိုဆို ထန်းလက်မိုးအဆောက်အအုံတစ်လုံးကို မီးမစွဲမချင်း စိမ်ပြေနေပြေ မီးရှို့လိုက်သည်ကို ၂ မိနစ်နှင့် ၂၅ စက္ကန့်ကြာမြင့်သည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။
ဒေသခံ သမန်းကျားပြောက်ကျားတပ်ဖွဲ့၏ ကိုမဲကြီးက ရွာကို မီးရှို့နေသည့်စစ်သားနှင့် ပေအနည်းငယ်သာ ကွာသည့် ချုံပုတ်အတွင်းမှ စစ်ကောင်စီတပ်သား၏လုပ်ရပ်ကို မှတ်တမ်းတင်ခဲ့သည်။ အဆိုပါမီးရှို့မှုတွင် စစ်ကောင်စီလက်ချက်ဖြင့် အိမ်ခြေ ၈၄ ကျော် ပျက်စီးသွားခဲ့သည်ဟု ကိုမဲကြီးက ပြောသည်။
“သူ့ဟာသူနေပြီး လုပ်ကိုင်စားနေတဲ့ ပြည်သူကို လိုက်ပြီးတော့ ဒုက္ခပေးတာ။ သူတို့ မီးလိုက်ရှို့ရင်းနဲ့ ပြောသွားတဲ့ စကားရှိတယ်လေ။ အကုန်သာမီးရှို့၊ ပြည်သူရှိလို့ ဒီကောင်တွေ ရပ်တည်နိုင်တာဆိုတဲ့ စကားနဲ့ ထွက်လာကတည်းကိုက စဉ်းစားကြည့်ပေါ့” ဟု ၎င်းက ဆိုသည်။

စစ်တပ်သည် ၎င်းတို့ကို တွန်းလှန်နေသည့် PDFများ အားကောင်းနေခြင်းမှာ ပြည်သူကြောင့်ဟု ယုံကြည်သဖြင့် ရွာစဉ်လှည့်စီးနင်း၍ အိုးအိမ်များကို မီးရှို့ဖျက်ဆီးကာ ရိက္ခာများမွှေနှောက်ယူဆောင်နေခြင်းဖြစ်သည်ဟု ရေခါးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်နှင့်အတူ ပါဝင်ခဲ့သည့် စစ်သားတစ်ဦးဖြစ်သူ တပ်ကြပ် ထင်အောင်ကျော်က Myanmar Now ကို ၂၀၂၂ ဒီဇင်ဘာလတွင် ပြောသည်။
၎င်းသည် ထိုဖြစ်စဉ်ပြီး မကြာမီ တပ်မှ ထွက်ပြေးကာ ဒေသခံတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းခဲ့သည်။
“ပြည်သူတွေ ပိုင်ဆိုင်တဲ့ အိုးအိမ်တွေကို မီးရှို့တယ်ဆိုရင် PDF တွေကို ထောက်ပံ့လို့ မရဘူးပေါ့။ ဒါဆိုရင် ဒီကောင်တွေ ရပ်တည်လို့ မရတော့ဘူးပေါ့။ အဲ့ဒီ ဦးတည်ချက်နဲ့ တော်တော်များများက ရွာတွေ မီးရှို့တယ်။ ကလန်ကဆန်လုပ်ရင် ပစ်သတ်တယ်” ဟု ၎င်းက ပြောသည်။
တပ်ကြပ် ထင်အောင်ကျော်မှာ ၁၉၉၇ ခုနှစ်ကတည်းက စစ်တပ်ထဲ ဝင်ခဲ့ပြီး ၂၀၁၂/၂၀၁၃ တွင် ကျန်းမာရေးအရ အနားယူခဲ့သည်။ သို့သော် စစ်တပ်အာဏာသိမ်းအပြီး ၆ လအကြာတွင် လိုအပ်ချက်အရ ဂိတ်စောင့်၊ ကင်းစောင့်တာဝန်များအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသဖြင့် စစ်ထဲ ပြန်ဝင်ခဲ့ရသည်။
ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၆၉) တွင် တာဝန်ထမ်းဆောင်ရင်း ဟုမ္မလင်းမြို့အဝင် ဂိတ်စောင့်လုပ်ရကြောင်း၊ နောက်ပိုင်း စစ်ကိုင်းတိုင်းတွင် ကာကွယ်ရေးတပ်များ မြိုင်မြိုင်ဆိုင်ဆိုင်တော်လှန်လာချိန် နယ်မြေချင်း ထိစပ်နေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့်ပေါင်း၍ ရွာစဉ်လှည့် စီးနင်းရတော့သည်။
၎င်း၏ မိခင်တပ်ရင်း ခမရ (၃၆၉) ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးသန်နိုင်ဦးဆိုသူဖြစ်ပြီး ၂၀၂၂ မေလတွင် စစ်ကြောင်းစချီကတည်းက PDF သည် ပြည်သူ့အကျိုးအတွက်မဟုတ်ဘဲ ကိုယ်ကျိုးကြည့်၍ အကြမ်းဖက်နေသည့် အဖွဲ့ဖြစ်သောကြောင့် တွေ့သည့်နေရာမှာ အမြစ်ဖြတ်ရှင်းရန် အမိန့်ပေးထားသည်ဟု တပ်ကြပ် ထင်အောင်ကျော်က ဆိုသည်။
“သူတို့ (PDF) ကို တွေ့တဲ့နေရာမှာ အမြစ်ဖြတ် ရှင်းရမယ်၊ တိုက်ရမယ်။ သူတို့ခိုအောင်းနေတဲ့ရွာတွေ၊ သူတို့ကို ထောက်ပံ့တဲ့ရွာတွေ၊ ထောက်ပံ့တဲ့သူတွေ ဆိုရင်လည်း လူဆိုလည်း သတ်ရမယ်ပေါ့။ အဆောက်အအုံပိုင်ဆိုင်မှု အိုးအိမ်စည်းစိမ်ဆိုလည်း မီးရှို့ရမယ်” ဟု ဗိုလ်မှူးကြီးသန်းနိုင်ဦးက အမိန့်ပေးထားခြင်းဖြစ်သည်။
ရုပ်သံမှတ်တမ်းရရှိထားသည့် ရေခါးရွာကို မီးတင်သည့် စစ်ကြောင်းတွင် ၎င်း၏ မိခင်တပ်ရင်း ခမရ ၃၆၉၊ နမခအပါဝင် ခမရ ၇၀၄ တို့ ပူးပေါင်းစီးနင်းခဲ့ခြင်းဖြစ်ပြီး အင်အား ၈၀ ခန့်ပါသည်ဟု တပ်ကြပ် ထင်အောင်ကျော်က ပြောသည်။
ရေခါးရွာသည် PDF များကို သတင်းနှင့် ရိက္ခာထောက်ပံ့ပေးနေသည်ဟု သတင်းရရှိသဖြင့် စီးနင်းခဲ့ခြင်းဖြစ်သောကြောင့် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် အကြမ်းဖက်ရွာဟူသော ကောက်ချက်အရ မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်ဟု တပ်ကြပ် ထင်အောင်ကျော်က ပြောသည်။
မီးတင်ရှို့မှုအတွက် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ စစ်ကောင်စီဌာနချုပ်ဖြစ်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) စစ်ကြောင်း၊ ခမရ ၇၀၄ ကွပ်ကဲသူ အသက် ၄၀ ခန့်အရွယ် ဗိုလ်မှူး မင်းလွင်ဦးဆိုသူက အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
“မင်းလွင်ဦးကိုယ်တိုင်က မီးရှို့ဖို့ တိတိကျကျ အမိန့်ပေးလို့ ရှို့တာဗျ။ ‘အကြမ်းဖက်တွေကို ထောက်ပံ့တဲ့ရွာ ဖြစ်တဲ့အတွက် အကုန်လုံး ရှို့ရမယ်’ ဆိုပြီးတော့ ခိုင်းလိုက်တာပဲဗျ။ စတင်မီးရှို့တဲ့သူကိုတော့ မသိလိုက်ဘူးဗျ” ဟု တပ်ကြပ် ထင်အောင်ကျော်က ဆိုသည်။
၎င်းကိုယ်တိုင်လည်း အနည်းဆုံး အိမ်ငါးလုံးခန့် ရှို့ခဲ့လိုက်ရသည်ဟု Myanmar Now ကို ပြောဆိုထားသည်။
စစ်တပ်၏သရုပ်မှန် မီးတိုက်သည့်အကြံ
၂၀၂၁ ဖေဖော်ဝါ ၁ တွင် စစ်တပ်အာဏာသိမ်းမှုကို ကြုံရချိန် နိုင်ငံတစ်ဝန်းရှိ ဆန့်ကျင်သူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုများပြုလာရာ မခံနိုင်တော့သည့် ပြည်သူများက လက်နက်ကိုင် ခုခံတွန်းလှန်ခဲ့ကြသည်။ လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့ ပေါ်ပေါက်လာချိန် စစ်ကောင်စီတပ်ကလည်း ရွာစဉ်လှည့်စစ်ကြောင်းထိုးရင်း မြေလှန်မီးရှို့သည့်ဗျူဟာကို အကြမ်းပတမ်းသုံးစွဲလာခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းမှု ၃ နှစ်ကျော်လာချိန် စစ်ကောင်စီတပ်၏ လှည့်လည်စီးနင်းမှုများအတွင်း အိမ်ပေါင်း ၉ သောင်းနီးပါး (၈၈,၃၇၃ လုံး) မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု Data For Myanmar အဖွဲ့၏ မေလအတွင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပေါက်မြို့နယ် တောင်ဘက် မိုင် ၂၀ အကွာက အိမ်ခြေ ၂၄၀ ရှိသည့် ကင်းမရွာကို ၂၀၂၁ ဇွန် ၁၅ တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထိုရွာကို ကိုင်းလယ်ရဲစခန်းရှိ စစ်တပ်နှင့် ရဲများက မီးတင်လိုက်ခြင်းဖြစ်ပြီး အိမ်ခြေ ၃၀ ဝန်းကျင်သာ မပျက်မစီးကျန်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ရရာလက်နက်စွဲကိုင်ခုခံမှုများအနက် မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာမှာ မီးရှို့ဖျက်ဆီးသည့် ဗျူဟာကို စစ်တပ်က ပထမဆုံးသုံးစွဲခဲ့သည့် နေရာဖြစ်သည်။
စစ်တပ်၏ မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်ရပ်များအနက် ချင်းပြည်နယ် ထန်တလန်မြို့လုံးကျွတ်ကို မီးလောင်တိုက်သွင်းခဲ့သည့် ဖြစ်ရပ်မှာ ထင်ရှားသည့်ဖြစ်ရပ်များအနက် တစ်ခုဖြစ်သည်။ စစ်တပ်သည် PDF ကို နှိမ်နင်းသည့် စစ်ဆင်ရေးဟု အကြောင်းပြ၍ ဆင်နွှဲသည့် စစ်ဆင်ရေးဟု အကြောင်းပြကာ ထန်တလန်မြို့လုံးကျွတ်နီးပါးကို ၂၀၂၁ မှစ၍ မီးရှို့၍ ဒေသခံများကိုပါ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထန်တလန်ကို မီးမရှို.မီ နှင့် မီးရှို့အပြီးမြင်ကွင်း
သို့သော် ဆန့်ကျင်တွန်းလှန်သူများကို နှိမ်နင်းမည်ဟုဆိုကာ မြေလှန်မီးရှို့နေသည့်ဗျူဟာမှာ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာတို့၏ ရွာများကို မီးတိုက်ခြင်း၊ သတ်ဖြတ်ခြင်းများအပါအဝင် ခေတ်အဆက်ဆက် တိုင်းရင်းသားများအပေါ် ဖိနှိပ်နိုင်ရန် စစ်တပ်က သုံးစွဲသည့် နည်းလည်းဖြစ်သည်။
၎င်းတို့ကို ဆန့်ကျင်သူများအပေါ် စစ်တပ်က ဖြတ် ၄ ဖြတ်ဗျူဟာဟု လူသိများသည့် သတင်းဖြတ်၊ ရိက္ခာဖြတ်၊ လူသစ်စုဆောင်းမှုကို ဖြတ်တောက်ခြင်းနှင့် သုတ်သင်သတ်ဖြတ်ခြင်းတို့ကို ယခင်ကတည်းက သုံးစွဲခဲ့သလို အာဏာသိမ်းမှုဆန့်ကျင်သူများအပေါ်တွင်လည်း ဆက်တိုက်သုံးစွဲနေခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသည့် ကာကွယ်ရေးတပ်များကို ချေမှုန်းနိုင်အောင် ၎င်းတို့ လှုပ်ရှားနေသည့် နယ်မြေတစ်ဝိုက်ရှိ ကျေးရွာများနှင့် နယ်ခံတို့ကို စစ်တပ်က မီးတိုက်ခြင်းများ နေရာအနှံ့ပြုလုပ်နေပြီး ယင်းဗျူဟာမှာ ရန်သူအင်အားကောင်းစေမည့် လမ်းကြောင်းများကို ဖြတ်တောက်လိုခြင်းကြောင့်ဖြစ်သည်ဟု လေ့လာသူတို့က သုံးသပ်ကြသည်။
စစ်ကောင်စီမီးရှို့ခံရသော မကွေးတိုင်း ကင်းမရွာ ၂၀၂၀ နှင့် ၂၀၂၃ မြင်ကွင်း
အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးမီးရှို့ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် ကင်းမရွာဖြစ်စဉ်နောက်ပိုင်း ဆားလင်းကြီးမြို့နယ် မြောက်ဘက် ၁၃ မိုင်ဝန်းကျင်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးက ဒုန်းတောရွာတွင် မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဗျူဟာကို စစ်တပ်က လက်နက်အဖြစ် သုံးပြုခဲ့သည်။
ထို့အတူ ခရစ္စမတ်ကာတစ်ခုဖြစ်သည့် ၂၀၂၁ ဒီဇင်ဘာ ၂၄ တွင်လည်း ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ မိုဆိုကျေးရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်းပေါ်တွင် ကလေးငယ်ပါမချန် အရပ်သား ၃၅ ဦးထက်မနည်းကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သေးသည်။
အာဏာသိမ်းမှုဆန့်ကျင်သည့်ဒေသများကို မီးတင်ရှို့မှုများနှင့်ပတ်သက်၍ စစ်ကောင်စီတပ်က အမြဲတစေငြင်းဆန်သည်။
ယခုအချိန်တွင်တော့ စစ်ကောင်စီအတွက် ငြင်းမရသည့် သက်သေများ ပေါ်ထွက်လာပြီဖြစ်သည်။