မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကျေးလက်ဒေသတွင် ရက်သတ္တပတ်နှစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားနေရာ ဩဂုတ် ၁၄ ရက်နေ့တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ပခုက္ကူ-ပခန်းကြီးကားလမ်းဘေးရှိ ဟင်္သာကျေးရွာအခြေစိုက် စစ်တပ်နှင့် ပျူစောထီးအင်အား ၅၀ ကျော်က ဇူလိုင် ၃၀ ရက်နေ့တွင် ၎င်းတို့နှင့် ရွာချင်းဆက်နေသည့် ကိုရင့်ကျေးရွာကို စစ်ကြောင်းထိုးရာမှ တိုက်ပွဲ ရက်ရှည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၁၄ ရက်နေ့တွင် စစ်တပ်ဘက်က အကျအဆုံးများခဲ့ပြီးနောက် ထိုကဲ့သို့ လေကြောင်းသုံးတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် Urban Underground Revolution Forced (YSO) ဒုတာဝန်ခံ ကိုချမ်းဆိုသူက နောက်တစ်နေ့တွင် ပြောသည်။
“သူတို့က ကိုရင့်ရွာကျွန်းဘက်ကို စစ်ကြောင်းထိုးလာတာ။ ကိုရင့်ရွာကျွန်းဘက်မှာ ရှိတဲ့ ကျွန်တော်တို့အဖွဲ့တွေက ဆီးပြီးတော့ ပစ်လိုက်တော့ အကောင်ကြီးတစ်ကောင် ကျသွားတယ်လို့ ပြောတယ်။ အဲဒါကြောင့် လေယာဉ်နဲ့ လာပြီး ပစ်တာပေါ့” ဟု ၎င်းက ဆိုသည်။
“လေယာဉ်က ကိုရင့်ရွာကျွန်းနဲ့ နှောင်းဘရွာ ၂ ရွာကို ဝင်ပစ်သွားတယ်။ ကိုယ့်ဘက်ကတော့ အသေအပျောက်မရှိဘူး။ သူတို့ဘက်ကတော့ ကျွန်တော်တို့ ဆီးပစ်လိုက်တော့ ဒဏ်ရာရသွားတာနဲ့ သေသွားတာတွေရှိတော့ ရှေ့မတက်လာနိုင်ဘဲနဲ့ ပြန်ဆုတ်သွားကြတယ်”
လေတပ်ရောက်လာသော်လည်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက ထိုစစ်ကြောင်းကို ဆက်လက်ရင်ဆိုင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“လက်ရှိကတော့ စစ်ကြောင်းက ကိုရင့်ရွာ မြောက်ဘက်မှာ နေရာယူထားပြီး မြောက်ဘက်မှာ ရှိတဲ့ ရွာတွေကို လက်နက်ကြီးလက်နက်ငယ်နဲ့ လှမ်းပစ်နေတယ်။ ကိုရင့်ရွာကျွန်းဘက်ကို အဓိကလှမ်းပစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့ဘက်ကတော့ ကိုရင့်ရွာကျွန်းကပဲ ရသလောက် တင်းခံထားတယ်။ သူတို့ဘက်ကလည်း ရမလားလို့ တက်တက်လာပြီး ပြန်ပြန်ဆုတ်သွားကြတယ်”
တိုက်ပွဲဖြစ်ပွားနေသော ကျေးရွာများမှာ ပခုက္ကူမြို့နှင့် ၁၁ မိုင် အကွာအဝေးရှိ ပခုက္ကူ-ပခန်းကြီး ကားလမ်းမဘေး၊ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ မြေနုကျွန်းလွင်ပြင်များ တည်ရှိရာဒေသဖြစ်သည်။
ဇူလိုင် ၂၇ နံနက်က ဧရာဝတီမြစ်ကြောင်းတွင် ရိက္ခာသယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ပခုက္ကူနှင့် ရေစကြိုရှိ တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီးနောက် မြစ်ကြောင်းတစ်လျှောက် ရွာများကို စစ်တပ်နှင့် ပျူစောထီးတပ်က လက်တုံ့ပြန်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ဇူလိုင် ၂၈ တွင် ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ရွှေတန့်တစ်၊ ဆင်မင်း၊ ကွင်း၊ ခြောက်ဦးသား၊ ကျွန်းပုလု၊ အောင်သာရွာတို့ကို စီးနင်းတိုက်ခိုက်ခဲ့ပြီး အိမ်ခြေ ရာနှင့်ချီကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ထိုနေ့တွင်ပင် ဧရာဝတီ-ချင်းတွင်းမြစ်ဆုံရာ ရေစကြိုမြို့နယ်အတွင်းရှိ ကွေးထောင့်ရွာကိုပါ စီးနင်းတိုက်ခိုက်ခဲ့သည်။
ကွေးထောင့်ရွာကို ရေကြောင်းမှ ဝင်ရောက်စီးနင်းစဉ် ထိုရွာရှိ ကာကွယ်ရေးအဖွဲ့အထိုင်စခန်းတစ်ခု ဆုံးရှုံးခဲ့သည်၊ သတင်းကြိုရသည့်အတွက် ရဲဘော်များ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ကိုချမ်းက ဆိုသည်။
ထို့နောက် စစ်တပ်တပ်စွဲထားသည့် ဟင်္သာရွာမှ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ကပ်လျက်တွင် ရှိသည့် ကိုရင့်ရွာကို ဇူလိုင် ၃၀ ရက် နံနက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဘက်က လက်ဦးမှုရယူပြီး တိုက်ခိုက်နိုင်ခဲ့သည်ဟု အထက်ပါ ဒုတာဝန်ခံအမျိုးသားက ပြောသည်။
“ဇူလိုင် ၃၀ တိုက်ပွဲမှာ သူတို့ ဘက်က ပျူတစ်ယောက် သေသွားတယ်။ သုံးပွင့်ဗိုလ်တွေရော၊ ခြေထောက်မှန်တာတွေ ဖြတ်ပစ်ရတာတွေရော ရှိတယ်။ ကြားထဲမှာလည်း ဒီနေ့အထိပေါ့၊ ကျွန်တော်တို့က သူတို့ရှိတဲ့ ဟင်္သာ (ရွာ) ပျူစခန်းထဲကို ဒရုန်းနဲ့ ဗုံးသီး သုံးလေးလုံးက နေ့တိုင်းလိုလို သွားချနေတာပေါ့။ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ဒဏ်ရာရတာ အနည်းအကျဉ်းရှိတာပေါ့”
ဇူလိုင် ၃၀ တိုက်ပွဲအပြီး အထိနာသွားသည့် စစ်တပ် ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း အနီးအနားရှိ ကျေးရွာများတွင် ပြောင်းရွှေ့တပ်စွဲခဲ့သည်။
ထို့နောက် ဩဂုတ် ၆ ရက်နေ့တွင် စစ်တပ်နှင့် ပျူစောထီပူးပေါင်းစစ်ကြောင်းက ကိုရင့်ရွာကို ဒုတိယအကြိမ် ပြန်လည်ထိုးစစ်ဆင်လာပြီး အိမ်ခြေ ၂၅ လုံးကို မီးရှို့ခဲ့ကာ ထိုရွာတွင် နေရာယူတပ်စွဲကာ အနီးအနားရှိ ကျေးရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
ပခုက္ကူ-ပခန်းကြီးကားလမ်းမဘေး ရေစကြိုမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး တော်လှန်ရေးအင်အားစု အားကောင်းသည့် ဒေသဖြစ်သည်။
ရေစကြိုမြို့သည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ တရားသူကြီးချုပ်ဟောင်း ဦးစိုးမောင်၏ ဇာတိလည်းဖြစ်သည်။
ရေစကြိုမြို့နယ်ရှိ ဦးစိုးမောင်ကို ထောက်ခံသည့် ဆင်ချောင်း၊ ဆင်မရဲ၊ ဟင်္သာ၊ ဂွေးချို စသည့်ရွာများမှအပ ကျန်ကျေးရွာအများစုကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားနိုင်သည်ဟု ရေစကြိုမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။
“အာဏာသိမ်းတဲ့ အချိန်မှာလဲ အဲဒီရွာတွေက ဦးစိုးမောင်ကိုပဲ ထောက်ခံကြတယ်။ ဒါလဲ ကျေးရွာမှာ ၃ ပုံ ပုံရင် ၂ ပုံလောက်က သူတို့ကို ထောက်ခံကြတယ်။ ကျန်တဲ့ တစ်ပုံလောက်ကတော့ ဒီအာဏာသိမ်းတာကို မနှစ်မြို့တဲ့ လူတွေ ရှိတာပေါ့။ အဲဒီရွာတွေကို လက်နက်ထောက်ပံ့တာတွေကလဲ စိုးမောင်နဲ့ ချိတ်ဆက်နေတာမယ်လို့ ယူဆပါတယ်” ဟု ထိုသူက ဆိုသည်။
ထို့ပြင် ပခုက္ကူ-ရေစကြိုကားလမ်းဘေးရှိ စစ်တပ်ထောက်ခံသူ ရှင်မတောင်ဆရာတော် သီတင်းသုံးရာ ရှင်မတောင်တွင်လည်း စစ်တပ်၏ အမြောက်တပ်က အခိုင်အမာတပ်စွဲထားသည်ဟု အထက်ပါ ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ဆက်ပြောသည်။
“ရှင်မတောင်မှာက လက်နက်ကြီးအထိုင်တွေရောပေါ့ အခိုင်အမာ တပ်စွဲပြီးနေတာက ၂ နှစ်ကျော်သွားပြီး ၃ နှစ်ထဲ ရောက်နေပြီပေါ့။ ရှင်မတောင်ပေါ်ကိုလည်း ဘုရားဖူးတွေကို ပေးမသွားတော့ဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။
ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ ဒေသအနီးရှိ ရေစကြိုမြို့နယ်မှာ ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များအားကောင်းသည့် စစ်ကိုင်းတိုင်းရှိ မြောင်၊ ချောင်းဦး၊ ဆားလင်းကြီး၊ မန္တလေးတိုင်းရှိ မြင်းခြံ၊ တောင်သာတို့နှင့် ထိစပ်နေသည်။
စစ်ကောင်စီတပ်က ရေစကြိုမြို့ပေါ်ရပ်ကွက်များကို ထိန်းချုပ်ထားနိုင်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် တော်လှန်ရေးတပ်ဖွဲ့များက မြို့ပြင်ပရှိ ကျေးရွာများကို စိုးမိုးထားပြီး စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေသည်။
မေလ ၂ ရက်နေ့ကလည်း ပခုက္ကူ-ရေစကြိုလမ်းမရှိ ပခုက္ကူလေဆိပ်အနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၇ ဦးထက်မနည်း သေဆုံး၊ လက်နက် ၇ လက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ဩဂုတ် ၁၀ ရက်နေ့က ပခုက္ကူမှ ရေစကြိုသို့ သွားသည့် စစ်ကောင်စီယာဉ်တန်းကို ပူးပေါင်းမဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး ၅ ဦး ဖမ်းမိသည်၊ သေနတ် ၄ လက်နှင့် ကျည် ၈၀၀ ကျော်ရရှိခဲ့သည်ဟု ထိုတိုက်ပွဲတွင် ပါဝင်သည့် Southern YSO PDF အဖွဲ့က ထုတ်ပြန်ထားသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူများကို ပစ်ခတ်ရာမှ နိုင်ငံအနှံ့ ခုခံစစ် ပေါ်ပေါက်လာရာ စစ်ကောင်စီက ပခုက္ကူဝန်းကျင် စစ်ရေးအခြေအနေအပါအဝင် တိုက်ပွဲသတင်းအများစုအကြောင်းကို သတင်းထုတ်ပြန်ခြင်း မရှိပေ။