
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် တိုက်ပွဲများ ရက်သတ္တသုံးပတ်ကြာ ဖြစ်ပွားနေရာ အရပ်သား ၆ ဦး သေဆုံးသွားသည်၊ ယနေ့ (သြဂုတ် ၂၁) တွင် စစ်ကောင်စီလက်နက်ကိုင်တို့က အခြေစိုက်စခန်းတစ်ခု ဆုံးရှုံးသွားသည်ဟု သိရသည်။
သြဂုတ် ၁၉ ရက်နေ့က သေဆုံးသူမှာ အသက် ၈၀ အရွယ်အမျိုးသားဖြစ်ပြီး ဟင်္သာရွာ မြောက်ဘက် ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။
သြဂုတ် ၂၀ ရက်နေ့က မြို့ပေါ်တွင် ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုဖြစ်စဉ် အရပ်သား ၅ ဦး သေဆုံးခဲ့သည်၊ ထိုအထဲတွင် အမှတ် ၂၊ ရန်ကင်းရပ်နေ စက်ဘီးဖြင့် စျေးရောင်းသူ အသက် ၄၀ အရွယ် မနန်းအေးမှာ ဦးခေါင်းကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်။
ကျန် ၄ ဦး၏ အချက်အလက်များကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
၂၀ ရက်နေ့ တိုက်ပွဲတွင် အရပ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးသည်ဟု သိရကြောင်း၊ အဆိုပါဆုံးရှုံးမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း မြို့ပေါ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ရေစကြိုမြို့တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။
သြဂုတ် ၂၀ ရက်နေ့ တိုက်ပွဲ
ယမန်နေ့ (သြဂုတ် ၂၀) နံနက်ပိုင်းက ရေစကြိုမြို့လယ် အမှတ် ၁ အထက်တန်းကျောင်းအနီး လက်ဖက်ရည်သောက် ထွက်လာသည့် စစ်သား ၃ ဦးကို ကာကွယ်ရေးအဖွဲ့ ၄ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ပွဲချင်းပြီး သေဆုံးသွားသည့် စစ်သားတို့၏ လက်နက်များကို ကောက်ယူရန် ကြိုးပမ်းစဉ် အနီးရှိ တပ်စွဲ စခန်းချနေသော စစ်သားများက ပစ်ခတ်သဖြင့် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် Southern YSO PDF အဖွဲ့မှ ခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။
“သေနတ်တွေကောက်ဖို့ ကြိုးစားတော့ ရုံးပေါင်းစုံမှာ အထိုင်ချထားတဲ့တပ်က တောက်လျှောက်ပစ်တာ။ ၄၀ မမ တွေနဲ့ရော ပစ်တာမလို့ ကောက်လို့မရခဲ့ဘူး” ဟု ထိုသူက ဆိုသည်။
“ပစ်ခတ်မှုဖြစ်တော့ ရပ်ကွက်လမ်းတွေမှာရှိတဲ့ တပ်တွေက အကုန်ဝိုင်းလာတာ။ ပိတ်မိသလိုဖြစ်နေတုန်း ဖောက်ထွက်တော့ ကင်းပတ်တဲ့ကားနဲ့ တစ်ခါတိုးပြန်ရော။ အဲဒီကားကိုတော့ ကျွန်တော်တို့ အသာစီးရအောင် ပစ်ခတ်နိုင်ခဲ့ပြီး ဖောက်ထွက်နိုင်ခဲ့တယ်”
အဆိုပါ ပြောက်ကျားတိုက်ခိုက်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အဖွဲ့များထဲတွင် Security Force-Yesagyo, Myingyan Black Tiger နှင့် TPG မြို့ပြပြောက်ကျားအဖွဲ့တို့လည်း ပါဝင်သည်ဟု သိရသည်။
သြဂုတ် ၂၁ ရက်နေ့ တိုက်ပွဲ
မြို့တောင်ဘက် ၁၆ မိုင်အကွာ ပခုက္ကူ-ပခန်းကြီးကားလမ်းဘေးရှိ ဟင်္သာကျေးရွာအခြေစိုက် စစ်တပ်၊ ပြည်သူ့စစ် ခေါ် ပျူစောထီးတို့က ဇူလိုင် ၃၀ ရက်နေ့တွင် ၎င်းတို့နှင့် ရွာချင်းဆက်နေသည့် ကိုရင့်ကျေးရွာကို စစ်ကြောင်းထိုးရာမှ တိုက်ပွဲ ရက်ရှည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယနေ့ (သြဂုတ် ၂၀) နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော ဟင်္သာရွာစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူ ၂၀ ခန့်ကို ဖမ်းဆီးရမိကာ ထိုသူများ ပျူစောထီးအဖွဲ့ဝင်ဟုတ်မဟုတ် စိစစ်နေဆဲဖြစ်သည်ဟု ရေစကြိုပကဖအဖွဲ့ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။
ဩဂုတ် ၁၀ ရက်နေ့တွင် ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းတစ်ခုက ပျူစောထီးအဖွဲ့ဝင် ၃၀ ထက်မနည်းရှိသည့် ဟင်္သာရွာကို အင်အားဖြည့်ရန် ရောက်ရှိလာရာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ထိုရွာကို ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု သူက ဆက်ပြောသည်။
“ပျူရွာကို ပတ်ချာလည်ကနေ ပိတ်ပြီးတော့ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေ တူးပြီး တိုက်နေတာ ဆယ်ရက်လောက်ရှိပြီ၊ ထွက်လာရင်လည်း ပစ်တယ်။ ထိတွေ့မှုက ခဏခဏဖြစ်နေတာ၊ ရွာထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ ဒရုန်းတွေ (ဗုံးသီး) ချတယ်” ဟု ၎င်းက ပြောသည်။
“အခုတော့ ဒီနေ့မနက်တော့ ပျူတွေလည်း ထွက်ပြေးသွားတယ်။ ပျူတွေ မရှိတော့ စစ်ကြောင်းကလည်း ထွက်သွားပြီ”
ဟင်္သာရွာမှ အရပ်သားများမှာ တိုက်ပွဲများစဖြစ်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ရွာထဲက ဆေးရွက်ပေါင်းရုံတွေ၊ သရက်ပင်အရိပ်အောက်တွေမှာ ဘန်ကာတွေလုပ်ထားတာ။ ပျူတွေပဲ ကျန်ခဲ့တာ” ဟု ရဲဘော်ဝေကြီးက ပြောသည်။
အခြေစိုက်စခန်း လက်လွှတ်ရပြီးနောက် စစ်သားများမှာ ပခုက္ကူမြို့သို့ ဆုတ်ခွာသွားသည်၊ ဟင်္သာရွာခံ ပျူစောထီးများလည်း ရွာမြောက်ဘက် ၆ မိုင်အကွာရှိ ပခန်းကြီးရဲစခန်းသို့ ဝင်ရောက်သွားသည်ဟု သိရသည်။

စစ်တပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ရွာမြောက်ဘက် ကပ်လျက် ကိုရင့်ကျေးရွာကို ဩဂုတ် ၆ ရက်နေ့တွင် စီးနင်း၍ အိမ်ခြေ ၂၅ လုံးကို မီးရှို့ခဲ့သလို ယမန်နေ့ (သြဂုတ် ၂၀) တွင်လည်း မီးတင်ရှို့ခဲ့သည်၊ ပျက်စီးသွားသည့် နေအိမ်အရေအတွက် မသိရသေးဟု ရေစကြိုပကဖအဖွဲ့က ဆိုသည်။
ဩဂုတ် ၁၄ ရက်နေ့ကလည်း ကိုရင့်ကျေးရွာဘက် စစ်ကြောင်းထိုးလာ၍ ဒေသကာကွယ်ရေးအဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့၍ အထိအခိုက်များသွားသော စစ်ကောင်စီတပ်သည် နေ့ချင်းပင် ကိုရင့်ကျေးရွာနှင့် တောင်ဘက်ကပ်လျက် နှောင်းဘရွာတို့ကို လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
တိုက်ပွဲဖြစ်ပွားနေသော ကျေးရွာများမှာ ပခုက္ကူမြို့နှင့် ၁၁ မိုင် အကွာအဝေးရှိ ပခုက္ကူ-ပခန်းကြီး ကားလမ်းမဘေး၊ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ မြေနုကျွန်းလွင်ပြင်များ တည်ရှိရာဒေသဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစု အင်အားများသည့် ဒေသဖြစ်ကြောင်း သိရသည်။