မဖြစ်မနေ စစ်မှုထမ်းရမည့်သူများ ပါဝင်သည့် ပထမဆုံးစစ်သင်တန်းတွင် ရောက်ရှိနေသူများသည် တယ်လီဖုန်းသုံးခွင့်မရှိဘဲ ပြင်ပနှင့် ဆက်သွယ်ခွင့်မရအောင် ထိန်းချုပ်ခံထားရသည်ဟု သင်တန်းတက်နေသူတို့၏ မိသားစုဝင်များက ပြောသည်။
မတ်လနောက်ဆုံးပတ်မှ စတင်ကာ ရန်ကုန်တိုင်းအပါအဝင် မြို့နယ်တချို့မှ လူငယ်များကို ခေါ်ယူစုဆောင်းထားပြီး အပြင်ထွက်ခွင့်လည်း ပိတ်ပင်ထားသည်ဟု ဆိုသည်။
နေပြည်တော်ဒေသခံ မိခင်တစ်ဦးကမူ သင်တန်းတက်နေသည့် သားဖြစ်သူနှင့် ဧပြီလ ၆ ရက်က ဆက်သွယ်ခွင့်ရခဲ့သည်၊ မိသားစုနှင့် စကားပြောရန် သင်တန်းအရာရှိက ခွင့်ပြုခဲ့သည်ဟု Myanmar Now ကို ပြောသည်။
စစ်သင်တန်းကျောင်းနှင့် နီးစပ်သူ၊ ငွေကြေးအဆင်ပြေသူတို့သာ ရရှိသည့် အခွင့်အရေးဖြစ်သည်ဟု သိရသည်။
စစ်သင်တန်းကျောင်းတွင် တာဝန်ယူဖူးသူ စစ်မှုထမ်းဟောင်းတစ်ဦးက ထိုသင်တန်းများတွင် အပြင်ထွက်ခွင့် ပိတ်ပင်ထားလေ့ရှိကြောင်း ပြောသည်။
“သင်တန်းကာလမှာ အပြင်ထွက်ခွင့် မပေးတာကတော့ စစ်သင်တန်းစည်းကမ်းပဲ၊ ဒါပေမဲ့ သင်တန်းဆရာနဲ့ ကျောင်းအုပ်တွေရဲ့ ခွင့်ပြုချက်အပေါ် မူတည်ပြီး မိသားစုနဲ့ တွေ့ခွင့်ရှိမရှိ အဆက်သွယ် ရမရက သူတို့အပေါ် မူတည်တာပဲ” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း မည်သည့်သင်တန်းကျောင်းသို့ ရောက်နေသည်ကို မိသားစုများ မသိနိုင်သဖြင့် သင်တန်းတက်နေသူက စတင် ဆက်သွယ်ပြီးမှ အဆက်အသွယ်ရကြမည် ဖြစ်သည်။
“စစ်သင်တန်းက ဘယ်မှာပေးမှန်းလည်း မသိဘူး၊ ဖုန်းကလည်း လာခေါ်တဲ့သူတွေက မယူရဘူးဆိုတော့ မပါသွားဘူး” ဟု သားဖြစ်သူ စစ်သင်တန်းတက်နေသည့် နေပြည်တော်နေ မိခင်တစ်ဦးက ပြောသည်။
သင်တန်းသားများကို စစ်ကောင်စီဝါဒဖြန့် သတင်းစာ၊ ရုပ်သံ၊ Sky Net ရုပ်သံလိုင်းများ ကြည့်ရှုခွင့်ပေးသည်ဟု သိရသည်။
နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်က သင်တန်းကျောင်းရှိ တပ်ခွဲ (၁၁ ခွဲ) အတွက် ထိုရုပ်သံလိုင်းများ ကြည့်နိုင်သည့် စက်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ဧပြီ ၉ ရက်နေ့ သတင်းစာတွင် ဖော်ပြထားသည်။
ပထမအကြိမ် စစ်သင်တန်းတက်ရောက်သူများက ငါတို့သည် ရဲဝင့်သော နိုင်ငံ့သားကောင်းများသာ ခေါင်းစဉ်ဖြင့် မိမိသဘောဆန္ဒအရ အဆိုပြုစစ်တပ်ထဲဝင်ရောက်ခြင်း၊ နိုင်ငံသားတိုင်း တာဝန်ကို ကျေပွန်စေရန် ယုံကြည်ချက်ဖြင့် ဝင်ရောက်ခြင်းဖြစ်ကြောင်း တညီတညွတ်တည်း ပြောဆိုကြသည်ဟု စစ်တပ်ဝါဒဖြန့် မြဝတီရုပ်သံက ထုတ်လွှင့်သည်။
ထိုသူများ စစ်သင်တန်းသို့ ရောက်ရှိကတည်းက ကြိုဆိုပွဲ၊ ဧည့်ခံပွဲများ ပြုလုပ်ပေးပြီး သင်တန်းနည်းပြဆရာများကလည်း ဆူပူကြိမ်းမောင်းခြင်းမရှိဘဲ စနစ်တကျ အိပ်၊ စား၊ သွားလာတတ်အောင် သင်ကြားပေးကြောင်းလည်း ပါရှိသည်။
“သင်တန်းကာလ သုံးလပြီးတာနဲ့ နေထိုင်ရာ ဒေသအသီးသီးကို တာဝန်ထမ်းဆောင်ခွင့်ရှိမယ်ဆိုပြီး ပြောတာကြောင့် အပြင်မှာ ကြားထားတာမျိုး၊ ရှေ့တန်းပို့ပြီး စစ်ထွက်ခိုင်းတာမျိုးမရှိပါဘူး” ဟု စစ်သင်တန်းတက်ရောက်နေသူတစ်ဦးက ထိုဝါဒဖြန့် ရုပ်သံတွင် ပြောသည်။
အင်အား အကြီးအကျယ် တိုးချဲ့စုဆောင်းနေသည့် စစ်တပ်သည် အရန်တပ်ဖွဲ့ဥပဒေဖြင့် ပြန်လည်ခေါ်ယူယူထားသော စစ်မှုထမ်းဟောင်းများကိုပင် ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေမှုများရှိနေသည်၊ ထို့ကြောင့် စစ်မှုထမ်းဥပဒေဖြင့် စစ်ပညာသင်ကြားနေရသည့် လူငယ်များကို စစ်ထွက်ခိုင်းခြင်းမရှိဆိုသည့်အချက်မှာ ယုံကြည်နိုင်ဖွယ်ရာမရှိဟု လေ့လာသူများက ဆိုသည်။
မတ်လ ၂၉ ရက်နေ့က စစ်တပ်ထဲ ဝင်ရမည့်သူများကို နေထိုင်ရာ ရပ်ကွက်ထိ ကားများဖြင့် လိုက်ခံခေါ်ယူကြောင်း၊ ၁၀ ရက်ကျော်အကြာတွင် ပထမအကြိမ်စစ်သင်တန်းကို ဧပြီ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ဧပြီ ၉ ရက်နေ့ စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
သင်တန်းမှ ထွက်ပြေးသူများ ထိတ်တုံးဖြင့် ချုပ်နှောင်ခံရ
စစ်သင်တန်းတက်ရန် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ စစ်သားစုဆောင်းရေးတပ်သို့ ရောက်နေသူတချို့ ထွက်ပြေးကြသည်ဟု ထွက်ပြေးလွတ်မြောက်လာသူတချို့နှင့် တာဝန်ထမ်းဆောင်နေဆဲ စစ်မှုထမ်းတို့က ပြောသည်။
ထွက်ပြေးသူ ၅၀ ကျော်ရှိပြီး ပြန်လည် ဖမ်းဆီးရမိသည့် ၁၀ ဦးထက်မနည်း ထိတ်တုံးခတ်ခံထားရသည်ဟု သိရသည်။
စစ်သားစုဆောင်းခံထားရသူများကို စစ်သင်တန်းသို့ တိုက်ရိုက်မပို့ဆောင်ဘဲ အခြေအနေစောင့်ကြည့်ကြောင်း၊ ထိုအထဲမှ စိတ်ချရသူများကို ရွေးချယ်၍ နေပြည်တော်နှင့် တောင်ငူရှိ စစ်သင်တန်းသို့ ပို့ဆောင်ကြောင်း စစ်မှုထမ်းတစ်ဦးက ပြောပြသည်။
လမ်းတွင် နည်းအမျိုးမျိုးဖြင့် ထွက်ပြေးသွားသူများလည်းရှိသည်ဟု အထက်ပါ စစ်မှုထမ်းက ပြောသည်။
“စုဆောင်းရေးမှာ ထွက်ပြေးတာ တော်သေးတယ်၊ ပြဿနာမတက်ဘူးပေါ့ကွာ။ စစ်သင်တန်းရောက်မှ ထွက်ပြေးရင် သင်တန်းဆရာတွေရော အကုန်လုံး အရေးယူခံရတာ” ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်သားစုဆောင်းရေးမှ ထွက်ပြေးသည့် ဖြစ်စဉ်များသည် ထူးဆန်းသည့်ကိစ္စမဟုတ်တော့ဘဲ သာမန်ဖြစ်ရိုးဖြစ်စဉ်အဖြစ်သာ မြင်တွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။
စစ်သင်တန်းကျောင်းများမှ ထွက်ပြေးခြင်း ဆိုသည်မှာ ၁၉၈၈ ခုနှစ် အာဏာမသိမ်းမီကပင် ရှိခဲ့ဖူးသည်ဟု သိရသည်။
သင်တန်းဆင်းပြီးနောက် စစ်သားဖြစ်လာလျှင်လည်း မြန်မာစစ်တပ်သည် ဖိနှိပ် ချုပ်ချယ်ကန့်သတ်မှု များပြားသည့် သဘာဝရှိရာ မိသားစုထံ အလည်ပြန်နိုင်ရေးမှာ အလွယ်တကူ မရနိုင်ပေ။
ပြစ်မှုကျူးလွန်သူများ ပစ်မှတ်ဖြစ်လာ
၂၀၂၁ တွင် အာဏာသိမ်းပြီး ပြည်သူများကို သတ်ဖြတ်၊ အိမ်မီးရှို့နေသော စစ်တပ်ထဲ ဝင်ရမည်ကို စိုးရိမ်နေကြရာ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်သည့် နယ်မြေသို့ သွားရောက်နေထိုင်သူများ ရှိသလို ခရီးစရိတ်တတ်နိုင်သူများကလည်း ပြည်ပအထိ တိမ်းရှောင်နေကြသည်။
စစ်တပ်တွင် လူအင်အား လိုအပ်နေသဖြင့် အသက်ပြည့်ပြီးသူများ မဖြစ်မနေစစ်မှုထမ်းရမည်ဟု ဥပဒေ၊ အမိန့် ထုတ်ပြန်ထားချိန်မှာပင် ရရာနည်းလမ်းဖြင့် စစ်သားစုဆောင်းနေရကြောင်း စစ်မှုထမ်းတချို့က ပြောသည်။
ရဲတပ်ဖွဲ့ကလည်း နယ်မြေရဲစခန်းများတွင် ခိုးမှုများဖြင့် အချုပ်ကျနေသည့် လူငယ်များကို ပြစ်ဒဏ်လွတ်ကင်းခွင့်ပြုကာ စစ်တပ်ထဲ ထည့်တတ်သည်ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။
“မင်းတို့အမှုအတွက် ထောင်မကျစေရဘူး၊ တပ်ထဲဝင် လစာရမယ်၊ ဒီလိုပြောလို့ စိတ်ဝင်စားရင် ခေါ်လာတာပဲ၊ ဒီကောင်တွေက ခံယူချက်လည်းမရှိတော့ ထောင်မကျပြီးရော၊ ရရင်ရသလိုပြေးမယ့် အတွေးနဲ့ လိုက်လာတာ။ သေမထူးနေမထူးဆိုပြီး စားစရာမရှိ နေစရာမရှိလို့ ဝင်လာတာမျိုးလည်း ရှိတယ်” ဟု သူက ပြောသည်။
စစ်သားစုဆောင်းရေးသို့ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ရောက်ရှိလာကြပြီး မိမိသဘောဆန္ဒဖြင့် စစ်မှုထမ်းရန်ဆိုကာ လာရောက်သူများလည်း ရှိသည်ဟု သိရသည်။
မကြာသေးမီက Myanmar Now နှင့် စကားပြောခွင့်ရရှိသည့် မွန်ပြည်နယ် ကျေးလက်ဒေသမှ လူငယ်တစ်ဦးကလည်း ညီဖြစ်သူ တပ်ထဲမရောက်ရှိစေရန် မိမိသဘောဆန္ဒဖြင့် စစ်တပ်ထဲ ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။
နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရပြီး စစ်စခန်းများ လက်လွတ်ဆုံးရှုံးနေသည့် စစ်တပ်သည် ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ ရေးဆွဲခဲ့သည့် စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ကတိုက်ကရိုက်ကြေညာလိုက်ပြီး စစ်သင်တန်းအပတ်စဉ်တစ်ခုလျှင် တပ်သားသစ် ၅၀၀၀ နှုန်း ခေါ်ယူမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
စစ်မှုထမ်းဥပဒေဖြင့် လူစုပြီးပါက ဆုံးရှုံးနယ်မြေများ ပြန်သိမ်းမည်ဟု ၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်က ဆိုသည်။
စစ်သင်တန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာမြို့ နယ်မြေသင်တန်းကျောင်း၌ သင်ကြားပေးသည်ဟု ဝါဒဖြန့်သတင်းစာများတွင် ပါရှိသည်။
ဧပြီ ၉ ရက်နေ့သတင်းစာတွင် နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ပအိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တို့တွင် ဝန်ကြီးချုပ်များကိုယ်တိုင် သင်တန်းတက်ရောက်ဖွင့်လှစ်ပေးကြကြောင်း အကျယ်တဝင့်ဖော်ပြခဲ့သည်။
စစ်တပ် ထုတ်ပြန်သည့် ထိုဥပဒေတွင် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည်၊ ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်နိုင်သည်ဟု ရေးထားသည်။ ဒေသအသီးသီးတွင် စစ်ထဲဝင်ကြရန် လှုံ့ဆော်ခြင်း၊ အသက် ၁၈ နှင့် ၃၅ ကြား အမျိုးသားများထဲမှ တချို့ကို ရွေးချယ်ပြီး စစ်တပ်ထံ အပ်နှံခြင်းတို့ကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက တာဝန်ယူ ဆောင်ရွက်နေသည်။
စစ်ကောင်စီ အသက်သွင်းသည့် စစ်မှုထမ်းဥပဒေမှာ တရားဝင်မှု မရှိသည့်အတွက် လိုက်နာရန် မလိုအပ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။