အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

တန်ဖိုးမဲ့အသက်နှင့် စစ်မှုထမ်းများ

“မင်းတို့ ပစ(ပြည်သူ့စစ်မှုထမ်း) ၂၀ နဲ့ သန္ဓေတစ်ယောက်နဲ့ လဲမှာ မဟုတ်ဘူး။မင်းတို့ ပစတွေက နှစ်နှစ်ပဲ တာဝန်ထမ်းရမယ်။ သူတို့ သန္ဓေတွေက နှစ်တွေအများကြီး တာဝန်ထမ်းရမယ်။ စစ်မြေပြင်မှာလည်း ပြည်သူ့စစ်မှုထမ်းတွေကိုပဲ ရှေ့တက်ခိုင်းမယ်။ မင်းတို့ စစ်မှုထမ်းတွေ ကြိုက်သလောက်သေ၊ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်တွေ အများကြီးရှိသေးတယ်လို့ အထက်အရာရှိတွေပြောပါတယ်” ဟု အာရက္ခတပ်တော် AA ထံဘက်ပြောင်းခိုလှုံခဲ့သည့် ပြည်သူ့စစ်မှုထမ်းတပ်သား ကိုနိုင်ခန့်ကျော်က ပြောသည်။

သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ပြီးအုပ်ချုပ်ရေးအာဏာယူထားသည့် စစ်ခေါင်းဆောင်သည် တော်လှန်ရေးအဖွဲ့များကို ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းထားသည်။ သို့သော် လက်တွေ့တွင်မူ ဆုံးရှုံးနယ်မြေများ ပြန်ရရေးအတွက် စစ်မှုထမ်းသစ်များကို အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

အဆိုပါ စစ်မှုထမ်းသစ်များသည် ၂၀၂၄ ခုနှစ်တွင် စစ်ခေါင်းဆောင် လက်မှတ်ထိုးကာ တစ်ဖက်သတ် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် လူငယ်လူရွယ်များကို စစ်မှုထမ်းအဖြစ် အတင်းအကျပ်စုဆောင်းထားခြင်းသာဖြစ်သည်။ 

စစ်မှုထမ်း (ပစ) များသည် စစ်တပ်အရာရှိများ၊ ‘သန္ဓေစစ်သား’ ဟု ခေါ်ကြသော အမြဲတမ်း စစ်သားအဖြစ်တာဝန်ထမ်းနေသူများ၏ အမြင်တွင် တစ်ဆင့်နိမ့်စစ်သားများ၊ ခြိမ်းခြောက်ဖိနှိပ်စရာ၊ စတေးခံရမည့် အသက်များ ဖြစ်နေသည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် စစ်မှုထမ်းများက ပြောသည်။

စစ်မှုထမ်းစုဆောင်းခံထားရသည့် စစ်သားသစ်များကို ရှေ့တန်းစစ်မြေပြင်သို့ ပို့မည်မဟုတ်ကြောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုစဉ်က ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC မြန်မာပိုင်း သတင်းဌာနကို ပြောဆိုခဲ့ဖူးသည်။ 

သို့ရာတွင် စစ်တပ်သည့် ပြောစကားနှင့်မညီ စစ်မှုထမ်းစစ်သားသစ်များကို အန္တရာယ်များသည့် စစ်မြေပြင်တွင် အသေခံ စစ်ကြောင်းထိုးရာ၌သုံးနေသည် ဆိုသော သတင်းများသည် စစ်ခေါင်းဆောင် ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူးမခန့်အပ်  ခင်ကတည်းက တော်လှန်ရေးတပ်များဘက်က ထုတ်ဖော် ပြောဆိုနေကြသည့်အချက်ဖြစ်ရုံမက စစ်တပ်လက်ထဲမှ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်များထံ လက်နက်ချလာသူများက ထုတ်ဖော်ပြောလာသည့် အခါတွင် ထိုအချက်သည် ပိုမိုခိုင်မာလာသည်။

စစ်မှုထမ်းအဖြစ်စုဆောင်းခံထားရသည့် အရပ်သားများကို စစ်သင်တန်းပေးနေစဉ်။ (ဓာတ်ပုံ – ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ-တယ်လီဂရမ်)

ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ်

ယခုနှစ်ဆန်း ဇန်နဝါရီလ ၂၃ ရက်တွင် အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် စစ်တပ်ဘက်မှ သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည့် စစ်မှုထမ်းတပ်သား ကိုချစ်ကိုဇင်က ၎င်း၏ ဆန္ဒမပါဘဲ စစ်မှုထမ်းလိုက်ပါဖြစ်ခဲ့ပုံကို ပြောပြသည်။

ပဲခူးတိုင်း ပဲနွယ်ကုန်းဇာတိ အသက် ၂၀ အရွယ် ကိုချစ်ကိုဇင်သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် ၎င်း ပန်းရံအလုပ်လုပ်ရာ ရန်ကုန်မြို့ရှိ လုပ်ငန်းခွင်တွင် အလုပ်ပြီးချိန် သူငယ်ချင်းများနှင့်အတူ အရက်သောက်သည်။ ယင်းနောက် စက်ဘီးဖြင့် တည်းခိုရာအဆောင်သို့ ပြန်လာစဉ် စစ်တပ်က လမ်းတွင် ရိုက်နှက်၍ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ 

စစ်သားများက ၎င်းအား ရန်ကုန်မြို့ရှိ စစ်စခန်းတစ်ခုသို့ခေါ်ဆောင်သွားပြီးနောက် နှစ်နှစ်စစ်မှုထမ်းမည်လား၊ ထောင်ကျခံမည်လားဟု ရွေးချယ်စရာ နှစ်ခုပေးသည်။ 

၎င်းတို့ ရွေးချယ်ခိုင်းမှုနှင့် ပတ်သက်၍ ကိုချစ်ကိုဇင် ဇဝေဇဝါဖြစ်သည်။ “ကျွန်တော်က ဘာပြစ်မှု ကျူးလွန်ထားလို့ ထောင်ကျရမှာလဲ”ဟု ပြန်မေးသော်လည်း စစ်သားများက ပြစ်မှုကို တိတိပပမပြောဘဲ ထောင်ချမည်ဟုသာ တွင်တွင်ပြောကြောင်း ကိုချစ်ကိုဇင်က ဆိုသည်။

ဤသို့ဖြင့် ထောင်မကျလိုသောကြောင့် ကိုချစ်ကိုဇင်သည် စစ်မှုထမ်းရန် ရွေးချယ်ခဲ့သည်။ 

ကိုချစ်ကိုဇင်တို့ကဲ့သို့ စစ်မှုထမ်းသစ်များကို စစ်တပ်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့တွင် သုံးလအခြေခံစစ်ပညာသင်တန်းပေးသည်။

ထို့နောက် တပ်မ (၁၀၁) လက်အောက်ခံ မကွေးတိုင်း ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၇ တပ်ရင်းသို့ ပို့၍ ကိုချစ်ကိုဇင်တို့ကို မွမ်းမံစစ်သင်တန်းဆိုသည့် ခေါင်းစဉ်ဖြင့် နှစ်ပတ်သင်တန်း ထပ်မံတက်စေသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် စစ်သင်တန်းဆင်းသည်။

သင်တန်းတွင် စစ်တပ်အရာရှိများက “စစ်လည်း ပြီးတော့မယ်။ နိုင်ငံရေးလည်း အခြေအနေကောင်းတော့မယ်။ မင်းတို့ ဘယ်မှလည်း အထွေအထူးသွားစရာမလိုတော့ဘူး။ စစ်လည်းတိုက်စရာမလိုဘူး။ စိတ်အေးအေးထား။ မင်းတို့ကောင်းကောင်းမွန်မွန်နေထိုင်ရတော့မယ်” ဟု ပြောကြောင်း ကိုချစ်ကိုဇင်က ဆိုသည်။

သင်တန်းပြီးလျှင် နေပြည်တော်နှင့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တို့ရှိ စစ်တပ်အထိုင်စခန်း၊ စစ်ဆေးရေးဂိတ်စသည်တို့တွင် တာဝန်ကျနိုင်သည်ဟု စစ်တပ်အရာများက တွင်တွင်ပြောနေသော်လည်း မွမ်းမံသင်တန်းပြီးသည့်နောက် တစ်ပတ်အကြာတွင် ကိုချစ်ကိုဇင်အပါအဝင် စစ်သား ၁၁၈ ယောက်သည် AA နှင့် တိုက်ပွဲများဖြစ်နေသည့်ဒေသရှိ ပဒါန်းအမြောက်တပ်သို့ ပို့ဆောင်ခံရသည်။

စစ်သား ၁၁၈ ဦးတွင် ၈၀ သည် စစ်မှုထမ်း(ပစ)စစ်သားများဖြစ်ပြီး ၂၀ ကျော်မှာ သန္ဓေစစ်သားများဖြစ်ကြောင်း ကိုချစ်ကိုဇင်က ပြောသည်။

စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ မကြာခဏဖြစ်နေသည့် ပဒါန်းတပ်နယ်တွင် တစ်လခွဲခန့် ခက်ခက်ခဲခဲ ရှင်သန်ရန်ကြိုးစားခဲ့ရကြောင်း ၎င်းက ရုပ်သံအင်တာဗျူးတွင် ပြောထားသည်။

လူတစ်ယောက်၏ ရင်စို့ခန့်နက်သည့် ကတုတ်ကျင်းများကို အားသွန်ခွန်စိုက်တူးရသည့်အခါများတွင် သန္ဓေစစ်သားများက မတူးဘဲ ပစစစ်သားသစ်များကိုသာ တူးခိုင်းကြောင်း၊ တစ်လခွဲအတွင်း တိုက်ပွဲများ၌ လူ ၁၁၈ ယောက်ပါသော ကိုချစ်ကိုဇင်တို့ စစ်ကြောင်းသည် တစ်ဝက်နီးပါး သေဆုံးပြီး လူ ၅၀ ကျော်သာ ကျန်ကြောင်း ၎င်းကပြောသည်။

“ပစ တော်တော်များများဟာ စနိုက်ဘာမှန်တဲ့သူနဲ့၊ Drop Bomb (ဒရုန်းဗုံး) ကျလို့ ဗုံးစမှန်တဲ့သူနဲ့ ကျွန်တော်တို့မှာ တိုက်ပွဲဖြစ်ပြီဆိုရင် ရှေ့ကိုလည်း မတက်ရဲ။ နောက်ကိုလည်း မဆုတ်ရဲပါ။ ရှေ့က ကျွန်တော်တို့ရန်သူအဖွဲ့အစည်း တွေက ပစ်သတ်ရင်လည်း သေရမယ်။ နောက်ပြန်ဆုတ်မယ်ဆိုရင်လည်း တပ်ရင်းမှူး အဘက နောက်ဆုတ်ရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်” ဟု ဆိုသည်။

၎င်းသည် မကွေးတိုင်း အမ်း- ပဒါန်းလမ်းအနီး ပဇီရွာတွင် တာဝန်ထမ်းနေစဉ် ယခုနှစ်ဆန်းပိုင်းတွင် အာရက္ခတပ်တော် (AA) ၏ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည်။

AA တပ်ဖွဲ့ဝင်များက ကိုချစ်ကိုဇင်တို့ စခန်းချသည့် ပဇီရွာအနီးရှိ တောင်ကုန်းကို ဇန်နဝါရီလ ၁၇ ရက်တွင် တက်သိမ်းသော အခါတွင်မှသာ ကံကောင်းထောက်မသဖြင့် အသက်မသေဘဲ သူငယ်ချင်း ပစ စစ်သားတစ်ဦးနှင့်အတူ စစ်သုံ့ပန်းအဖြစ် အဖမ်းခံရကြောင်း ၎င်းက ပြောပြသည်။

“တပ်ဘက်က လက်နက်ကြီးတွေ၊ Drop Bomb တွေချနေတဲ့ကြားက AA တပ်ဖွဲ့ဝင်တွေ ဂရုတစိုက်ခေါ်ထုတ်လို့ ကျွန်တော်တို့ အသက်ရှင်ခဲ့ရတာပါ” ဟု ကိုချစ်ကိုဇင်က ရုပ်သံဖိုင်တွင်ပြောသည်။

  သတ်ကွင်းကို ရှေ့ကဖြတ်ရခြင်း

အသက် ၁၉ နှစ်အရွယ် ကိုသူရအောင်သည် ကချင်ပြည်နယ် အင်းတော်မြို့သားဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွင် အဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဖူးသူဖြစ်သည်။

သူသည် မိသားစုအခြေအနေကြောင့် ပကဖမှ ထွက်ကာ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန် ရန်ကုန်သို့ ထွက်လာစဉ်တွင် စစ်အာဏာရှင်တပ်၏ သေနတ်ထောက်ခြိမ်းခြောက်မှုကြောင့် စစ်သားသစ်အဖြစ် စုဆောင်းခံလိုက်ရသူဖြစ်သည်။

ပဲနွယ်ကုန်းမြို့သား ကိုချစ်ကိုဇင်က စစ်မြေပြင်တွင် သေနတ်ကိုင်ခဲ့ရသော်လည်း ကိုသူရအောင်တို့မှာ စစ်မှုထမ်းသစ်အဖြစ်စုဆောင်ခံရသော်လည်း ရှေ့တန်းတွင်ပင် သေနတ်ကိုင်ခွင့်မရခဲ့ပေ။

စစ်မှုထမ်းအဖြစ်စုဆောင်းခံထားရသည့် အရပ်သားများကို စစ်သင်တန်းပေးနေစဉ်။ (ဓာတ်ပုံ – ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ-တယ်လီဂရမ်)

ကိုသူရအောင်သည် ယမန်နှစ် အောက်တိုဘာလ ရန်ကုန်သို့ထွက်လာသည့် ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ ဧည့်ရိပ်သာတစ်ခုတွင် အကိုကြီး၊ ညီဖြစ်သူတို့နှင့် အတူတည်းခိုနေစဉ်  ည ၇ နာရီခွဲခန့်တွင် ရဲ၊ ထွေအုပ်စသည့် ဌာနဆိုင်ရာဝန်ထမ်းနှင့် သေနတ်ကိုင် စစ်သား ၂၀ ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

၎င်း၏ အစ်ကိုကြီးဖြစ်သူသည် HIV ပိုးကူးစက် ခံစားနေရသူတစ်ဦးဖြစ်ပြီး ဆေးလက်မှတ်များ ထုတ်ပြသည့်အခါ စစ်သားများက မဖမ်းတော့ပေ။

အလားတူ ကိုသူရအောင်၏ ညီဖြစ်သူမှာ အသက် ၁၈ နှစ်မပြည့်သေးကြောင်း ပြောပြနိုင်သဖြင့် အဖမ်းမခံရဘဲ ၎င်းတစ်ဦးတည်းသာ အဖမ်းခံလိုက်ရကြောင်း ကိုသူရအောင်က Myanmar Now ကိုပြောသည်။

ကိုသူရအောင်ကို စစ်သားများက ရွှေဘိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တစ်ညအိပ်စေပြီး နောက်ရက်တွင် အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေဘိုသို့ ပို့ဆောင်လိုက်သည်။

အဆိုပါတပ်တွင် ၁၃ ရက်ခန့်နေပြီးနောက် စစ်ကိုင်းမြို့အခြေစိုက် တပ်မ (၃၃) ဌာနချုပ်သို့ လည်းကောင်း၊ ထိုမှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့သို့လည်းကောင်း ထပ်မံပို့ဆောင်ခံရကြောင်း ကိုသူရအောင်က ပြောသည်။ 

ဟိုပုံးတွင် စစ်မှုထမ်းအပတ်စဉ် (၁၉) အတွက် ယမန်နှစ် နိုဝင်ဘာလ ၁၆ ရက်မှစတင်၍ စစ်သင်တန်း သုံးလခန့်တက်ရကြောင်း၊ သင်တန်းဆင်းပြီးနောက် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းနှင့်အတူ မကွေးတိုင်းအတွင်း စစ်ကြောင်းထိုးရာ၌ ပါခဲ့ကြောင်း၊ မကွေးတိုင်း ပေါက်မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့၌ စစ်ကြောင်းထိုးနေစဉ် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ကိုသူရအောင်က ပြောသည်။

တော်လှန်ရေးတပ်များ၏ ကြားဖြတ်ပစ်ခတ်မှုများ ကြုံနေရသည့် စစ်ကြောင်းနှင့်အတူ စစ်ချီရာတွင် ရိုင်ဖယ်သေနတ် ကိုင်ခွင့်မရဘဲ စစ်တပ်၏ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများထည့်ရာ ကျောပိုးအိတ်များ ထမ်းပိုးခဲ့ရသည်ဟု ၎င်းက ပြောသည်။

“သူတို့ပေးတဲ့ အထုပ်တွေ၊ ကျောပိုးအိတ်တွေကိုပဲ လွယ်ပြီးတော့ သူတို့နောက်က လိုက်နေရတာပါ ။ ကျွန်တော်တို့ အပတ်စဉ် (၁၉) နဲ့ ကျွန်တော်တို့ရဲ့ စီနီယာ အပတ်စဉ် (၁၈)၊ ဒီအပတ်စဉ် နှစ်ခုလုံးကို သေနတ် မကိုင်ခိုင်းဘူး” ဟု ကိုသူရအောင်က ပြောသည်။

စစ်ကြောင်းချီရာလမ်းတွင် ကိုသူရအောင်နှင့် ခင်မင်သည့် စစ်မှုထမ်းအပတ်စဉ် (၁၈) မှ စစ်မှုထမ်းသစ်တစ်ဦးလည်း လမ်းတွင် တော်လှန်ရေးတပ်များထောင်သည့် မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်သွားသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် စစ်ကြောင်း၏ ချီတက်ရာ ရှေ့ကင်းတွင်လည်း စစ်မှုထမ်းသစ်များကိုသာ ဦးဆောင်စစ်ကြောင်းထိုးစေပြီး တိုက်ပွဲဖြစ်လျှင် စစ်တပ်အရာရှိများက နောက်တွင်သာနေကြောင်း ကိုသူရအောင်က ပြောသည်။

“တိုက်ပွဲဖြစ်ပြီဆိုရင် အရာရှိတွေ၊ ဆရာကြီး (တပ်ကြပ်ကြီး) တွေက နောက်မှာပဲ နေတာ။ ကျွန်တော်တို့လို သင်တန်းဆင်းတွေကိုပဲ အရှေ့ကို တက်ခိုင်းတာ။ အနောက်ကနေ ‘ငါ ပစ်သတ်လိုက်မှာ’ ဆိုပြီးတော့လည်း ခြိမ်းခြောက်တယ်။ တကယ်တမ်း တိုက်ပွဲဖြစ်ရင် အဲ့ဒီအရာရှိတွေက ဘယ်ပျောက်သွားမှန်း မသိဘူး” ဟု ကိုသူရအောင်က ဆိုသည်။

ထို့အပြင် စစ်တပ်ထဲရှိ အမြဲတမ်းစစ်သားများသည် စစ်သားသစ်များကို စိတ်ကြွဆေးပြားများ သုံးလိုလျှင်လည်း တားမြစ်ခြင်းမရှိဘဲ သုံးခွင့်ပြုနေကြောင်း ကိုသူရအောင်ကဆိုသည်။

“သူတို့ခေါ်တာကတော့ ‘ရဲဆေး’ပေါ့။ အဲ့ဒါက အပြာရောင်တွေ၊ အနီရောင် ဆေးတွေကို စစ်ကြောင်းထိုးတဲ့  အခါမှာတော့ သုံးကြတယ်။ သင်တန်းသားသစ်တွေကို အတင်းအဓမ္မ  သုံးခိုင်းတာမျိုးတော့ မတွေ့ရဘူး။ ဒါပေမဲ့ သုံးချင်တယ်ဆိုရင်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သုံးရတာပေါ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သုံးနေတဲ့ သူတွေကိုတော့ ကျွန်တော် ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်” ဟုဆိုသည်။

စစ်မြေပြင်တွင် စိတ်ကြွဆေးပြားများကို စစ်တပ်တပ်ဖွဲ့ဝင်များ ရောင်းဝယ်သုံးစွဲနေသည့်အကြောင်း ပဒါန်းတပ်နယ် ပဇီရွာတွင် စစ်သုံ့ပန်းအဖြစ် AA ထံအဖမ်းခံခဲ့ရသည့် ကိုချစ်ကိုဇင်နှင့် AA ထံဘက်ပြောင်းလာသည့် ရခိုင်လူမျိုး စစ်သားသစ်တစ်ဦးဖြစ်သူ ကိုနိုင်ခန့်ကျော်တို့က ဝန်ခံထားသည်ကို AA က ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။

သို့သော် အာဏာသိမ်းတပ်၏ စစ်သားများအကြား စိတ်ကြွဆေးသုံးမှု မည်မျှအထိ ကျယ်ပြန့်နေသည်ဆိုသည်ကိုမူ အတိအကျပြောရန် မလွယ်ပေ။

အင်းတော်မြို့သား ကိုသူရအောင်ကမူ စစ်ကြောင်းတစ်လျှောက် အထုပ်ထမ်းပေးရသည့် ဘဝမှ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာသည်။

ထွက်ပြေးလာစဉ်တွင် စစ်အာဏာရှင်တပ်၏ တပ်သားတစ်ဦးထံမှ ရိုင်ဖယ်တစ်လက်ကို ယူ၍ စခန်းပတ်လည်တွင် ထောင်ထားသည့် မိုင်းကွင်းကို ဖြတ်ကျော်ပြေးလာခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော် ကင်းစောင့်ရတဲ့အချိန်မှာ မိုင်းကွင်းတွေကြားထဲကနေ ဖြတ်လျှောက်ပြီး ပြေးခဲ့တာ။ သူတို့နောက်ကနေ လိုက်လာတာတွေ ရှိပေမယ့် ကျွန်တော်ကတော့ ‘သူတို့လက်ထဲမှာ အသေမခံဘူး’ ဆိုပြီး တစ်နာရီလောက် နောက်ကိုတောင် မလှည့်ကြည့်ဘဲ တောက်လျှောက်ပြေးခဲ့တာပါ။ အဲ့ဒီအချိန် မျက်စိထဲ ဘာမှမမြင်တော့ဘူး။ ပြေးဖို့ပဲ သိတော့တာ” ဟု ၎င်းက ဆိုသည်။

ကံကောင်းထောက်မစွာဖြင့် ကိုသူရအောင်တစ်ယောက် မိုင်းမနင်းမိခဲ့ဘဲ တော်လှန်ရေးတပ်များထံ ရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းကို ယင်းမာပင်ခရိုင် ပကဖက လက်ရှိတွင် စောင့်ရှောက်ထားသည်။

စစ်တပ်သည် ၎င်းတို့၏ အမြဲတမ်းတပ်ဖွဲ့ဝင်များကို ပြည်သူ့စစ်မှုထမ်း “ပစ” စစ်သားများ ထက်ပိုတန်ဖိုးထားကြောင်း စစ်မြေပြင်တွင် နှုတ်ဖြင့် ထုတ်ပြောသည်များရှိကြောင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ တွင် အာရက္ခတပ်တော် (AA) ထံဘက်ပြောင်းလာသည့် ရခိုင်လူမျိုး ပစ စစ်သား ကိုနိုင်ခန့်ကျော်က ပြောသည်။

“မင်းတို့ ပစ ၂၀ နဲ့ သန္ဓေတစ်ယောက်နဲ့ လဲမှာ မဟုတ်ဘူး။မင်းတို့ ပစတွေက နှစ်နှစ်ပဲ တာဝန်ထမ်းရမယ်။ သူတို့ သန္ဓေတွေက နှစ်တွေအများကြီး တာဝန်ထမ်းရမယ်။ စစ်မြေပြင်မှာလည်း ပြည်သူ့စစ်မှုထမ်းတွေကိုပဲ ရှေ့တက်ခိုင်းမယ်။ မင်းတို့ စစ်မှုထမ်းတွေ ကြိုက်သလောက်သေ၊ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်တွေ အများကြီးရှိသေးတယ်လို့ အထက်အရာရှိတွေပြောပါတယ်” ဟု ကိုနိုင်ခန့်ကျော်က ပြောသည်။

ကိုနိုင်ခန့်ကျော်သည် မကွေးတိုင်း အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်ဗျူဟာမှ AA ထံထွက်ပြေးလွတ်မြောက်လာသူ ဖြစ်သည်။

စစ်မှုထမ်းအဖြစ်စုဆောင်းခံထားရသည့် အရပ်သားများကို စစ်သင်တန်းပေးနေစဉ်။ (ဓာတ်ပုံ- ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ- တယ်လီဂရမ်)

 လူငယ်လူရွယ် လူသားတံတိုင်းများ

စစ်တပ်ကို လက်နက်ကိုင်တိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်တပ်သည် တစ်နိုင်ငံလုံးရှိ စစ်မြေပြင်တွင် လူအသေခံကာ ရှေ့တိုး၍ ဆုံးရှုံးနယ်မြေများကို တိုက်ယူနေသည်ဟု ပြောဆိုမှတ်ချက်ပြုမှုများ ရှိသည်။

NUG ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဒုစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်ကလည်း ရှေ့တန်းစစ်မြေပြင်တွင် စစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများနေကြောင်း မေလ ၂၉ ရက်တွင် ၎င်း၏ Facebook စာမျက်နှာ၌ ဖော်ပြသည်။

“တရားဝင် သတင်းမထုတ်ပြန်ပေမယ့် ကျွန်တော်တို့ဆီ တက်လာတဲ့ Daily Report (နေ့စဉ်သတင်း) တွေအရ နေ့စဉ်တိုက်ပွဲ အသီးသီးကနေ သိမ်းဆည်းရမိတဲ့ ရန်သူ့လက်နက် ၊ အလောင်းတွေဟာ မနည်းပါဘူး ။ တကယ့်စစ်မြေပြင်ရဲ့ အဖြစ်သနစ်ကို ကျွန်တော်တို့တင် မကဘူး၊ ရန်သူကိုယ်တိုင်လည်း ကောင်းကောင်းသိပါတယ်။ အခြေအနေမှန်ကိုသိဖို့ ခက်ခဲနေတာက ကျွန်တော်တို့ ပြည်သူလူထုဖြစ်ပါတယ်”ဟု ဆိုသည်။

စစ်မြေပြင်တွင် တော်လှန်ရေးတပ်များအတွက် ရွေးချယ်စရာမရှိဘဲ စစ်ကြောင်းချီလာသည့် ပြည်သူ့စစ်မှုထမ်းစစ်သားသစ်များကိုလည်း အပြတ်ချေမှုန်းရကြောင်း ဒေါက်တာစိုးသူရဇော်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပဲခူးတိုင်း စစ်ဆင်ရေးမှူး ရဲဘော် ဘီဘီ ကလည်း တော်လှန်ရေးတပ် အရှင်ဖမ်းမိသည့် ပြည်သူ့စစ်မှုထမ်း စစ်သားသစ်များသည် အရက်နှင့် စိတ်ကြွဆေးဒဏ် ခံစားနေရမှုများ မြင်တွေ့ရကြောင်းဆိုသည်။

စစ်တပ်သည် ပြည်သူ့စစ်မှုထမ်း စစ်သားသစ်များအား ရှေ့တန်းစစ်မြေပြင်ရှိ ပြည်သူလူထုပိုင်ပစ္စည်းများ သိမ်းယူခွင့်ပြုထားသည်များတွေ့ရကြောင်း ၎င်းက ပြောသည်။

“အရက်ဒဏ်တွေ၊ စစ်မြေပြင်မှာ ကြုံရတဲ့ လောဘတွေကြောင့် တချို့လည်း ပျော်သွားတာတွေရှိတယ်။ ဆင်ခြင်တုံတရားလည်း မရှိတော့ဘူး။ ရှေ့တက်ဆိုရင် တက်ကြတာပဲ” ဟု ရဲဘော်ဘီဘီ ကပြောသည်။

ဆက်လက်၍ ရဲဘော်ဘီဘီက ပဲခူးတိုင်းအတွင်း မေလအတွင်း စစ်တပ်က အင်အား ၁၀၀ ဖြင့် စစ်ကြောင်းထိုးလာပြီး အများစုသည် ပြည်သူ့စစ်မှုထမ်းများဖြစ်ကြောင်း ဆိုသည်။

“သန္ဓေဆိုလို့ သုံး၊ လေးယောက်ပဲပါတယ်။ တက်ခိုင်းတာက တကယ့်မိုင်းကွင်း။ သတ်ကွင်းကို တက်ခိုင်းတာ။ အဲဒီမှာ သူတို့လည်း သေတာအတုံးအရုံးပေါ့ဗျာ။ ကျွန်တော်တို့လည်း မိုင်းတွေကုန်၊ ကျည်ကုန်ပေါ့။ အဲဒါပြီးမှ တကယ်တိုက်မယ့် စစ်ကြောင်းကို စစ်တပ်က ထပ်လွှတ်တာ” ဟု ၎င်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒုစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်ကလည်း ပြည်သူ့စစ်မှုထမ်း စစ်သားသစ်များအနေနှင့် စစ်မြေပြင်တွင် အသေမခံဘဲ ထွက်ပြေးကြရန် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား တိုက်တွန်းထားသည်။

“အတင်းအဓမ္မစုဆောင်းခံရတဲ့ ပစတွေအတွက်ကတော့ ရွေးချယ်စရာရှိပါတယ်။ အဲ့ဒီ ရွေးချယ်စရာကတော့ အခွင့်အရေးရရင် လွတ်အောင်သာ ပြေးကြပါ။ တိုက်ရည်ခိုက်ရည် အပုံကြီးကွာနေတဲ့ စစ်ပွဲထဲမှာ ပစတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အလကား အသေမခံပါနဲ့ ။ ကိုယ့်ရဲ့ ဘဝအနာဂတ်တွေကို ရင်းပြီးမှ စစ်ပွဲထဲမှာလာပြီး အလကား အသေမခံပါနဲ့” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရ ဆန့်ကျင်သည့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ  (SDP) အထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကိုကမူ စစ်မှုထမ်းခေါင်းစဉ်အောက်တွင် စုဆောင်းခံလိုက်ရသည့် စစ်သားသစ်များနှင့်ပတ်သက်၍ ဘက်ပြောင်း လက်နက်ချရန် တော်လှန်ရေးအင်အားစုများက ပြောနေသော်လည်း ခိုင်မာသည့် အစီအစဉ်တရပ် မတွေ့ရသေးကြောင်း Myanmar Now ကိုပြောသည်။

“ဘယ်လို ကာကွယ်ပေးမလဲ။ လူငယ်တွေကို ဘယ်လိုမျိုး ကျွန်တော်တို့က လုံခြုံစိတ်ချတဲ့နေရာတွေကို ပို့ဆောင်ပေးမလဲ။ ဒီလူငယ်တွေရဲ့ အင်အားကို လွတ်မြောက်ဒေသတွေမှာ ဘယ်လို ပြန်သုံးမလဲဆိုတာမျိုးတွေ ကြိုတင်စီမံချက်တွေ ရှိဖို့လိုတယ်။ Plan A၊ B၊ C တွေ ရှိဖို့လိုတယ်။ အဲ့ဒါတွေ တိတိကျကျတော့ မတွေ့ဘူး” ဟု ကိုကျော်ကိုကိုက ဆိုသည်။

စစ်တပ်၏ ပြည်သူ့စစ်မှုထမ်းခေါင်းစဉ်အောက်တွင် စစ်သားစုဆောင်းနေမှုကို ခိုင်မာသည့် စီမံကိန်း မချဘဲ လျစ်လျူရှုလျှင် တော်လှန်ရေးအင်အားစုအတွက်သာမက ပြည်သူလူထုအတွက်ပါ ဆိုးကျိုးများလာနိုင်ကြောင်း ကိုကျော်ကိုကိုက ထောက်ပြသည်။

“အရင်က စစ်သားရှားပါးတဲ့အတွက်ကြောင့်မို့လို့ စစ်သား ၁၀၀၊ ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလို့ မနိုင်ခဲ့ဘူး။ အခု ထောင်ဂဏန်းရှိတဲ့ စစ်အင်အားတွေနဲ့ စစ်ကြောင်းလေးငါးကြောင်း ဖြန့်ခွဲပြီး ထိုးနိုင်တဲ့ အင်အားတွေကို စစ်တပ်က လွှတ်နေတာ။ ဆိုတော့ နယ်မြေတစ်ခု လက်လွှတ်ရတာတို့၊ စိတ်ပိုင်းဆိုင်ရာ အရေးနိမ့်တာတို့၊ လူအင်အားချင်း မယှဉ်နိုင်တာတို့ အဲဒီလိုတွေ ဖြစ်လာတယ်။ သိမ်းပိုက်ထားပြီးသား နယ်မြေတွေကနေ ပြန်လည်ဆုတ်ခွာနေရတဲ့ အခြေအနေတွေကို တွေ့ရတာကလည်း အဲ့ဒါနဲ့ဆိုင်မယ် ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ခေါင်းဆောင်တပ်ချုပ်အဖြစ်တာဝန်ယူနေစဉ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးမည်ဟု အတည်ပြုထုတ်ပြန်ပြီး စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းကို ဧပြီလတွင် စတင်ခဲ့သည်။

အပတ်စဉ် တစ်ခုလျှင် သင်တန်းသား ၅၀၀၀ နှုန်းဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မေလ ၂၅ ရက်တွင် စစ်မှုထမ်းအပတ်စဉ် (၂၅) အခြေခံစစ်ပညာသင်တန်းကို စစ်တပ်လက်အောက်ခံ တိုင်းစစ်ဌာနချုပ်များ၌ ကျင်းပခဲ့သည်။

လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဗိုလ်ကြီး ဇင်ယော်က စစ်တပ်သည် စစ်မှုထမ်းသက်တမ်း နှစ်နှစ်ပြည့်သွားသည့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁)နှင့် အပတ်စဉ်(၂) သင်တန်းဆင်းများထဲမှ လူအချို့ အိမ်ပြန်နိုင်ကြောင်း ဝါဒဖြန့်နေသော်လည်း အိမ်ပြန်နိုင်သည့် လူဦးရေမှာ အပတ်စဉ်တစ်ခု၏ ထက်ဝက်ပင် မရှိကြောင်း ပြောသည်။

ထူးခြားသည်မှာ စစ်တပ်က ထုတ်ပြန်သော အိမ်ပြန်နိုင်သည့် လူများထဲတွင် ထိခိုက်ဒဏ်ရာရသူများပါဝင်သည်ကို မတွေ့ရဘဲ ကိုယ်လက်အင်္ဂါအကောင်းပကတိရှိနေသူများကိုသာ တွေ့ရသည်။

ဗိုလ်ကြီးဇင်ယော်က “လက်တွေ့မှာတော့ အသက်ရှင်လျက် ပြန်လာနိုင်တာက သုံးပုံတစ်ပုံလောက်ပဲ ရှိပါတယ်။ အဲ့ဒီ သုံးပုံတစ်ပုံ ပြန်ရောက်တယ်ဆိုတာတောင်မှ အကျိုးအကန်း၊ ဒဏ်ရာရတာတွေ မပါသေးဘူး။ ဘာမှ မထိမခိုက်ဘဲ ပြန်လာနိုင်တာဆိုရင် ၂၅ ရာခိုင်နှုန်း (အပတ်စဉ်တစ်ခုက တပ်သားသစ် ၅၀၀၀ ရဲ့လေးပုံတစ်ပုံ) ပဲရှိမယ်လို့ ယူဆရပါတယ်” ဟုဆိုသည်။

စစ်မြေပြင်တွင် သေဆုံးသွားသည့် စစ်မှုထမ်းသစ်များနှင့် ထိခိုက်ဒဏ်ရာရသော စစ်မှုထမ်းသစ်များအပါအဝင် အိမ်ပြန်လာနိုင်သည့် အရေအတွက် မည်မျှရှိသည်ဆိုသည့် အချက်ကို စစ်တပ်ဘက်က ထုတ်မပြောသောကြောင့် အတိအကျသိရန်မလွယ်ကူပေ။

အဆိုပါကိန်းဂဏန်းများကိုမူ Myanmar Now အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

စစ်မှုထမ်းအဖြစ်စုဆောင်းခံထားရသည့် အရပ်သားများကို စစ်သင်တန်းပေးနေစဉ်။ (ဓာတ်ပုံ – ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ-တယ်လီဂရမ်)

သေချာသည်မှာ သမ္မတအရေခြုံထားသည့် စစ်ခေါင်းဆောင်က ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဖိတ်ခေါ်နေသော်လည်း စစ်တပ်ထိန်းချုပ်နယ်မြေများတွင် စစ်မှုထမ်းသစ် အဓမ္မစုဆောင်းခံရမှုများ ဆက်ဖြစ်နေသည်။

စစ်သားသစ် အဓမ္မစုဆောင်းနေမှုများ ဆက်ရှိနေကြောင်းကို စုဆောင်းခံလိုက်ရသူများ၏ မိသားစုဝင်တို့က Tik Tok လူမှုကွန်ရက်တွင်တင်၍ ရင်ဖွင့်နေမှုများအား မေလအတွင်း ဆက်တိုက်တွေ့နေရသလို စစ်တပ်ထောက်ခံသူများ ကိုယ်တိုင်ကလည်း ထုတ်ပြောနေသည်။

စစ်တပ်ထောက်ခံသည့် အမျိုးသားရေးတက်ကြွသူ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ပေါက်ကိုယ်တော်ကလည်း စစ်သားစုဆောင်းမှုများသည် မျှတမှုမရှိ ဖြစ်နေကြောင်း မေလ ၁၆ ရက်တွင် လူမှုကွန်ရက်၌ ပြောသည်။

“ငွေကြေးကိစ္စတွေကို မထောက်ခံဘူး။ လူရောင်းစားတာတွေ၊ လူလဲတာတွေ၊ လူပြောင်းလဲတာတွေ… အဲဒီလိုပဲ မရှိတဲ့သူက တစ်မျိုး ရှိတဲ့သူက တစ်မျိုးဖြစ်နေတယ်။ စစ်မှုထမ်းနေတာ အခုဆိုလို့ရှိရင် စစ်မှုထမ်းဖို့ ဆွဲတယ်။ ဆွဲတာမှာ လူကြီး ချိတ်တယ်။ ငွေပေးပြီး ချိတ်တယ်။ အဆွဲခံရတဲ့သူကလည်း တစ်ပြားမှ မရဘူး။ လူလည်းပါသွားတယ်။ ဒီပိုက်ဆံက ဘယ်ရောက်သွားလဲ။ ဒါမျိုးတွေ ပုံစံတွေ ဖြစ်နေတာ”ဟု ဆိုသည်။

စစ်သားစုဆောင်းမှုပုံစံအား မမျှတဟု စစ်တပ်ထောက်ခံသူများက ထုတ်ဖော်ပြောဆိုနေမှုများရှိသည်။ သို့သော် စစ်ခေါင်းဆောင် လက်လွတ်စပယ် ပြဋ္ဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကိုယ်၌ပင် အဓမ္မပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ဆိုသည်ကိုမူ စစ်တပ်ထောက်ခံသူများက ထုတ်ဖော်ပြောဆိုခြင်း မတွေ့ရပေ။ စစ်ခေါင်းဆောင်သည် ၎င်းအာဏာတည်မြဲရေးအတွက် စစ်မှုထမ်းဥပ​ဒေကို အသုံးချ အကျပ်ကိုင်၍ လူငယ်လူရွယ်အများအပြားကို စစ်တလင်းပြင်သို့ပို့ သတ်ဖြတ်နေခြင်းသာ ဖြစ်သည်။ 

မင်းအောင်လှိုင်၏ နေရာကို ဆက်ခံသည့် တပ်ချုပ်အသစ်ရဲဝင်းဦးက မိုးရာသီ၌ စစ်ဆင်ရေးဆက်လုပ်နိုင်ရေး မိုးကာ၊ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် ဆေးဝါးများ ပြင်ဆင်ရန်ညွှန်ကြားထားကြောင်း ခေတ်သစ်သတင်းဌာနက တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ မေလ ၂၁ ရက်တွင် ရေးသားဖော်ပြသည်။

အဆိုပါသတင်းသာ မှန်ကန်လျှင် စစ်တပ်သည် မိုးရာသီတွင်ပါ ထိုးစစ်အရှိန်မြှင့်ရန် ကြိုးပမ်းနေသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဆက်ဖြစ်မည့် အခြေအနေဖြစ်သည်။

စစ်ပွဲများဆက်ရှိလျှင် စစ်တပ်တွင်း စစ်သားများအပါအဝင် တော်လှန်ရေးတပ်များဘက်တွင်လည်း ဆက်လက်ထိခိုက်သေကျေနေဦးမည့် အလားအလာရှိသည်။

ပြည်တွင်းစစ် ကာလကြာသည်နှင့်အမျှ လူငယ်များ သေကျေဒဏ်ရာရခြင်းများလာလျှင် တိုင်းပြည်သည် အင်အားချည့်နဲ့လာနိုင်ကြောင်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SDP) အထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကိုက ယခုလိုမှတ်ချက်ပေးသည်။

“လူငယ်အများအပြားရဲ့ လက်ထဲကို စစ်လက်နက်တွေ ထည့်လိုက်တယ်ဆိုတာ ကောင်းတဲ့အရာ မဟုတ်ဘူး။ တိုင်းပြည် တစ်ခုမှာ စစ်သားဆိုတာ အကန့်အသတ်ပဲ ရှိသင့်တယ်။ အခုလို အသေခံဖို့အတွက် ပြင်ဆင်ပြီး လွှတ်တယ် ဆိုတဲ့ ကိစ္စကလည်း လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စ၊ လူတွေရဲ့ အသက်တွေကို တန်ဖိုးမထားလို့ လုပ်နေတာ။ လူငယ်တွေ ပြုန်းတီးတာဟာ အနာဂတ်ကို ဖြုန်းတီးနေတာနဲ့ အတူတူပါပဲ” ဟု ၎င်းက ဆိုသည်။

အာဏာသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သေနတ်ပြောင်းဝတွင်သာ တည်သည်ဟု အရိုးစွဲနေသော စစ်အာဏာရှင်များအတွက်မူ  လူငယ်လူရွယ်များ နေ့စဉ်သေဆုံးထိခိုက်နေရသည့် မြေပြင်အခြေအနေကို ဘယ်သောအခါမျှ ထည့်တွက်လိမ့်မည် မဟုတ်ပေ။ အာဏာတည်မြဲရေးမှလွဲ၍ အခြားသောအခြေအနေများသည် ၎င်းတို့၏ ဦးစားပေး အစီအစဉ်ထဲတွင် ရှိမနေသလို ရှိနေလိမ့်မည်ဟုဆိုသည်မှာလည်း မျှော်လင့်ကောင်းသည့် အရာ မဟုတ်ပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button