သတင်း

NUG ဝန်ကြီး ရောက်ခဲ့သည့်နေရာကို လေကြောင်းမှ တိုက်ခိုက်ဟုဆို

မန္တလေး PDF ရှေ့တန်းစခန်းကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက်ပြီးနောက် ထိုဒေသတွင် လေကြောင်းတိုက်ခိုက်မှု ပိုမို များပြားလာသည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ၏ ရှေ့တန်းစခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦး သွားရောက်ခဲ့ပြီးနောက် စစ်ကောင်စီလေတပ်၏ တိုက်ခိုက်မှုမှာ ထိုဒေသတွင် ပိုမို များပြားလာသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း  သရက်ကုန်းကျေးရွာစစ်စခန်းကို MDY-PDF တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ရေးအခြေအနေများကို NUG အစိုးရက သတင်းထုတ်ပြန်ရာတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှေ့တန်းစခန်းသို့ သွားရောက်ကြည့်ရှုနေသည့် ဓာတ်ပုံကို ပူးတွဲ ဖော်ပြခဲ့သည်။

ထိုထုတ်ပြန်ချက်အပြီး ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်တွင် စစ်လေယာဉ် အတက်အဆင်း ပိုများလာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“စခန်းသိမ်းခံရတုန်းကတောင် လေကြောင်းက မပစ်ခဲ့ဘူး။ နောက်ပိုင်းလည်း တစ်ကြိမ်ပဲ ပစ်တာ တွေ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဝန်ကြီးရောက်နေတဲ့အကြောင်း သတင်းတွေတက်လာပြီးနောက်မှာ အသည်းအသန်လုပ်လာတာပဲ” ဟု ပြင်ဦးလွင်မြို့ခံ အမျိုးသားက ပြောဆိုသည်။

မြို့ပေါ်နှင့် မြို့ဝန်းကျင် စစ်တပ်စခန်းများကလည်း သရက်ကုန်းကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အသံများကိုလည်း မကြာခဏ ကြားနေရကြောင်းလည်း ပြောသည်။

ဧပြီလ ၁၅ ရက်နေ့တွင် MDY-PDF သိမ်းပိုက်လိုက်သည့် သရက်ကုန်းကျေးရွာရှိ စစ်စခန်းသည် ပြင်ဦးလွင်မြို့ အရှေ့မြောက်ဘက် ၁၀ မိုင်အကွာတွင် တည်ရှိသည်။

NUG ကာကွယ်ရေးဝန်ကြီးသည် ရှေ့တန်းဒေသသို့ ရံဖန်ရံခါ သွားရောက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေများ၊ နယ်စပ်ဒေသများကို ဖြတ်သန်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီး၏ ခရီးစဉ်အပြီး MDY-PDF ရှေ့တန်းစခန်းအခြေအနေ မည်သို့ ရှိသည်ကို မသိရသေးပေ။

MDY-PDF ထိန်းချုပ်နယ်မြေကို တိုက်ခိုက်မှုများမှာ ဧပြီလ ၁၅ ရက်နေ့ စခန်းသိမ်းတိုက်ပွဲကာလအပြီးတွင်လည်း ပေါ်ပေါက်ခဲ့သည်။

ဧပြီ ၂၂ ရက်နေ့တွင် သရက်ကုန်းရွာ ဘုန်းကြီးကျောင်း၊ တိုက်ပွဲများနှင့်ဝေးရာ ပါဟပ်ရွာ၊ ဇာလီကျေးရွာတို့ရှိ ဘုန်းကြီးကျောင်းများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု MDY-PDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။

ဘုန်းကြီးကျောင်းများအတွင်း အမြောက်ကျည်၊ စက်သေနတ်ကျည်များ ကျရောက်ပြီး ပင်မကျောင်းဆောင်များ ထိခိုက်ခဲ့သည်၊ ကျောင်းဆောင်များ၏ နံရံ၊ အမိုးအကာများ ပြိုကျပျက်စီးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက နောင်ချိုမြို့ တိုက်ပွဲအကြောင်း သတင်းအမှောင်ချထားသည်။

ပြင်ဦးလွင် စစ်ရေးပစ်မှတ်ကို တိုက်ခိုက်မှု

MDY-PDF သည် အာဏာသိမ်းစစ်ခေါင်းဆောင် ပြင်ဦးလွင်သို့ ရောက်ရှိနေချိန် ဧပြီ ၁၄ ရက်နေ့ညက ပြင်ဦးလွင်မြို့ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများရှိရာသို့ ၁၀၇ မမ ရှော့တိုက်ဒုံး အလုံး ၂၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

နောက်တစ်နေ့တွင် သရက်ကုန်းရွာရှိ စစ်စခန်းကို ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

MDY-PDF သည် တအာင်း/ပလောင် TNLA အဖွဲ့နှင့် ပူးတွဲစစ်ဆင်ခဲ့ဖူးသည့်အဖွဲ့လည်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပြင်ဦးလွင်-မိုးကုတ် ကားလမ်းဘေးရှိ သံဘိုကျေးရွာနှင့် ကျောက်မဲလေးကျေးရွာ စစ်စခန်းတို့ကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားသည်။ သံဘိုကျေးရွာတိုက်ပွဲတွင် ရရှိခဲ့သည့် စစ်သုံ့ပန်းများထဲတွင် ဒုတိယဗိုလ်မှူးကြီးအဆင့် စစ်ကြောင်းမှူးလည်း ပါဝင်သည်။

ယခုအခါ MDY-PDF က သရက်ကုန်းရွာ စခန်းကို သိမ်းလိုက်ရာ တော်လှန်ရေးအင်အားစုက စစ်ကျောင်းကြီးများ တည်ရှိသည့် စစ်တပ်မြို့ ပြင်ဦးလွင်ဘက်ကို ပိုမို ချဉ်းကပ်လာခြင်း ဖြစ်သည်။

ဧပြီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် စဉ့်ကူးမြို့ ဝါးပိုးချပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီ ဒုဗိုလ်မှူးကြီးအပါအဝင် ၁၁ ဦးသေဆုံး၊ ၁၅ ဦးကို အရှင်မိသည်ဟု MDY-PDF မှ ကိုအော်စမွန်က ဧပြီ ၃၀ တွင် ပြောသည်။

အသေဖမ်းမိသည့် စစ်ကောင်စီအရာရှိမှာ တတက (၁၃) အုပ်ချုပ်မှုဌာန ဌာနမှူး ဒုတိယဗိုလ်မှူးကြီး တင်ကိုဖြစ်ပြီး တေဇ (၂၈) စစ်အရာရှိသင်တန်းဆင်းဟု ဆိုသည်။

စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် ၁၉ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက် အပါအဝင် ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဝါးပိုးချပ်ရွာသည် နောင်ချိုမြို့ဘက်ခြမ်း တောင်တန်းများဘက်မှ ကျေးရွာဖြစ်သည်။

Show More

Related Articles

Back to top button