စီးပွားရေး

အခက်တွေ့နေသည့် မလေးရှား ဆက်သွယ်ရေးကုမ္ပဏီ မြန်မာမှ ထွက်မည်

Axiata ကုမ္ပဏီက လုပ်ငန်းဆက်လည်ပတ်ရန် ခက်ခဲခြင်းကြောင့် ပြည်တွင်းကုမ္ပဏီထံ ဒေါ်လာသန်း ၁၅၀ ဖြင့် ရောင်းချပြီး ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

မလေးရှားနိုင်ငံအခြေစိုက် တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းစု Axiata ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း လုပ်ငန်းဆက်လည်ပတ်ရန် ခက်ခဲခြင်းကြောင့် ပြည်တွင်းကုမ္ပဏီထံ အမေရိကန်ဒေါ်လာသန်း ၁၅၀ ဖြင့် ရောင်းချကာ နိုင်ငံတွင်းမှ ထွက်ရန် ဆုံးဖြတ်လိုက်သည်။

စီးပွားရေးနှင့် လုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်အခြေအနေ ဆိုးရွားလာသဖြင့် ထွက်ခွာရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း Axiata ကုမ္ပဏီက ယမန်နေ့ (ဧပြီ ၄) တွင် သတင်းထုတ်ပြန်သည်။ Axiata ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း Edotco Myanmar အမည်ဖြင့် ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းများ လုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ဆက်သွယ်ရေးတာဝါတိုင် ၃၀၀၀ ကျော်နှင့် စီမံခန့်ခွဲရေးဆိုက်များ ပိုင်ဆိုင်ထားသော Edotco Myanmar Ltd သည် ၈၇ ဒသမ ၅ ရာခိုင်နှုန်း အစုရှယ်ယာအားလုံးကို ဒေါ်လာသန်း ၁၅၀ ဖြင့် ရောင်းချသွားမည်ဟု သိရသည်။

Myanmar Now က စာပို့မေးမြန်းရာတွင် Axiata ကုမ္ပဏီ၏ ကော်ပိုရိတ်ဆိုင်ရာဆက်သွယ်ရေးအကြီးအကဲ Sujartha Kumar က ဝယ်ယူလိုက်သည့် ကုမ္ပဏီအမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ပြည်တွင်းမှ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်ကြောင်း ပြောသည်။

မြန်မာ့ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်း တိုးတက်မှုမြင့်မားနေချိန် ၂၀၁၅၊ ၂၀၁၆ ကာလအတွင်း Edotco Myanmar ကို ဝယ်ယူခဲ့သည်၊ ထိုအခြေအနေသည် စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၄  ခုနှစ်နှင့် နှိုင်းယှဉ်ပါက အလွန်ကွာခြားသွားသည်ဟု သူက ပြောသည်။

“၂၀၂၄ နဲ့ နှိုင်းယှဉ်လိုက်ရင် အရင်းအနှီး လွတ်လွတ်လပ်လပ်စီးဆင်းခြင်း၊ ရန်ပုံငွေပေးပို့နိုင်မှု ပိုမိုကောင်းမွန်ခြင်း၊ လုပ်ငန်းလည်ပတ်မှု အနှောင့်အယှက်နည်းပါးခြင်း၊ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ငွေလဲနှုန်းတည်ငြိမ်မှုလျော့ပါးခြင်းအပါအဝင် လုပ်ငန်းလည်ပတ်မှုပတ်ဝန်းကျင်တွေက အလွန်ကွာခြားပါတယ်” ဟု သူက ဆိုသည်။

တစ်နှစ်အတွင်း ကြီးကြပ်သူများ၏ အတည်ပြုခွင့်ပြုမိန့်နှင့် အရောင်းအဝယ်ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ Axiata လုပ်ငန်းစု၏ အသားတင်ပိုင်ဆိုင်မှု၊ အစုရှယ်ယာများအပေါ် သက်ရောက်မည် မဟုတ်ဟုလည်း ကုမ္ပဏီက ခန့်မှန်းထားသည်။ ယခုရောင်းချမှုသည် ကုမ္ပဏီက ကတိပြုထားသည့် ကြွေးမြီလျှော့ချရန်နှင့် ရှယ်ယာတန်ဖိုးမြှင့်တင်ရန် ရည်ရွယ်ကြောင်း ကုမ္ပဏီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Axiata သည် ၂၀၁၅ အောက်တိုဘာတွင် စင်ကာပူအခြေစိုက် Digicel Asian Holdings Pte Ltd ထံမှ တာဝါတိုင်လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၂၂၁ သန်းဖြင့် ဝယ်ယူခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက် ဖွင့်လှစ်စအချိန်ဖြစ်ပြီး အရှေ့တောင်အာရှတွင် အကြီးမားဆုံးနှင့် အမြန်ဆုံး တိုးတက်လာမည်ဟု ထင်မြင်ခဲ့သည်။

Axiata ၏ ကုမ္ပဏီခွဲ EDOTCO Group ကို ၂၀၁၂ တွင် စတင်တည်ထောင်ခဲ့ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ဖီလစ်ပိုင်၊ လာအိုနှင့် မြန်မာတို့တွင် လုပ်ငန်းများ လည်ပတ်လျက်ရှိကာ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၅၈,၀၀၀ ကျော်အထိ ဖြန့်ကြက်ထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် စီပွားရေးယိုယွင်းလာမှုကြောင့် နော်ဝေအခြေစိုက် ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောနှင့် ကာတာအခြေစိုက် အူရီဒူးတို့အပြင် နယ်ပယ်အသီးသီးမှ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ထွက်ခွာနေသည်။

FDI ခေါ် ပြည်ပရင်းနှီးမြှုပ်နှံမှုများထွက်ခွာနေရာ နောက်ဆုံးကျန်သည့် နိုင်ငံခြားကုမ္ပဏီများပင် ထွက်ခွာနေသည်ဟု မန္တလေးအခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုမှ စီပွားရေးသမားတစ်ဦးက ဆိုသည်။

“FDI တွေ မရှိတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးမဲ့ တွန်းအားတွေ မရှိတော့ဘူးဖြစ်နေတယ်။ ​အဲ့ဒီတော့ တိုင်းပြည်စီးပွားရေးက တဖြည်းဖြည်းနဲ့ ကျုံ့ကျုံ့လာတယ်” ဟု သူက ဆိုသည်။ 

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တို့က ပိုင်ဆိုင်မှုများ အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသည့်နည်းတူ လူငယ်အများအပြားလည်း ပြည်ပထွက် အလုပ်လုပ်ကြသဖြင့် ဦးနှောက်နှင့် ဥစ္စာဓန ယိုစီးမှုနှစ်ခုစလုံး တစ်ပြိုင်တည်းဖြစ်ပေါ်လာနေသည်ဟု ဆိုသည်။

အခြေအနေအရပ်ရပ်ကြောင့် မြန်မာ့စီးပွားရေးအခြေအနေ နာလန်မထူဖြစ်နေပြီး ၂၀၂၄ မတ်လအထိ စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာရှိမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။​

မြန်မာ့စီးပွားရေးဆက်လက်နိမ့်ကျနေကာ အာရှနိုင်ငံများအနက် ကိုဗစ်ကပ်ဘေးမတိုင်မီအခြေအနေသို့ ပြန်မရောက်နိုင်သေးသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button