သတင်း

စစ်ကောင်စီစည်းမျဉ်းများအောက် လည်ပတ်နေသည့် MPT အရှုံးပေါ်ဟု ဂျပန်ကုမ္ပဏီနှစ်ခုဆို

အာဏာသိမ်းစစ်တပ်၏ စည်းမျဉ်းများအောက် လည်ပတ်နေရသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တွင် အရှုံးပေါ်နေကြောင်း ဂျပန်ထိပ်တန်းကုမ္ပဏီများဖြစ်ကြသည့် KDDI နှင့် Sumitomo တို့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဂျပန်ထိပ်တန်းကုမ္ပဏီ KDDI နှင့် Sumitomo တို့သည် KDDI Summit Global Myanmar (KSGM) အမည်ဖြင့် ၂၀၁၄ မှစတင်ပြီး ယခင်က အစိုးရအလုံးစုံပိုင်ဆိုင်ခဲ့သည့် MPT တွင် အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံ၍ မြန်မာစျေးကွက်ထဲ ဝင်ရောက်လာခြင်းဖြစ်သည်။

ယခုနှစ်တွင် ထိုလုပ်ငန်းမှ ပြန်ရရန် မသေချာသည့်ငွေကြေး ယန်း ၁၅၀ ဘီလျံ (ဒေါ်လာ ၆၉၀ သန်း) ရှိနေကြောင်း MPT နှင့် အကျိုးတူပူးပေါင်းပြီး ပြည်ပရှယ်ယာရှင်အဖြစ် ဆယ်စုနှစ်တစ်ခုကြာ လည်ပတ်လုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီနှစ်ခုက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက MPT အပါအဝင် နိုင်ငံတွင်းမှ တယ်လီဖုန်းဆင်းကတ်များကို မှတ်ပုံတင်ရန် သတိပေးထားသည် (ဓာတ်ပုံ – MPT)

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ဧပြီတွင် ထုတ်ပြန်သည့် ဒေါ်လာထိန်းချုပ်မှု မူဝါဒနှင့် ယခုနှစ်တွင် လုပ်ငန်းဆက်လည်ပတ်မှုလိုငွေပြနေသဖြင့် ဒေါ်လာအခြေပြု ငှားရမ်းခကောက်ခံမှုနှေးကွေးခဲ့ကြောင်း ဂျပန်ကုမ္ပဏီနှစ်ခု၏ သီးခြားစီထုတ်ပြန်ချက်တွင် တွေ့ရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယာယီအားဖြင့် ရလဒ်ဆိုးရွားနေပြီး မတ်လတွင် ကုန်ဆုံးမည့် ၂၀၂၅ ဘဏ္ဍာနှစ်တွင် တည်ငြိမ်သည့် တိုးတက်မှုများရှိရန် လိုအပ်ကြောင်း KDDI က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်း ပဋိပက္ခများကြောင့် စိန်ခေါ်မှုနှင့် အခက်အခဲများရှိနေသည်ဟု Sumitomo ကလည်း ထုတ်ပြန်ထားသည်။

KDDI သည် ဂျပန်ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄၂ ဘီလျံဝင်ငွေရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ Sumitomo ကုမ္ပဏီမှာ နိုင်ငံပေါင်း ၆၆ ခု၌ ရုံးခွဲဖွင့်၍ စီးပွားလုပ်ငန်းပေါင်းများစွာလုပ်ကိုင်နေကြောင်း MPT ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ထိပ်တန်းဂျပန်ကုမ္ပဏီနှစ်ခု အကျိုးတူးပေါင်းလုပ်ကိုင်နေသည့် MPT လုပ်ငန်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး စစ်တပ်ကို ငွေကြေးထောက်ပံ့နေကြောင်း စစ်တပ်နှင့် ဆက်နွှယ်သည့်လုပ်ငန်းများကို ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က အာဏာသိမ်းစတွင် ထုတ်ပြန်ခဲ့သည်။ 

အာဏာသိမ်းပြီးနောက် စစ်တပ်၏ ဝါဒဖြန့်မှုများအတွက် MPT ကို လက်နက်တစ်ခုအဖြစ် အသုံးချခဲ့ကြောင်း၊ ဂျပန်ကုမ္ပဏီနှစ်ခုအနေဖြင့် MPT နှင့် ပူးပေါင်းခြင်းဖြင့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့် စစ်တပ်နှင့် ကြံရာပါဖြစ်မှုကို အဆုံးသတ်သင့်ကြောင်း JFM က ဆိုသည်။

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဝါဒဖြန့်စာများ၊ တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်ဆက်နွှယ်ခြင်း၊ အားပေးထောက်ခံခြင်းများပြုလုပ်ပါက အရေးယူခံရနိုင်ကြောင်း စာတိုများကို MPT နှင့် ဆက်သွယ်ရေးအော်ပရေတာများက သုံးစွဲသူများထံ ပေးပို့လေ့ရှိသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာလေးခုရှိသည့်အနက် အာဏာသိမ်းပြီးနောက် စီးပွားရေးယိုယွင်းလာမှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နော်ဝေနိုင်ငံမှ တယ်လီနောနှင့် ကာတာအခြေစိုက် အူရီဒူးတို့က ဆက်သွယ်ရေးလုပ်ငန်းကို ရောင်းချကာ ထွက်ခွာသွားသည်။

မလေးရှားနိုင်ငံအခြေစိုက် တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းစု Axiata ကုမ္ပဏီက မြန်မာရှိ Edotco Myanmar ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းကို ပြည်တွင်းကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၁၅၀ သန်းဖြင့် ရောင်းချကာ ထွက်ခွာရန် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆုံးဖြတ်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး တာဝါတိုင်လုပ်ငန်း တိုးတက်မှုမြင့်မားနေချိန် ၂၀၁၅၊ ၂၀၁၆ ကာလအတွင်း Edotco Myanmar ကို ဝယ်ယူခဲ့ပြီး စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၄  ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာပေါ်လစီအပါအဝင် အခြေအနေအလွန်ကွာခြားသွားကြောင်း Axiata ကုမ္ပဏီက ဆိုသည်။

စစ်တပ်ထိန်းချုပ်လုပ်ငန်းနှင့် လက်တွဲဖြုတ်ရန် တောင်ဆိုမှုများရှိသော်လည်း ဂျပန်ကုမ္ပဏီသည် အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်၊ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို လိုက်နာ၍ ဆက်လက်ဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

Show More

Related Articles

Back to top button