စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်လိုက်သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒေသခံတို့က မီးလောင်ပြင်နှင့် ကျန်ရှိသည့် နေအိမ်များကို သွားရောက် စစ်ဆေးနေကြသော်လည်း တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေဆဲဖြစ်ကြောင်း ဒေသခံတချို့ထံမှ သိရသည်။
ကော့ကရိတ်မှ စစ်ရှောင်နေသူများ အိမ်ပြန်ကြရန် စစ်ကောင်စီက လှုံ့ဆော်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ပြန်လာဖို့ သူတို့ စည်းရုံးနေတယ်ပေါ့။ လူတွေကတော့ သွားပြန်နေဖို့ဆိုတာထက် ပစ္စည်းတွေ သွားသယ်လာတာပဲ များတယ်။ အခြေအနေက ဘယ်သူမှလည်း အာမမခံနိုင်ဘူး” ဟု ကော့ကရိတ်မြို့ဒေသခံအမျိုးသားက ဆိုသည်။
၎င်းကိုယ်တိုင်လည်း ဧပြီလ ၂၈ ရက်တွင် မြို့ထဲ ဝင်ရောက်ခဲ့ပြီး အိမ်တွင် ကျန်ရှိသည့် ပစ္စည်းများကို ပြန်သယ်ခဲ့ကြောင်း Myanmar Now ကို ပြောသည်။
ဧပြီလ ၂၈ ရက်နေ့ကတည်းက စစ်ကောင်စီသည် ကော့ကရိတ်မြို့အနောက်ဘက် တံတားကျိုးရွာအနီး စစ်ဆေးရေးဂိတ်တွင် ဒေသခံများကို ခေါ်ယူစုစည်းကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ယူပြီး မြို့တွင်း ဝင်ခွင့်ပေးခဲ့ကြောင်း သိရသည်။
မြို့ရှိ နေအိမ်အများစု မီးလောင်ပျက်စီးနေသလို အိမ်တိုင်းလိုလိုသည် ဖောက်ထွင်းခံထားရကြောင်း ကော့ကရိတ်မြို့ခံ အမျိုးသားက ဆိုသည်။
၎င်းက “အိမ်ကတော့ ကျည်ရာဗရပွပါပဲ။ အိမ်လည်း အဝင်ခံထားရတယ်။ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေတော့ ပျောက်တယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့က ဆိုင်သမားတွေဆိုတော့ ထမင်းပေါင်းအိုးကြီးတွေ၊ ဆိုလာပြားကြီးတွေ၊ ဘက်ထရီအိုးတွေ အဲဒါတွေလည်း ပျောက်တယ်။ အိမ်ထဲရှိတဲ့ပစ္စည်းတွေလည်း မွှေနှောက်ရှာထားတော့ ပွစာကျဲနေတာပေါ့”
ကော့ကရိတ်မြို့ဒေသခံ အားလုံးနီးပါးသည် တိုက်ပွဲကြောင့် ဘေးလွတ်ရာတွင် ပြောင်းရွှေ့နေခဲ့ရသဖြင့် နေအိမ်များကို မည်သူတို့က ဖောက်ယူသည်ဆိုသည်ကိုလည်း မသိကြပေ။
ကော့ကရိတ်မြို့ထဲက အောက်ရွာ၊ အလယ်ရွာ စသည့် နေရာများတွင် နေအိမ်အများစုသည် မရှိတော့ဘဲ အချို့နေရာများသည် မီးလောင်ထားသည့်နေရာများသာ မြင်ရကြောင်း မြို့ထဲ ပြန်ဝင်ကြည့်သည့် ဒေသခံတချို့က ဆိုသည်။
“အကုန်လုံးကတော့ ကျွန်တော်ခုနကပြောသလိုပါပဲ၊ ဖြေသိမ့်နေရတာပေါ့။ ကျွန်တော် မနေ့က မြို့ထဲမြင်တဲ့ မြင်ကွင်းဆိုရင် လင်မယားနှစ်ယောက်၊ ကလေးတစ်ယောက်နဲ့ သူတို့အိမ်ပြာပုံကို မျက်ရည်စမ်းစမ်းနဲ့ ကြည့်နေတာ” ဟု အထက်ပါ ကော့ကရိတ်မြို့ဒေသခံအမျိုးသားက ဆိုသည်။
ကော့ကရိတ်မြို့သည် ထိုင်း-မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါသည့် အာရှလမ်းမပေါ်တွင် ရှိသော မြို့ဖြစ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်ထုတ်ပြန်ချက်အရ ကော့ကရိတ်တွင် လူဦးရေ ၃၇,၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။
ကော့ကရိတ်မြို့တွင် စစ်ကောင်စီ၏ အမှတ် (၉၇)၊ (၂၃၀)၊ (၂၃၁) ခြေလျင်တပ်ရင်းစခန်းများနှင့် အမြောက်တပ်ရင်း (၃၁၂) တို့ရှိနေပြီး ယင်းစခန်းများကို KNU ၏ တပ်မဟာ (၆) နှင့် ကျားဖြူစစ်ကြောင်းတို့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ပိတ်ဆို့ဝန်းရံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုကာလအတွင်း မြို့တွင်း နယ်မြေဧရိယာ၏ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။
စစ်ကောင်စီတပ်ဘက်က နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်လာသည့်နောက် တပ်မဟာ ၆ နှင့် ကျားဖြူစစ်ကြောင်းတို့သည် ကော့ကရိတ်မြို့ထဲတွင် ဆက်နေရန် အဆင်မပြေတော့ဘဲ ယာယီဆုတ်ခွာပေးလိုက်ရကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။
ဟောင်ဝဇ်ဇာအမြောက်နှင့် အတွဲလိုက်ပစ်ဒုံးပစ်စင် အပါအဝင် သံချပ်ကာကားများပါသော စစ်ကောင်စီ၏ စစ်ကြောင်းသည် ဧပြီလ ၁၃ ရက်တွင် ကော့ကရိတ်မြို့အရှေ့ဘက်အထွက်ရှိ ကော့နွဲ့ရွာသို့ ရောက်လာသည်။
ကျားဖြူစစ်ကြောင်းသည် စစ်ကောင်စီတပ်ရောက်လာသည်နှင့် ချက်ချင်းဆုတ်ခွာခဲ့သည်တော့ မဟုတ်ပေ။ ဧပြီလ ၁၈ ရက်အထိ ကော့ကရိတ်မြောက်ပိုင်းနေရာအများစုကို ထိန်းချုပ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ၆ ရက်တာ တိုက်ပွဲဖြစ်ပြီးနောက် မြို့ထဲမှ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်။
ကျားဖြူစစ်ကြောင်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဇွဲကလည်း ကော့ကရိတ်မြို့မှ ဆုတ်ခွာလာခဲ့ရသည့် အခြေအနေကို ဧပြီလ ၂၆ ရက်တွင် Justice Soldier PDF Facebook မှတစ်ဆင့် ရှင်းပြသည်။
၎င်းက စစ်ကောင်စီတပ်သည် ကျားဖြူစစ်ကြောင်းခံစစ်ပြင်ထားသည့် နေရာကို ဟောင်ဝဇ်ဇာအပါအဝင် ဒရုန်းများဖြင့် စုပြုံပစ်ခတ်ပြီးနောက် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည်ဟု ဆိုသည်။
စစ်ကောင်စီ၏ အမြောက်ကျည်ကြောင့် ကျားဖြူစစ်ကြောင်း၏ Jammer (ဒရုန်းကာကွယ်ရေးစက်) ပျက်ခဲ့ရပြီး စစ်ကောင်စီတပ်၏ ဒရုန်းတိုက်ခိုက်မှုကို မထိန်းချုပ်နိုင်တော့ကြောင်း ကိုဇွဲက ပြောသည်။
“Jammer ပြိုကွဲပျက်စီးသွားပြီးနောက် ရန်သူရဲ့ ဒရုန်းတွေ၊ ရန်သူရဲ့ ဓာတုဗုံးတွေ အဲဒါတွေကို ကျွန်တော်တို့ မထိန်းနိုင်ဘဲနဲ့ ကျွန်တော်တို့ နောက်ဆုတ်လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀၀ ကျော် သေဆုံးနိုင်ပြီး ပူးပေါင်းတပ်များဘက်က ရဲဘော် ၆ ဦး သေဆုံးကြောင်း သိရသည်။ ထို့ပြင် ပူးပေါင်းတပ်ဘက်မှ ရဲဘော် ၄၁ ဦး ဒဏ်ရာရထားကြောင်း ကျားဖြူစစ်ကြောင်းဘက်က ပြောသည်။
ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဘက်က ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) မှ ခွဲထွက်လာသော ဗိုလ်ဘိအဖွဲ့ပါလာသလို စစ်ကောင်စီ၏ ဒရုန်းများသည်လည်း နည်းပညာအဆင့်မြင့်ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။
“ကျွန်တော်တို့ တည်ဆောက်နေပါတယ်။ ပြန်လာပါဦးမယ်” ဟု ကိုဇွဲက ဆိုသည်။
ကျားဖြူစစ်ကြောင်း၏ အခြားတာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီ၏ တိုက်လေယာဉ်သည် အပြာရောင်၊ ခရမ်းရောင်နှင့် နို့စိမ်းရောင်မီးခိုးများထွက်သည့် ဗုံးများကို ကော့ကရိတ်မြို့အတွင်း ကြဲချတိုက်ခိုက်ကြောင်း Myanmar Now ကို ပြောသည်။
အဆိုပါမီးခိုးများကို ရှူမိသည့် ရဲဘော်များသည် အော့အန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ အမောဖောက်ခြင်းနှင့် အမြင်အာရုံဝေဝါးမှုများခံစားရကြောင်း ကျားဖြူစစ်ကြောင်း၏ အခြားတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီဘက်က ကြဲချသည့် ဗုံးများကို ဓာတုဗုံးဟု သံသယရှိပြီး ဓာတ်ခွဲစမ်းသပ်အတည်ပြုနိုင်ရန် ကြိုးပမ်းနေသည်ဟုလည်း ကျားဖြူစစ်ကြောင်း၏ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ကော့ကရိတ်မြို့အရှေ့ဘက်အထွက်ရှိ ကော့နွဲ့ရွာဝန်းကျင်တွင် ဆက်ရှိနေသည်၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်း၏ တောင် ၃ လုံးအမည်ရှိ စခန်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်နေသည်ဟု ကျားဖြူစစ်ကြောင်းက ဆိုသည်။
ကော့ကရိတ်သို့ ဒေသခံတို့ ပြန်လာနေကြကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်အွန်လိုင်းစာမျက်နှာများတွင် ရေးသားဖော်ပြနေကြသည်။
စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး စောခင်မောင်မြင့်ကလည်း အောင်ဇေယျစစ်ဆင်ရေးကြောင့် ကော့ကရိတ်ဒေသခံများ မြို့သို့ ပြန်လာနိုင်ပြီဟု Myanmar Now ကို ပြောသည်။
“အောင်ဇေယျစစ်ဆင်ရေးဆိုပြီးတော့ စစ်ဆင်ရေးနဲ့ ကော့ကရိတ်မှာလည်း တိုက်ပွဲရှောင်တွေ ပြန်ဝင်လာကြပြီ။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကိုယ်တိုင်ထိုင်ပြီးတော့ စီမံဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။
ကော့ကရိတ်မြို့ဒေသခံ အမျိုးသားကမူ ကော့ကရိတ်တွင် တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်နိုင်ခြေရှိသဖြင့် ကော့ကရိတ်တွင် ဆက်မနေရန် ဆုံးဖြတ်လိုက်ပြီဟု Myanmar Now ကို ပြောသည်။
“ဟိုဘက်ကလည်း လက်လျှော့မယ့်ပုံ မပေါ်ဘူးဆိုတော့လေ။ နောက်တစ်ကြိမ် ပြန်ဖြစ်လာမယ်ဆိုရင်လည်း တစ်ကွေ့မဟုတ် တစ်ကွေ့တော့ ဆုံးရှုံးဦးမှာပါပဲ။ ဘာမှတော့ မခံစားနေတော့ဘူး။ ဒီပုံစံနဲ့ ကျွန်တော်လည်း ကော့ကရိတ်မှာ နေဖို့ အစီအစဉ်မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။