ကရင်ပြည်နယ် မြဝတီ၊ ဖာပွန်မြို့နယ်တို့ကို အာဏာသိမ်းတပ်က ထိုးစစ်ဆင်နေသဖြင့် ဆက်လက်ခုခံနေရကြောင်း တော်လှန်ရေးအဖွဲ့တချို့က ပြောသည်။
ဖာပွန်တောင်ဘက်တွင် စစ်တပ်၏ ထိုးစစ်က ကမမောင်းမြို့မှ မိုင် ၂၀ ခန့်ဝေးသည့်၊ ၎င်းတို့၏ ဗျူဟာစခန်းတစ်ခုရှိသည့် ကတိုင်တိရွာဘက်သို့ ဦးတည်နေသည်။
ဖာပွန်မြို့ကို သိမ်းပိုက်ထားသည့် KNU တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်များက မြို့တောင်ဘက်ရှိ အဆိုပါ ဖာပွန်ဗျူဟာစခန်းကို ဝိုင်းပတ်ပိတ်ဆို့ထားသည်။
စစ်ကြောင်းသည် ကတိုင်တိတောင်ဘက် ၁၄ မိုင်အကွာ ဝါးဒူးရွာအထိရောက်နေပြီး အဆိုပါရွာမှ ရှေ့မတိုးနိုင်သည်မှာ တစ်လကျော်နေပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထံက သိရသည်။
“သူတို့ ဖာပွန်ရောက်ဖို့က အလှမ်းဝေးသေးတယ်။ ကတိုင်တိကိုတောင် သူတို့တက်လာဖို့ဆိုတာ မလွယ်သေးဘူးလေ။ ကတိုင်တိနဲ့ ကမမောင်းကြားမှာပဲရှိတယ်ဆိုတော့ သူတို့ ကမမောင်းဘက်နဲ့ပဲ ပိုနီးတယ်။ ကတိုင်တိဘက်ကို သူတို့ တော်တော်လေးအလှမ်းဝေးသေးတယ်” ဟု KNU တပ်မဟာ ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက Myanmar Now ကို ပြောသည်။
မြေပြင် စစ်ကြောင်း ရှေ့မတိုးနိုင်သော်လည်း စစ်တပ်က KNU တပ်မဟာ ၅ နယ်မြေတွင် လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်နေကြောင်း ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုသည်။
“၁၁ လပိုင်း ၂ ရက်နေ့မှာ ဒေပူနိုအထက်မှာ၊ အရင်ကတော့ ကျောင်းရှိတာပေါ့၊ အဲဒီကိုလာပြီး ဗုံးကြဲချသွားတယ်။ ဗုံးကြဲပြီး ဘော်ဒါဆောင်တစ်ဆောင်နဲ့ ထမင်းရုံပေါ့၊ အဆောက်အဦတစ်ခု အကုန်လုံး သုံးလို့မရတော့ဘူး။ ပျက်စီးသွားတယ်။ လူတို့ဘာတို့ ထိခိုက်ဒဏ်ရာရမှုတော့မရှိဘူး” ဟု ၎င်းက ပြောသည်။
ဖာပွန်တွင် KNU တပ်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များ ရှိနေသည်။
စစ်တပ်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)၊ ဗိုလ်ဘိ၏ ခွဲထွက် DKBA အဖွဲ့များနှင့် ပူးပေါင်း၍ စစ်ဆင်နေခြင်း ဖြစ်သည်။
BGF နှင့် ခွဲထွက် DKBA အဖွဲ့များသည် နယ်မြေကျွမ်းကျင်သဖြင့် စစ်ကောင်စီ အားထားရသည့် အင်အားစုများ ဖြစ်သည်။
မြဝတီထိုးစစ်
မြဝတီမြို့နယ်တောင်ဘက်ခြမ်းတွင်မူ စစ်တပ်သည် လေးကေကော်မြို့သစ်ကို သိမ်းပြီးနောက် ရသေ့ဂူ၊ မင်းလက်ပံနှင့် ဖလူးရွာများသို့ အင်အားအလုံးအရင်းဖြင့် ဆက်လက်စစ်ကြောင်းထိုးနေကြောင်း KNU ဦးဆောင်သည့် ဗျူဟာ ၃၂ လက်အောက်ခံ ကျားသစ်နက်စစ်ကြောင်းက နိုဝင်ဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အခြားဒေသများနည်းတူ KNU တပ်မဟာ ၆ နယ်မြေဖြစ်သည့် ထိုနေရာတွင်လည်း စစ်တပ်ဘက်က လက်နက်အင်အား သာလွန်သည်။
ဘားအံမြို့အခြေစိုက် တပ်မ ၂၂ လက်အောက်ခံတပ်များက နည်းပညာမြင့် Drone များ၊ လက်နက်ကြီးပစ်ကူများ၊ ဒုံးကျည်အပါအဝင်၊ လေကြောင်းတိုက်ခိုက်မှုအသာစီးဖြင့် စစ်ကြောင်းထိုးနေကြောင်း ကျားသစ်နက်စစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ထံမှ ခဲယမ်းမီးကျောက်များ သိမ်းမိကြောင်း ကျားသစ်နက် စစ်ကြောင်းဘက်က ဆိုသည်။
ပူးပေါင်းခုခံနေသည့်အဖွဲ့များထဲတွင် ကော်ဘရာစစ်ကြောင်း၊ Venom စစ်ကြောင်း၊ Justice soldier တပ်ဖွဲ့တို့လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
တိုက်ပွဲအခြေအနေ ပိုမိုသိရှိနိုင်ရန် ကျားသစ်နက်စစ်ကြောင်းထံ Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
အထက်ပါတပ်ဖွဲ့များနှင့်နီးစပ်သည့် သတင်းရင်းမြစ်အချို့ကမူ ရသေ့ဂူနှင့် ဖလူးကျေးရွာဝန်းကျင်တွင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်နေကြောင်း ဆိုသည်။
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် ဗိုလ်ကြီးဇင်ယော်ကလည်း နှစ်ဆန်းပိုင်းပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲအပိုင်း (၂) တွင် ဖာပွန်မြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်ပါဝင်လာသဖြင့် ထိုးစစ်အရှိန်မြှင့်လာဖွယ်ရှိကြောင်း ပြောသည်။
KNU တပ်မဟာ ၆ လှုပ်ရှားရာဒေသတွင်မူ စစ်ကော်မရှင်တပ်သည် တပ်မ (၂၂) လက်အောက်ခံ နည်းဗျူဟာ ၃ ခုနှင့် တပ်ရင်း ၁၀ ရင်းကိုသုံး၍ စစ်ဆင်နေသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
အောင်ဇေယျဟု အမည်ပေးထားသည့် စစ်ဆင်ရေးဖြင့် ကော့ကရိတ်မှ သင်္ဃန်းညီနောင်ရှိ စစ်ဗျူဟာကုန်းအပါအဝင် မြဝတီနှင့် လေးကေကော်အထိ လျင်လျင်မြန်မြန် ရှေ့တိုးနိုင်ခဲ့သော်လည်း လေးကေကော်မြို့သစ်ကိုရပြီးနောက် ဝေါ်လေမြို့ဘက်ကို ဦးတည်သည့် ထိုးစစ်သည် အရှိန်တန့်သွားသည်ဟု ၎င်းက ဆိုသည်။
“သူတို့တွေနှေးသွားရတာက တောက်လျှောက်တိုက်လာတဲ့အတွက် စစ်ပန်းသွားတာကြောင့်ဖြစ်နိုင်သလို တော်လှန်ရေးတပ်တွေဘက်က လက်ဦးမှုယူ တိုက်ခိုက်တာကြောင့် အငိုက်မိသွားတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပေးသည်။



