ကရင်ပြည်နယ်၊ မြဝတီမြို့သည် သမိုင်းတလျှောက် တစ်ဘက်နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် နှစ်နိုင်ငံ ပြည်သူများ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး သမာအာဇီဝအားဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ကြသော နယ်စပ်ကုန်သွယ်ရေးမြို့ငယ်လေးအဖြစ် လူသိများခဲ့သည်။ နှစ်နိုင်ငံနယ်စပ်မျဉ်းမှာလည်း တောင်နှင့်မြောက် ရစ်ခွေ စီးဆင်းလျက်ရှိသော သောင်ရင်းမြစ် (ထိုင်းအမည် မိုးရေးမြစ်) က ပိုင်းခြားထားရာ၊ နှစ်ဖက်ပြည်သူများ အလွယ်တကူ ကူးသန်းသွားလာနိုင်သော သဘာဝနယ်ခြားမျဉ်းတစ်ခုသာ ဖြစ်သည်။
သို့ရာတွင် လွန်ခဲ့သော နှစ်များအတွင်း မြဝတီမြို့သည် ဒေသတွင်းနှင့် နိုင်ငံတကာမီဒီယာများ၏ မကြာခဏ အာရုံစိုက်ခံရသောမြို့ ဖြစ်လာခဲ့သည်။ ကောင်းသော အာရုံစိုက်ခံရခြင်းမျိုး မဟုတ်ခဲ့ပါ။ အကြောင်းမှာ သောင်ရင်းမြစ် ကမ်းနဘေးတွင် အသစ်ပေါ်ထွက်လာသော ရွှေကုက္ကိုမြို့သစ်ကြောင့် မြဝတီမြို့ သည် နယ်စပ်ကုန်သွယ်ရေးမြို့အဖြစ်မှ ကာစီနို လောင်းကစားမြို့အသွင် အလျင်အမြန် ပြောင်းလဲခဲ့သလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တရုတ်ကျားဖျန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်လှုပ်ရှားရာမြို့အဖြစ် အမည်ဆိုး များ ဆက်တိုက်ထွက်ပေါ်လာခြင်းကြောင့်ပင်။
နယ်စပ်ကုန်သွယ်ရေးမြို့၊ ကာစီနိုလောင်းကစားမြို့မှ တရုတ်ကျားဖျန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်မြို့ အဖြစ် အဆင့်ဆင့် ပြောင်းလဲလာခဲ့သော မြဝတီမြို့သည် နိုင်ငံပေါင်း ၃၀ ကျော်မှ အလုပ်အကိုင် ရှာဖွေသူတို့ကို နည်းလမ်းမျိုးစုံ ဖြင့် လိမ်လည်လှည့်ဖျား ခေါ်ယူပြီး၊ မြင့်မားသော ခြံစည်းရိုးများနောက်ကွယ်တွင် အဆောက်အအုံ အတွဲပေါင်း များစွာပါဝင်သည့် အိမ်ယာဝန်းများအတွင်း ၂၄ နာရီပတ်လုံး လက်နက်ကိုင်အစောင့်များဖြင့် လုံခြုံရေးတင်းကျပ်စွာ ချထားကာ နိုင်ငံတကာရာဇဝတ်မှုများကို “လွတ်လပ်စွာ” ကျူးလွန်နေကြသည်ဆိုလျှင် အံ့ဩကြမည်လား မသိပါ။
စင်စစ် “လိမ်လည်ခြင်း” ဟု အဓိပ္ပာယ်ရသော “ကျားဖျန့်” ဆိုသည့် တရုတ်ဘာသာစကား အသုံးအနှုန်းကို မြန်မာ နိုင်ငံသားများ စတင်ရင်းနှီးခဲ့သည်မှာ မကြာလှသေးပါ။ ၂၀၂၃ ခုနှစ်နှောင်းပိုင်း မြန်မာ-တရုတ်နယ်စပ် ကိုးကန့် ဒေသတွင် ဝင်ရောက်အခြေစိုက်လာသော တရုတ်ကျားဖျန့်ရာဇဝတ်ဂိုဏ်းများက အင်တာနက်နှင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေးကွန်ရက်ကို အဓိကအသုံးချပြီး တရုတ်နိုင်ငံသားတို့ထံမှ ငွေကြေးလိမ်လည်မှုများ ကျယ်ပြန့်စွာ ကျူးလွန်နေမှုကို တရုတ်အစိုးရ စတင်နှိမ်နင်းရာမှ “ကျားဖျန့်” ကို စတင်လူသိများလာခဲ့သည်။
အစပိုင်းတွင် တရုတ်ရာဇဝတ်ဂိုဏ်းများသည် တရုတ်နိုင်ငံထဲတွင်သာ အခြေစိုက်ပြီး ၎င်းတို့၏ နိုင်ငံသား အချင်း ချင်း ပစ်မှတ်ထား အွန်လိုင်းငွေကြေးလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည်။ Myanmar Now သည် တရုတ်နိုင်ငံ အတွင်း ဖြစ်ပွားလျက်ရှိသော ကျားဖျန့်ငွေလိမ်ဂိုဏ်းများအကြောင်း တရုတ်အစိုးရ ထုတ်ပြန်ချက်များကို လေ့လာပြီး ကျားဖြန့် သို့မဟုတ် နည်းပညာမြင့် စွမ်းအားရှင် အွန်လိုင်းသူခိုးကြီးများ ဆောင်းပါးကို မတ်လ ၁၆ ရက်နေ့တွင် ရေးသားတင်ပြခဲ့ဖူးသည်။
တရုတ်အစိုးရ၏ နှိမ်နင်းမှုကြောင့် တရုတ်ကျားဖျန့်ရာဇဝတ်ဂိုဏ်းများသည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့် နိုင်ငံများ၏ မြို့သစ်စီမံကိန်းများ၊ စက်မှုဇုန်စီမံကိန်းများတွင် ရင်းနှီးမြုပ်နှံသူများ အသွင်ဖြင့် ဝင်ရောက်အခြေစိုက်လာခဲ့သည်၊ သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေအားနည်းချက်များကို အခွင့်ကောင်းယူ လျက် နိုင်ငံစုံမှ နိုင်ငံသားများကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနေသယောင် နည်းလမ်းမျိုးစုံဖြင့် လိမ်ညာ လှည်ဖျားခေါ်ယူပြီး ကျားဖျန့်ငွေလိမ်လုပ်ငန်းကို နိုင်ငံဖြတ်ကျော် တိုးချဲ့လုပ်ဆောင်လာကြသည်။
ဤသို့ဖြင့် ယခုအခါ မြန်မာ-ထိုင်း နယ်စပ်က မြဝတီမြို့မှ ကျားဖျန့်ငွေလိမ်ဂိုဏ်းများသည် ကီလိုမီတာ ထောင်နှင့်ချီ ကွာလှမ်းသော အမေရိကန်ပြည်ထောင်စုရှိ အမေရိကန်နိုင်ငံသား အများအပြားကို ပစ်မှတ်ထား အွန်လိုင်းငွေလိမ် လုပ်ငန်း ကွန်ရက်ကြီးအဖြစ် ကြီးထွားလာက နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ဆုံးရှုံးနစ်နာနေကြောင်း၊ အဆိုပါ နိုင်ငံတကာရာဇဝတ်မှုကြီးကို ကျူးလွန်နေသော “နိုင်ငံဖြတ်ကျော် တရုတ်ရာဇဝတ်ဂိုဏ်းများ” (Chinese Transnational Criminal Organizations (TCOs) များကို အမေရိကန်အစိုးရက စတင်နှိမ်နင်းတော့မည် အဓိက ခြေလှမ်းကို မကြာသေးမီ ရက်ပိုင်းက ထုတ်ပြန်ကြေညာလာပါသည်။
တရုတ်ကျားဖျန့်နှိမ်နင်းရေးတပ်ဖွဲ့ အမေရိကန်ဖွဲ့စည်း
အရှေ့တောင်အာရှဒေသရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် အခြေစိုက်၍ နိုင်ငံတကာရာဇဝတ်မှုကြီး အဖြစ် ကျယ်ပြန့်စွာ ကျူးလွန်နေသည့် နိုင်ငံဖြတ်ကျော် တရုတ်ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရန် အမေရိကန် အစိုးရသည် နိုဝင်ဘာ ၁၂ ရက်နေ့တွင် အရေးပါသော ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်တွင် အမေရိကန်ပြည်ထောင်စု ကိုလမ်ဘီယာခရိုင် ရှေ့နေချုပ် Jeanine Ferris Pirro ဦးဆောင်၍ တရားရေးဌာနနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ ဖြစ်သော Federal Bureau of Investigation (FBI) ၊ US Secret Service (USSS) နှင့် Drug Enforcement Administration (DEA) ကဲ့သို့ အဖွဲ့စုံပါဝင်သည့် “အွန်လိုင်း ငွေလိမ်စင်တာများ နှိမ်နင်းရေးတပ်ဖွဲ့” (Scam Center Strike Force – SCSF) ဖွဲ့စည်းလိုက်ပြီ ဟု ဖော်ပြထား သည်။ ယခုအခါ SCSF ၏ မြန်မာအဖွဲ့ (Burma Team) သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီး၊ ထိုင်း ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ တရုတ်ကျားဖျန့်နှိမ်နင်းရေးလုပ်ငန်းများ စတင်နေပြီဟုလည်း ထုတ်ပြန်လာပါသည်။
တစ်နေ့တည်းတွင် အမေရိကန်ဘဏ္ဍာရေးဌာန က အမေရိကန်လူမျိူးများကို ပစ်မှတ်ထား အွန်လိုင်းငွေလိမ်မှုများ ကျူးလွန်နေသော Tai Chang ဟု အမည်ရသော တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း တည်ရှိရာ မြဝတီမြို့ တောင်ပိုင်း “ကျောက်ခတ်” ကို တည်ထောင်သူ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စိုင်းကျော်လှနှင့် DKBA ခေါင်းဆောင်များဖြစ်သော စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင် စုစုပေါင်း ခေါင်းဆောင် ၄ ဦးနှင့် DKBA လက်နက်ကိုင်အဖွဲ့ တို့ကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
အမေရိကန်အစိုးရ ဘဏ္ဍာရေးဌာန၏ ထိုကဲ့သို့ အရေးယူမှုသည် ပထမဆုံး မဟုတ်ပါ။ ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့ကလည်း မြဝတီမြို့ရှိ ရွှေကုက္ကိုမြို့သစ်နှင့် KK Park တရုတ်ကျားဖျန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လုံခြုံရေး အစောင့်အရှောက်ဖြင့် ကာကွယ်ပေးထားပြီး၊ ကျားဖျန့်ဂိုဏ်းများနှင့်ပူးပေါင်း အကျိုးအမြတ်ရရှိနေသော အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ၎င်း၏ခေါင်းဆောင် စောချစ်သူ၊ သားနှစ်ဦးဖြစ်သော စောထူးအယ်မိုးနှင့် စောချစ်ချစ်တို့ကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သေးသည်။ BGF သည် မကြာသေးမီက Karen National Army (KNA) ဟု အမည်ပြောင်းကြောင်း ကြေညာခဲ့သော်လည်း နာမည်နှစ်ခုလုံးကို ဆက်လက် အသုံးပြုလျက်ရှိသည်။
အမေရိကန်ဘဏ္ဍာရေးဌာန၏ စောချစ်သူကို အရေးယူသည့် ကြေညာချက်တွင် KK Park မှ အသက်ရှင် လွတ်မြောက်လာသူများ၏ ထွက်ဆိုချက်များအရ KK Park ကို လုံခြုံရေးယူပေးထားသော တပ်ဖွဲ့ဝင်များ၏ လက်မောင်းတံဆိပ်မှာ KNA ဖြစ်ကြောင်း သက်သေထွက်ဆိုခဲ့ကြသည် ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ထိုကြောင့် KK Park သည် KNU ၏ ထိန်းချုပ်မှုအောက် လည်ပတ်နေသယောင် စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်း စွပ်စွဲနေသကဲ့သို့ မဟုတ်မှန်း အမေရိကန်အစိုးရက ကောင်းစွာသိရှိထားသည်။
တရုတ်ကျားဖျန့်နှိမ်နင်းရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်း အမေရိကန်အစိုးရက တရားဝင်ကြေညာပြီး နောက်တစ်နေ့ နိုဝင်ဘာလ ၁၃ ရက်နေမှစ၍ တရုတ်အစိုးရ ပြည်သူရေးရာလုံခြုံရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ၆ နိုင်ငံ ကျားဖျန့် နှိမ်နင်းရေး ဝန်ကြီးအဆင့် အစည်းအဝေး ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့ရာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် အာဆီယံပူးတွဲဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ် အချက် (၂၁) ချက်ကို သဘောတူညီခဲ့ကြပြီး၊ ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲတပ်ဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး Jiraphop Bhuridej က ကျားဖျန့်နှိမ်နင်းရေး ပူးပေါင်းတပ်ဖွဲ့ (Joint Task Force) ဖွဲ့စည်းရန် အဆိုပြုခဲ့သည် ဟု ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် မြဝတီအခြေစိုက် တရုတ်ကျားဖျန့်ဂိုဏ်းများ နှိမ်နင်းရေးကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး၊ အမေရိကန်အစိုးရသည် ထိုပြဿနာကို ကာလရှည်ကြာ စောင့်ကြည့် လေ့လာနေခဲ့ရာမှ ယခုအခါ SCSF ကို စတင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ အဆိုပါ အင်အားကြီးနှစ်နိုင်ငံသည် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ခြင်းထက် ယှဉ်ပြိုင်အနိုင်ယူတတ်သော ဓလေ့စရိုက်ကြောင့် တရုတ် ကျားဖျန့်နှိမ်နင်းရေးတွင်လည်း ပူးပေါင်းဆောင်ရွက်မည်လား၊ အပြိုင်အဆိုင်သဘောဆောင်မည်လား ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းပြီး စောင့်ကြည့်ရန် လိုပါသည်။
ပထမအကြိမ် သမ္မတသက်တမ်းကာလ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံမှ စတင်ပြန့်နှံ့ခဲ့သော ကိုဗစ်ကပ်ရောဂါကို ‘Chinese virus’ ဟု ခေါ်ဝေါ်ခဲ့သဖြင့် တရုတ်အစိုးရ ခေါင်းဆောင်များ အကြီးအကျယ်အမျက်ဒေါသ ထွက်ခဲ့ဖူးသည်။ ယခုတစ်ဖန် အမေရိကန်အစိုးရ ထုတ်ပြန်ချက်တွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ (TCOs) ၏ အမည်နာမရှေ့တွင် “တရုတ်” ဟု တိတိပပ သုံးနှုန်းခေါ်ဝေါ်ထားခြင်းက တရုတ် လူမျိုးနှင့် နိုင်ငံ၏ဂုဏ်သိက္ခာကို ထိခိုက်နေပြီ ဖြစ်သည်။ တရုတ်အစိုးရ မည်ကဲ့သို့ တုံ့ပြန်မည်နည်း။
KK Park ကို မိုင်းခွဲဖျက်ဆီးဖျောက်ဖျက်ရန် မင်းအောင်လှိုင်ကိုယ်တိုင် အမိန့်ပေးခဲ့
ယခုတစ်ကြိမ် တရုတ်နှင့် အမေရိကန်အကြား ကြားညှပ်မည့်ကိန်းဆိုက်နေသူက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏သစ္စာခံ စောချစ်သူ ဖြစ်သည်။ လတ်တလော မြင်တွေ့နေရသည်မှာ စောချစ်သူဦးဆောင်သော BGF/KNA နှင့် DKBA ခေါင်းဆောင်များသည် ၎င်းတို့၏ လက်နက်ကိုင် ကာကွယ်စောင့်ရှောက်မှုအောက် မြဝတီမြို့တွင် လွတ်လပ်စွာ ကြီးထွားရှင်သန်နေကြကာ အကျိုးအမြတ်ကြီးမားစွာ ရရှိနေသည့် ရွှေကုက္ကို၊ KK Park နှင့် ကျောက်ခက် တို့မှ တရုတ်ကျားဖျန့်ဂိုဏ်းများကို ယခုအခါ ဖုတ်ပူမီးတိုက် “ပွဲပြီးရုံခါ” သည့်နှယ် လုပ်ဆောင်လာပါသည်။
အမေရိကန်အစိုးရက နှိမ်နင်းရေးတပ်ဖွဲ့ ဖွဲ့စည်းပြီး နှိမ်နင်းတော့မည့် လှုပ်ရှားမှုများ စတင်ချိန်နှင့် အချိန်ကိုက်၊ ယခင်က ကျည်ဆံတစ်တောင့် လေယာဉ်ဗုံးတစ်လုံးပင် မှားယွင်းစွာ မထိမှန်ဖူးသော KK Park ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏သစ္စာခံ စောချစ်သူတို့ ဦးစီးပြီး မိုင်းခွဲဖျက်ဆီးရှင်းလင်းနေပြီ ဖြစ်သည်။
စစ်အာဏာသိမ်းချိန်မှစ၍ ၎င်း၏လုံခြုံရေးစိတ်မချရသဖြင့် ကရင်ပြည်နယ်မြို့တော် ဘားအံမြို့သို့ လာခဲလှသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နေ့ချင်းပြန် ရောက်လာပြီး၊ စစ်ကော်မရှင်၏ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို “KK Park နေရာအား တပ်မတော်အနေဖြင့် ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောဆိုခဲ့သည်။ ထိုပြောဆိုချက်အရ KK Park ကို ရှင်းလင်းရန် မင်းအောင်လှိုင်ကိုယ်တိုင် အမိန့်ပေးခဲ့သည်မှာ ပေါ်လွင်သည်။
ဤနေရာတွင် KK Park ကို မင်းအောင်လှိုင်နှင့် စောချစ်သူ ပူးပေါင်း၍ မိုင်းခွဲဖျက်ဆီး အစဖျောက်ပစ်ခြင်းက မှန်ကန်သောလုပ်ရပ် ဟုတ်ပါ၏လော။ နိုင်ငံတကာရာဇဝတ်မှုခင်းများစွာ ကျူးလွန်ထားသောနေရာ၊ ကျားဖျန့် ရာဇဝတ်ဂိုဏ်းများ ရာဇဝတ်မှုများ မည်ကဲ့သို့ ကျူးလွန်ထားသည်ကို သက်သေအထောက်အထားများ၊ DNA များ စနစ်တကျ စုဆောင်း မှတ်တမ်းတင် လေ့လာဖော်ထုတ်ခြင်းမရှိဘဲ၊ KK Park ကို မိုင်းခွဲဖျက်ဆီး ရှင်းလင်းမှုသည် ကျားဖျန့်နှိမ်နင်းခြင်းထက် ကျားဖျန့်သက်သေခံပစ္စည်းများ ဖျောက်ဖျက်ခြင်းက အဓိကရည်ရွယ်ချက် ဖြစ်နေမည်လား ဆိုသည့် သံသယဖြစ်ဖွယ် မေးခွန်းလည်း ရှိနေပါသည်။
ရာဇဝတ်သက်သေများ ဖျောက်ဖျက်ရန် KK Park ကို မိုင်းခွဲဖျက်ဆီးခြင်း
နိုဝင်ဘာလ ၁၂ ရက်နေ့ထုတ် စစ်ကော်မရှင်၏ ဝါဒဖြန့် “မြန်မာ့အလင်း” သတင်းစာ ရှေ့မျက်နှာဖုံးတွင် နှစ်နိုင်ငံ နယ်ခြားမျဉ်းအဖြစ် သတ်မှတ်ထားသော သောင်ရင်းမြစ်ကမ်းနဘေး မြန်မာနိုင်ငံဘက်အခြမ်းတွင် အမည် ဆိုးဖြင့် လူသိများသော KK Park ကို ဧက ၅၀၀ အကျယ်အဝန်းရှိသော မြေကွက်ပေါ်တွင် ရာနှင့်ချီသော အဆောက် အအုံများကို ဖြိုချဖျက်ဆီးသည့် သတင်းကို စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ စင်စစ် အောက်တိုဘာလ ၂၃ ရက် နေ့ ကတည်းက စစ်တပ်နှင့် BGF ပူးပေါင်းပြီး KK Park ကို မိုင်းခွဲဖျက်ဆီးနေသည့်သတင်းမှာ ထိုင်းမီဒီယာများတွင် တွေ့မြင်နေရပြီ ဖြစ်သည်။
အမေရိကန်အစိုးရက DKBA ခေါင်းဆောင် ၄ဦးကို အရေးယူခြင်း၊ မြဝတီမြို့ တရုတ်ကျားဖျန့်ဂိုဏ်းများကို နှိမ်နင်းမည့်တပ်ဖွဲ့ SCSF ဖွဲ့စည်းခြင်း ကြေညာသည့် တစ်နေ့တည်းတွင် စစ်ကော်မရှင်က KK Park ကို မိုင်းခွဲဖျက်ဆီး ရှင်းလင်းနေကြောင်း အသေးစိတ်သတင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးတွင် တိုက်ဆိုင်သည်ဟု မရှိ ဆိုရိုးစကားအရ အမေရိကန်အစိုးရလက်ထဲ KK Park မှ ရာဇဝတ်သက်သေများ ရောက်သွားမည်ကို မင်းအောင် လှိုင် ကြောက်ရွံ့နေသလား စဉ်းစားစရာ ဖြစ်ပါသည်။
မင်းအောင်လှိုင်၏ ထိုလုပ်ရပ်သည် တရုတ်ကျားဖျန့်ဂိုဏ်းများ၏ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာနေရာမှ သက်သေခံ အထောက်အထားများကို အစဖျောက်ခြင်း ဖြစ်ပြီး၊ ယင်းသည် ကျားဖျန့်ဂိုဏ်းများထံမှ အကျိုးအမြတ် တိုက်ရိုက်ခံစားရယူထားသော စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ BGF/KNA တို့၏ ပါဝင်ပတ်သက်မှု သက်သေ အထောက်အထားများ မကျန်ရစ်စေရန် အပြီးအပြတ်ရှင်းလင်းခြင်းလည်း ဖြစ်သည်။
မြန်မာ့အလင်း သတင်းစာတွင် “KK Park အတွင်း ဇုန်အလိုက် အဆောက်အအုံများ ဆက်လက်ဖြိုချ ဖျက်ဆီး ရှင်းလင်း” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြချက်အရ KK Park ကို ဇုန် (A) ၊ (B) နှင့် (C) ဟု၍ သုံးပိုင်းခွဲ တည် ဆောက်ထားရာ ဇုန် (A) တွင် အဆောက်အအုံပေါင်း (၁၄၈) လုံး၊ ဇုန် (B) တွင် (၇၃) လုံးနှင့် ဇုန် (C) တွင် (၄၁၄) လုံး၊ စုစုပေါင်း ၆၃၅ လုံးရှိပြီး၊ တစ်ထပ်မှ ခြောက်ထပ်အထိ အဆောက်အအုံအမျိုးမျိုးပါဝင်သည်။ ထိုသတင်း ထုတ်ပြန်ချိန်အထိ အဆောက်အအုံ (၁၁၀) လုံးကို ဖြိုချဖျက်ဆီးပြီးပြီ ဟု ဆိုသည်။ ကျန်ရှိသော အဆောက်အုံ ၅၂၅ လုံးကိုလည်း ဆက်လက်ရှင်းလင်းမည်ဟု သတင်းဖော်ပြထားသည်။
ထိုကဲ့သို့ KK Park ကို မိုင်းခွဲဖျက်ဆီးမှုများနှင့် စက်ယန္တရားကြီးများဖြင့် ဖြိုချဖျက်ဆီးမှုများ မပြုလုပ်မီ ရက်ပိုင်း အထိ နိုင်ငံပေါင်းစုံမှ ထောင်နှင့်ချီသော နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်၍ KK Park သို့ စဉ်ဆက်မပြတ် ရောက်ရှိလာကြပြီး၊ အဆိုပါ အဆောက်အအုံများအတွင်းနေထိုင်လျက် ကမ္ဘာအနှံ့ အွန်လိုင်းငွေလိမ်မှုများကို BGF/KNA ၏ လက်နက်ကိုင် လုံခြုံရေးအစောင့်အရှောက်များအောက်တွင် နာရီမလပ် ကျူးလွန်နေခဲ့ခြင်း ဖြစ်သည်။
စင်စစ် အောက်တိုဘာလ ၂၃ ရက်နေ့ကတည်းက စစ်တပ်နှင့် BGF/KNA တို့က KK Park ကိုမိုင်းခွဲဖျက်ဆီးသည့် သတင်းများ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နိုင်ငံတကာသတင်းများတွင် ပေါ်ထွက်လာပြီးနောက်၊ အောက်တိုဘာလ ၂၅ ရက်နေ့ ထိုင်းသတင်းဌာန Khaosod English က သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ KK Park မှ ထွက်ပြေးလာကြသော နိုင်ငံစုံမှ နိုင်ငံခြားသား ၁,၂၄၃ ဦးအထိ ရှိပြီဟု သတင်းဖော်ပြလာပါသည်။
အဆိုပါ ထွက်ပြေးလာကြသူများသည် အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ထိုင်ဝမ်၊ ကင်ညာ၊ နိုင်ဂျီရီးယား၊ ဂီနီယာ၊ ကွန်ဂို၊ ဂါနာ၊ ရဝမ်ဒါ စသည့် နိုင်ငံသားများမှ ဖြစ်ကြောင်း ထိုင်းမီဒီယာက ဖော်ပြ ခဲ့သည်။ တရုတ်ကျားဖျန့်ဂိုဏ်းများ ဤမျှထုထည်ကြီးမားစွာဖြင့် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေပုံက အထင်အရှား ပေါ်လွင်လာပါသည်။
ပို၍အံ့ဩစရာကောင်းသည်မှာ အဆိုပါ ထွက်ပြေးလာကြသူများသည် သတင်းမီဒီယာများထဲ ပုံဖော်ရေးသားနေကြ သကဲ့သို့ ကျားဖျန့်ဂိုဏ်းများ၏ ငရဲခန်းထဲ နှိပ်စက်ညှင်းပန်းမှုခံရခြင်းကြောင့် ဒဏ်ရာဒဏ်ချက်မျိုးစုံဖြင့် နေထိုင်ခဲ့ရ ပြီးမှ သေကံမပျောက် လွတ်မြောက်လာကြသူတို့၏ အသွင်လက္ခဏာများ လုံးဝ တွေ့မြင်ရခြင်း မရှိပါ။ ၎င်းတို့၏ ခရီးဆောင်အိပ်များဆွဲ၍ KK Park မှ ထွက်ပြေးလာသူ အများစုသည် ကမ္ဘာလှည့်ခရီးသည်များ ဟန်မပျက်ခရီးသွား လာနေသူများ ပုံသဏ္ဌာန်မျိုး တွေ့မြင်ခဲ့ရခြင်းကြောင့် ဖြစ်သည်။ တချို့ဆိုလျှင် ကောင်းမွန်သော အဝတ်အစား များပင် ကျကျနန ဝတ်ဆင်ထားကြသည်။
သို့သော် သက်ဆိုင်ရာအာဏာပိုင်များက မေးမြန်းရာတွင် သူတို့သည် လိမ်ညာခံရပြီး KK Park ထဲ ရောက်ရှိလာကြ သူများ ဟုသာ ဖြေဆိုကြသည်ကို လေ့လာတွေ့ရှိရသည်။ မည်သူမျှ အွန်လိုင်းငွေလိမ်သည့် ထိုအလုပ်ကို ၎င်းတို့ ဆန္ဒအလျှောက် လာရောက်လုပ်ကိုင်ပါသည်ဟု မဖြေဆိုကြပါ။ ထိုအချက်ကို နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ဝေခဲ့ သော စစ်ကော်မရှင် ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်း တွင် KK Park မှ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၃ဦး၊ ကင်ညာနိုင်ငံသား ၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၁ ဦး တို့၏ တူညီသော ဖြေဆိုချက်များ က သက်သေခံနေသည်။
အစပိုင်းတွင် လိမ်ညာခံရသည်မှာ မှန်ကန်နိုင်ပါသည်၊ သို့သော် ထိုလိမ်လည်သည့်အလုပ်ကို ကောင်းစွာလုပ်ကိုင် နိုင်သည်နှင့်အမျှ အကျိုးအမြတ် ရာခိုင်နှုန်း ပို၍ ရရှိကြသဖြင့် နောက်ပိုင်းတွင် ကိုယ်တိုင်ဆန္ဒအလျောက် လုပ်ကိုင်သူ အများအပြား ရှိနိုင်ပါသည်။
မည်သို့ပင်ဆိုစေ မြဝတီကို ဝရုန်းသုံးကား ဖြစ်အောင် လုပ်နေသူများမှာ မင်းအောင်လှိုင် စစ်တပ်နှင့် စောချစ်သူ၏ BGF/KNA တပ်များ ဖြစ်ပြီး၊ တရုတ်ကျားဖျန့်ဂိုဏ်းများ၏ အဓိက ခေါင်းဆောင်များကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိသည်မှာ အကြီးမားဆုံး ဟာကွက်ကြီး ဖြစ်နေသည်။
မင်းအောင်လှိုင်နှင့် စောချစ်သူ “ဘူးခံ” ငြင်းဆိုနေသော မြဝတီကျားဖျန့်အရှုပ်တော်ပုံ
နိုင်ငံစုံမှ ထောင်နှင့်ချီသော နိုင်ငံခြားသားများ မြဝတီမြို့ မြောက်ဖက်နှင့် တောင်ဖက် ကီလိုမီတာ အနည်းငယ်သာ ကွာလှမ်းသော ရွှေကုက္ကိုနှင့် KK Park အတွင်း နှစ်နှင့်ချီပြီး ကမ္ဘာအနှံ့ အွန်လိုင်းငွေလိမ်မှု များ ကျူးလွန်နေခဲ့ခြင်းကို မင်းအောင်လှိုင်၏ မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် BGF ခေါင်းဆောင်များက သူတို့ လုံးဝမသိရှိပါ ဟု “ဘူးခံ” ငြင်းဆိုလျက်ရှိသည်။
စင်စစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နေပြည်တော်တွင် စစ်အာဏာသိမ်းချိန် မြဝတီမြို့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်အုပ်ချုပ်ရေးအောက် အပြည့်အဝ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ မြဝတီမြို့ပတ်ပတ်လည်ကို မင်းအောင်လှိုင်သစ္စာခံ မြို့စောင့်တပ်နှင့် နာမည်ကျော် ရွှေကုက္ကိုမြို့သစ်ကို BGF/KNA ခေါင်းဆောင် စောချစ်သူ၏ အင်အား ၈,၀၀၀ နှင့် ၁၀,၀၀၀ အကြားရှိသော လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်စိုးမိုးထားခဲ့သည်။
စင်စစ် BGF/KNA သည် စစ်တပ်၏ အမိန့်ပေးကွပ်ကဲမှု ယန္တရားအောက်တွင်ရှိပြီး၊ စောချစ်သူသည် စစ်တပ်က ခန့်အပ်ထားသော ဗိုလ်မှူးကြီးရာထူးကို ရယူထားသူ ဖြစ်သည်။ ပမာနှိုင်းယှဉ်ရလျှင် ကိုးကန့်နယ်စပ် လောက်ကိုင် မြို့ရှိ ကိုးကန့်ပြည်သူစစ်ခေါင်းဆောင် ဝေဆန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်မှူးကြီးရာထူး ပေးအပ် ပြီး၊ လောက်ကိုင်မြို့လုံခြုံရေးကို တာဝန်ပေးခဲ့သည့် ပုံသဏ္ဌာန်နှင့် ထပ်တူထပ်မျှ တူညီသည်။
ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ဝေဆန်းက ကျားဖျန့်ငွေလိမ်ဂိုဏ်းများ ထူထောင်ကျူးလွန်သလို၊ စောချစ်သူ သည်လည်း ရွှေကုက္ကိုမြို့သစ်တွင် တရုတ်ကျားဖျန့်ဂိုဏ်းများကို အကာအကွယ်ပေးပြီး နိုင်ငံတကာအွန်လိုင်း ငွေလိမ်လုပ်ငန်း ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်သည်။ တရုတ်အစိုးရ ဖမ်းဝရမ်းထုတ်ချိန်တွင် ဝေဆန်းက မင်းအောင်လှိုင်၏ ဌာနချုပ် နေပြည်တော်သို့ ရောက်သွားခဲ့သော်လည်း၊ နောက်ဆုံးတွင် မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်အစိုးရထံ အပ်နှံခဲ့ပြီး၊ နေပြည်တော်လေဆိပ်မှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
ယခုတစ်ဖန် စောချစ်သူသည် မင်းအောင်လှိုင်၏ အကာအကွယ်ရရှိနေပုံမှာလည်း အထင်အရှားပင်။ တရုတ်ကျားဖျန့်ဂိုဏ်းများ ကင်းရှင်းသော မြဝတီမြို့ ဖြစ်နိုင်သလား ဆိုသည့် မေးခွန်းက စောချစ်သူသည် ဒုတိယမြောက် ဝေဆန်း ဖြစ်လာနိုင်သလား၊ BGF သည် ကိုးကန့်ပြည်သူ့စစ် ကြုံတွေ့ခဲ့ရသော ကံကြမ္မာမျိုး ကြုံတွေ့နိုင် သလား ဆိုသည့် မေးခွန်းနှင့် တိုက်ရိုက်အချိုးကျ နေပါသည်။
စောချစ်သူ၏ ကံကြမ္မာက စိတ်ဝင်စားစရာ ကောင်းလာပါသည်။ ယခုအခါ တရုတ်အစိုးရသည် စောချစ်သူ၏ စီးပွားဖက်ဖြစ်သော၊ ရွှေကုက္ကိုမြို့သစ်ကို တည်ဆောက်သူဖြစ်သော ရှီကျီကျန်းကို ထိုင်းအစိုးရထံမှ လွှဲပြောင်းရရှိသွားပြီ ဖြစ်သည်။ ရှီကျီကျန်းထံမှ စောချစ်သူ ကျူးလွန်ထားသော ပြစ်မှုများ၏ သက်သေအထောက်အထားများ တရုတ်အစိုးရ ရရှိ သွားပါက စောချစ်သူကို ဝေဆန်းကဲ့သို့ ဖမ်းဝရမ်းထုတ်မည်လား၊ သို့တည်းမဟုတ် စောချစ်သူကို ဖမ်းဝရမ်း ထုတ်ရန် ပြင်ဆင်နေသော ထိုင်းအစိုးရက လက်ဦးမှု ရယူမည်လား၊ သို့တည်းမဟုတ် အမေရိကန်အစိုးရ၏ SCSF ၏ ဖမ်းဆီးအရေးယူခြင်း ခံရမည်လား၊ မင်းအောင်လှိုင်ကိုယ်တိုင် စစ်တပ်ပါဝင်ပတ်သက်ထားသော ကျားဖျန့်အမှု ကို ဖုံးဖိရန် စောချစ်သူကို အစဖျောက်ရန် ကြိုးပမ်းမည်လား စောင့်ကြည့်လေ့လာစရာ ကောင်းလှသည်။
မြဝတီနယ်စပ်က တရုတ်ကျားဖျန့်ငွေလိမ်ဂိုဏ်းများကို အကာအကွယ်ပေးထားသော လက်နက်ကိုင်တပ်ဖွဲ့များထဲ စစ်တပ်ကိုယ်တိုင် ပါဝင်ပတ်သက်နေသည်ကို မင်းအောင်လှိုင် ဆက်လက် “ဘူးခံ” ငြင်းဆိုဦးမည်လား၊ ကျားဖျန့်ငွေများ စစ်တပ်စီးပွားရေးလုပ်ငန်းများထဲ မည်မျှစီးဝင်နေသနည်း စသည့် အရေးကြီးသော မေးခွန်းများ ရှိနေပါသေးကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။



