တရုတ်ဘာသာစကားဖြင့် “လိမ်လည်မှု” ဟု အဓိပ္ပာယ်ရသော “ကျားဖြန့်” အွန်လိုင်းငွေလိမ်ဂိုဏ်းများ တရုတ် ပြည်တွင်း ပြန့်နှံ့နေခြင်းကို တရုတ်အစိုးရက နှစ်ကာလအတန်ကြာ နှိမ်နင်းခဲ့သော်လည်း၊ လျော့ပါးမသွားဘဲ ယခုအခါ တရုတ်ကျားဖြန့် ပြဿနာသည် ဒေသတွင်း ကူးစက်ပြန့်ပွားနေသော ပြဿနာကြီး ဖြစ်လာသည်။
မတ်လ ၇ ရက်နေ့တွင် ကျင်းပခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ သတင်းစာရှင်းလင်းပွဲ အတွင်း သတင်းထောက်တစ်ဦးက နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းများ ပြဿနာ အကြောင်း မေးမြန်းရာ ထိုပြဿနာအား “ကင်ဆာ” ဟု သုံးနှုန်းခဲ့ခြင်းကို ထောက်ရှုခြင်းအားဖြင့် တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းတွင် ကျားဖြန့်ဂိုဏ်းများအရေး မည်မျှခေါင်းခဲနေရသည်ကို ပေါ်လွင်စေပါသည်။
ထိုနေ့တွင် ဝန်ကြီးဝမ်ယိက “တရုတ် နယ်စပ်အနီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများ အားလုံးကို ရှင်းလင်းလိုက်ပြီ” ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။ စင်စစ် တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန က ထိုသတင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ကတည်းက ထုတ်ပြန်ထားပြီး ဖြစ်သည်။ သို့သော် မြန်မာပြည်မြောက်ပိုင်း တရုတ်ကျားဖြန့်ဂိုဏ်းခေါင်းဆောင်စစ်စစ် အရေအတွက် မည်မျှ ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့သည် ဆိုသည့်အချက်ကိုမူ ဝန်ကြီးဝမ်ယိနှင့် တရုတ်အာဏာပိုင်များ ပြောဆိုခဲ့ခြင်း မရှိပါ။
၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့တွင် တရုတ်ကျားဖြန့် နှိမ်နင်းရေးကို ရှေ့တန်းကဆင်နွှဲနေ သော တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အွန်လိုင်းငွေလိမ်လုပ်ငန်းများတိုက်ဖျက်မှု အဓိကအောင်ပွဲကြီး ခေါင်းစဥ်ဖြင့် ကြေညာချက်တစ်စောင်ကို တရုတ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ကြောင်း မြန်မာစာဖတ်သူများ သတိ ပြုမိကြလိမ့်မည် မထင်ပါ။
ထိုကြေညာချက်တွင် ၂၀၂၁ – ၂၀၂၄ ခုနှစ် ကာလအတွင်း တရုတ်အစိုးရသည် အွန်လိုင်းငွေလိမ်အမှုပေါင်း ၁.၉၅ သန်းကို ဖြေရှင်းနိုင်ခဲ့သည် ဟု ဆိုသည်။ ထိုကာလအတွင်း အွန်လိုင်းမှ ငွေလိမ်ရန် ဖုန်းခေါ်ဆိုမှုပေါင်း အကြိမ်ရေ ၆.၉၉ ဘီလီယံနှင့် ဖုန်းမက်ဆေ့ချ်ပေါင်း အကြိမ်ရေ ၆.၈၄ ဘီလီယံကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး၊ အင်တာနက်လိပ်စာများနှင့် စာမျက်နှာပေါင်း ၁၈ သန်းကို အရေးယူဆောင်ရွက်ခဲ့ရာ အွန်းလိုင်းငွေလိမ်မှု ကြောင့် ဆုံးရှုံးနိုင်မည့် တရုတ်ယွမ်ငွေ ၁.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၁.၉ ဘီလီယံ) ကို တားဆီး ပိတ် ဆို့နိုင်ခဲ့သည် ဟု ဆိုသည်။ အလွန်ကြောက်ခမန်းလိလိ ကိန်းဂဏန်းများ ဖြစ်သည်။
ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် တရုတ်လူ့အဖွဲ့အစည်းအတွင်း ဝန်ကြီးဝမ်ယိ သုံးနှုန်းခဲ့သည့်အတိုင်း “ကင်ဆာ” ရောဂါသဖွယ် လှိုက်စားအမြစ်တွယ် ပြန့်နှံ့နေပုံကို အထက်ပါ ကိန်းဂဏန်းများအရ မှန်းဆနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတကာတွင် နိုင်ငံ၏ပုံရိပ် တစ်နေ့တခြား ထိခိုက်လာစေသော တရုတ်ကျားဖြန့် ပြဿနာကို သမ္မတရှီကျင့်ဖျင်ကိုယ်တိုင် ညွှန်ကြားသဖြင့် တရုတ်လုံခြုံရေးတာဝန်ရှိသူ အာဏာပိုင်များသည် ဒေသတွင်း နိုင်ငံများအထိ အပူတပြင်း လိုက်လံနှိမ်နှင်းနေရသော အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။
တရုတ်ကျားဖြန့်ပြဿနာ ဖြေရှင်းနေရသော အိမ်နီးချင်းနိုင်ငံများ
ယခုအခါ ကျားဖြန့်ဂိုဏ်းများသည် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ဖြစ်သော လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ၏ ဥပဒေစိုးမိုးမှုအားနည်းသော အစွန်အဖျားနယ်စပ်ဒေသများကို ခြေကုပ်ယူ ကျက်စားနေပြီး၊ အရှေ့တောင်အာရှဒေသတွင်းရှိ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသာမက၊ အမေရိကန်နိုင်ငံအထိပါ ထိုးဖောက်ပြန့်နှံ့လာသည့်အထိ ဒေသတွင်းနှင့် နိုင်ငံတကာအကျပ်အတည်း ဖြစ်လာ နေပြီ ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများမှ အွန်လိုင်းငွေလိမ်မှုများဖြင့် ဖမ်းဆီးလွှဲပြောင်းပေးခဲ့ရသော တရုတ်နိုင်ငံသားများ
| ရက်စွဲ | ဖမ်းမိရာ ဒေသ | တရားခံ ဦးရေ | ပြစ်မှုဆိုင်ရာ မှတ်ချက် |
| ၀၃/၀၃/၂၀၂၅ | မြန်မာ | ၆၂၀ | မြဝတီမြို့ ကျားဖြန့်ငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၂၇/၀၃/၂၀၂၅ | ထိုင်း | ၄၀ | ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ခြင်း။ |
| ၂၂/၁၂/၂၀၂၄ | ဖိလစ်ပိုင် | ၄ | အွန်လိုင်းလောင်းကစားနှင့် ပြန်ပေးဆွဲမှု။ |
| ၂၈/၁၁/၂၀၂၄ | ကမ္ဘောဒီးယား | ၂၄၀ | အွန်လိုင်းလောင်းကစားနှင့် ပြန်ပေးဆွဲမှု။ |
| ၂၉/၀၉/၂၀၂၄ | မြန်မာ | ၂၀ | ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၁၂/၀၉/၂၀၂၄ | ကမ္ဘောဒီးယား | ၁ | အမျိုးသမီးလူကုန်ကူးမှု ကျူးလွန်သူတရားခံ။ |
| ၀၆/၀၉/၂၀၂၄ | ကမ္ဘောဒီးယား | ၅ | အွန်လိုင်းလိမ်လည်ငွေများ ခဝါချပေးမှု။ |
| ၂၃/၀၈/၂၀၂၄ | ထိုင်း | ၁ | ယွမ် ၁၀၀ ဘီလီယံ အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင် |
| ၂၁/၀၈/၂၀၂၄ | မြန်မာ | ၃၀၇ | ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၀၁/၀၈/၂၀၂၄ | ဖိလစ်ပိုင် | ၃၀ | အွန်လိုင်းလောင်ကစားဂိုဏ်း တရားခံများ။ |
| ၂၅/၀၇/၂၀၂၄ | မြန်မာ | ၃ | မူးယစ်ဆေးဝါးကုန်ကူးမှု တရားခံများ။ |
| ၂၈/၀၆/၂၀၂၄ | မြန်မာ | ၂၉၅ | ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၂၃/၀၆/၂၀၂၄ | လာအို | ၂၈၀ | အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၁၈/၀၆/၂၀၂၄ | မြန်မာ | ၁၅၀ | ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၁၄/၀၅/၂၀၂၄ | ဖိလစ်ပိုင် | ၁၆၀ | အွန်လိုင်းလောင်းကစားမှု တရားခံများ။ |
| ၀၇/၀၅/၂၀၂၄ | မြန်မာ | ၉၂ | ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၂၃/၀၄/၂၀၂၄ | လာအို | ၂၅၀ | အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၂၁/၀၄/၂၀၂၄ | ကမ္ဘောဒီးယား | ၆၈၀ | အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၁၃/၀၃/၂၀၂၄ | မြန်မာ | +၈၀၀ | ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၂၈/၀၂/၂၀၂၄ | လာအို | ၂၆၈ | အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၂၈/၁၁/၂၀၂၃ | လာအို | ၄၆၂ | အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၂၀/၀၉/၂၀၂၃ | အင်ဒိုနီးရှား | ၁၅၃ | အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
| ၁၁/၀၉/၂၀၂၃ | လာအို | ၁၆၄ | အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းခြင်း။ |
ရင်းမြစ်။ ။ Ministry of Public Security of China နှင့် UNODC Report (October, 2024)
လွန်ခဲ့သောနှစ်များအတွင်း တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်များထိစပ်နေပြီး၊ လက်နက်ကိုင်အဖွဲ့မျိုးစုံ ထိန်းချုပ်ထားသော မြန်မာနိုင်ငံ နယ်စပ်ဒေသများသည် တရုတ်ကျားဖြန့်များ အဓိက ခြေကုပ်ယူကျက်စားရာ ဒေသများ ဖြစ်လာပါသည်။ မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၀၀၀ ကျော် နယ်စပ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံသားတို့၏ လက်ကိုင်ဖုန်းများမှတစ်ဆင့် ငွေလိမ်ရန် ကြိုးပမ်း သော SMS မက်ဆေ့ချ်ပေါင်း ၅၈ သန်း ရှိပြီး၊ ထိုပြဿနာသည် ထိုင်းနိုင်ငံအတွင်း ကျယ်ပြန့်လာနေသည်။
၂၀၂၃-၂၀၂၄ တွင် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်နှင့် ‘ဝ’ ဒေသများမှ ကျားဖြန့်ဂိုဏ်းများကို ဒေသခံလက်နက်ကိုင်အဖွဲ့များ အကူအညီဖြင့် တရုတ်အစိုးရ နှိမ်နင်းခဲ့ရာ တရုတ်လူမျိုး အနည်းဆုံး ၅သောင်းကျော် စံချိန်တင် ဖမ်းဆီးမိပြီး၊ တရုတ်နိုင်ငံသို့ အသုတ်လိုက် ပြန်လည် လွှဲပြောင်း ရယူသွားသည်။
ကမ္ဘောဒီးယား လာအိုနှင့် မြန်မာနယ်စပ်များရှိ ကျားဖြန့်ဂိုဏ်းများ အခြေစိုက်တည်နေရာများ
ရင်းမြစ်။ ။ UNODC Report (October, 2024)
ထိုဖြစ်စဥ်နှင့်ပတ်သက်၍ တရုတ်အစိုးရက အောင်မြင်ကြောင်း ကြွေးကြော်ခဲ့သေးသည်။ လအတန်ကြာ တိတ်ဆိတ်ငြိမ်သက် သွားခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မြန်မာ-ထိုင်းနယ်စပ်ဒေသ မြဝတီမြို့တွင် လက်နက်ကိုင်အဖွဲ့ များ၏ အကာအကွယ်ဖြင့် အခိုင်အမာခြေကုပ်ယူ လှုပ်ရှားနေသော တရုတ်ကျားဖြန့်ဂိုဏ်းများကို ထိုင်းအစိုးရ အကူအညီဖြင့် တရုတ်အစိုးရ တဖန်ပြန်လည် နှိမ်နင်းနေရပြီး၊ တရုတ်နိုင်ငံသား ထောင်နှင့်ချီ ဖော်ထုတ် ဖမ်းဆီးရမိပြန်သည်။
သို့သော် အဆိုပါ ဖမ်းဆီးရမိသူ အများစုသည် ကျားဖြန့်ဂိုဏ်းများက နည်းမျိုးစုံဖြင့် ဆွဲဆောင်စည်းရုံး ခိုင်းစေ ခြင်းခံရသော အလုပ်သမားများဖြစ်ပြီး၊ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များနှင့် ၎င်းတို့၏ ကွန်ရက်များ၊ အွန်လိုင်းစနစ်များအားလုံး ဖျက်ဆီးခြေမှုန်းလိုက်နိုင်ပြီ ဆိုသည့် လက္ခဏာရပ်များကို တရုတ်၊ ထိုင်းနှင့် မြန်မာ မည်သည့် အစိုးရကမျှ သက်သေအထောက်အထား ထုတ်ပြန်နိုင်ခြင်း မရှိကြပါ။ ယင်းသည် တရုတ်အစိုးရ၏ ကျားဖြန့်နှိမ်နင်းရေး နည်းနာများ၏ အမှန်တကယ် ထိရောက်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
ကျားဖြန့်ဂိုဏ်းများ၏ ရေသောက်မြစ် ဘယ်မှာလဲ
ကျားဖြန့်ဂိုဏ်းများ ဖွဲ့စည်းမှု၊ ကွန်ရက်ဖြန့်ကျက်မှုနှင့် လုပ်ငန်းလည်ပတ်မှုများက သာမန် ရာဇဝတ်ဂိုဏ်းများ နှင့်မတူ လျှို့ဝှက်သိပ်သည်း ရှုပ်ထွေးလွန်းလှပြီး၊ တစ်နိုင်ငံတည်း တစ်နေရာတည်းတွင် လှုပ်ရှားခြင်းမျိုးထက်၊ နိုင်ငံဖြတ်ကျော် ကွန်ရက်ဖြန့်ကျက် လှုပ်ရှားလျက်ရှိရာ၊ တစ်နေရာတွင် နှိမ်နင်းလိုက်ပါက၊ အချိန်တိုအတွင်း အခြားနေရာသစ်တွင် ပြန်လည်ပေါ်ပေါက် အားကောင်းလာသည်ကို တွေ့ရှိနေရသည်။
ထိုဖြစ်စဥ်က ဖော်ပြနေသည်မှာ ကျားဖြန့်နှိမ်နင်းရေး အပြင်းအထန် ဦးဆောင်ကြိုးပမ်းနေသော တရုတ်အစိုးရ နှင့် ဒေသတွင်းနိုင်ငံအစိုးရများသည် ကျားဖြန့်ဂိုဏ်းများ၏ ရေသောက်မြစ်ကို ရှာဖွေဖော်ထုတ်ပြီး ခြေမှုန်းနိုင်မှု မရှိသေး ဟူသော အချက်ပင်။
စင်စစ် ကျားဖြန့်ဂိုဏ်းများ၏ ရေသောက်မြစ်သည် အစိုးရများ၏ နည်းပညာ အခြေခံအဆောက်အအုံ စနစ်ကြီး ထဲ အတွင်းကျကျ ထိုးဖောက်ဝင်ရောက် အမြစ်တွယ်နေပြီး၊ အမြစ်ဖြတ်ခြေမှုန်းရန် အလွန်ခက်ခဲနေခြင်း ဖြစ် သည်။ တနည်းအားဖြင့် နည်းပညာတီထွင်ဖန်တီးမှုအရာတွင် အမေရိကန်နိုင်ငံထက် သာလွန်ရှေ့ရောက်ရန် ကြိုးပမ်းနေသော တရုတ်နိုင်ငံသည် ၎င်းတို့နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ အကြီး အကျယ် ကျိုးပေါက်နေခြင်း (Massive Data Breach) ကို ရင်ဆိုင်နေရပြီး၊ ထိုအချက်အလက်များကို အသုံးပြု လျက် ကျားဖြန့်များ ရှင်သန်ကြီးထွားနေသည်ကို တရုတ်ခေါင်းဆောင်များ အသိအမှတ်ပြုဝန်ခံရန် ပျက်ကွက် လျက်ရှိသည်။
ကျားဖြန့်သည် ယနေ့နည်းပညာခေတ်ကြီး၏ အမှောင်ဖက်အခြမ်းကို လှစ်ဟပြသ နေသည်။ အကြောင်းမှာ မျက်မှောက်ခတ် လူ့အဖွဲ့အစည်းများသည် မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်ရေး ကွန်ရက်များ (Hi-speed Internet Networks) ၊ စမတ်ဖုန်းများ (Smart Phones)၊ စွမ်းအားမြင့် ကွန်ပျူတာများနှင့် ဘီလီယံနှင့်ချီသော အချက်အလက်များ မြန်ဆန်စွာသိမ်းဆည်းဖြန့်ဝေနိုင်သော Blockchain နည်းပညာများ၊ Cloud computing နှင့် machine learning နည်းပညာများ၊ နောက်ဆုံးပေါ် Artificial Intelligence – AI နည်းပညာများ အပြိုင် အဆိုင် တီထွင်တပ်ဆင်နေကြပြီး ထိုနည်းပညာများကို အစိုးရများသာမက နိုင်ငံသားတိုင်း လက်လှမ်းမှီ သုံးစွဲ နိုင်သည့် အခြေအနေအထိ ရောက်ရှိလာပြီ ဖြစ်သည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား နည်းပညာပြိုင်ဆိုင်မှုကလည်း မည်သည့်အချိန်ကာလနှင့်မျှ မတူ ပြင်းထန် ပေါက်ကွဲလာပြီး၊ နည်းပညာသာလွန်သူက ကြီးစိုးသောခေတ်ကြီး ဖြစ်လာသည်။ အမေရိကန်ပြည်ထောင်စုကို နည်းပညာအရာတွင် ယှဥ်ပြိုင်ကျော်လွှားနိုင်ရန် ကျားကုတ်ကျားခဲ လုပ်ဆောင်လျက်ရှိသော အာရှနဂါးကြီး တရုတ် နိုင်ငံသည် AI နည်းပညာတီထွင်ဆန်းသစ်မှုတွင် ရှေ့ဆောင်နိုင်ငံကြီးဖြစ်ရန် အပြင်းအထန် ကြိုးပမ်းနေသည်။
ထိုအချင်းအရာကို DeepSeek AI အက်ပလီကေးရှင်း ထွက်ရှိလာချိန်တွင် တွေ့မြင်ရသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် တည်ထောင်ခဲ့ပြီး ကုမ္ပဏီသက်တမ်း ၁နှစ်ခွဲခန့်သာရှိသေးသော၊ နည်းပညာလောကထဲ လူသိနည်းသော တရုတ် နိုင်ငံမှ Hangzhou DeepSeek Artificial Intelligence Basic Technology Research Co., Ltd. က ဖန်တီးလိုက်သည့် DeepSeek AI ကို လူအများအသုံးပြုနိုင်သော အခမဲ့အက်ပလီကေးရှင်းအဖြစ် ဖြန့်ချိလိုက်ရာ အမေရိကန် AI နည်းပညာ ကုမ္ပဏီကြီးများပင် အံဩရသည်အထိ အချိန်တိုအတွင်း ကမ္ဘာတဝှမ်း စံချိန်တင် လူကြိုက်အများဆုံး အက်ပလီကေးရှင်း ဖြစ်လာခဲ့သည်။
အမေရိကန်ရှိ နာမည်ကျော် နည်းပညာကုမ္ပဏီကြီးများ နောက်ကောက်ကျသွားသည့် ရှားရှားပါးပါး ထိုဖြစ်စဥ်ကို တရုတ်ခေါင်းဆောင်များ ဂုဏ်ယူမဆုံး ရှိနေပါလိမ့်မည်။ အထူးသဖြင့် သမ္မတရှီကျင့်ဖျင်သည် ၎င်း၏ ရည်မှန်းချက် ဖြစ်သော အရည်အသွေးမြင့် ပိုးလမ်းမရပ်ဝန်းနှင့် လမ်းကြောင်း (High Quality Belt and Road Initiative) ကို တရုတ်နည်းပညာရှင်များ တီထွင်လိုက်သော နည်းပညာမြင့် ထုတ်ကုန်ပစ္စည်းများဖြင့် တည် ဆောက်မြှင့်တင်ရေး ကြိုးပမ်းမှု၏ လက်တွေ့အသီးအပွင့်အဖြစ် ကြေနပ်နေပါလိမ့်မည်။
သို့သော် တစ်ချိန်တည်းတွင် တရုတ်အစိုးရ တိုး၍ ရင်ဆိုင်နေရသော စိန်ခေါ်မှုကြီးမှာ အဆိုပါ နောက်ဆုံးပေါ် နည်းပညာများကို တရုတ်ကျားဖြန့်ဂိုဏ်းများကလည်း လက်မနှေးစတမ်း မြန်မြန်ဆန်ဆန် ရယူအသုံးချနေခြင်း ဖြစ်သည်။
၁.၄ ဘီလီယံကျော်ရှိသော တရုတ်နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ၊ ဘဏ်အကောင့် များနှင့် အခြားသော အရေးကြီးအချက်အလက်များ သိမ်းဆည်းသိုလှောင်ထားသော တရုတ်အစိုးရ နည်းပညာ အခြေခံအဆောက်အအုံ အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိခြင်းကြောင့်သာ တရုတ်ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ ကြီးထွားရှင်သန်နေခြင်းဖြစ်ပြီး၊ ထိုသတင်းအချက်အလက်များ အကြီးအကျယ်ကျိုး ပေါက်နေခြင်းကို မဖြေရှင်းသမျှ တရုတ်အစိုးရ၏ ကျားဖြန့်နှိမ်နင်းရေး မည်မျှလုပ်ဆောင်ပါစေ၊ အွန်လိုင်းငွေ လိမ်ဂိုဏ်းများသည် မိုးဦးကျမှိုများထွက်လာသလို ပြန်လည်ကြီးထွားလာမည်သာ ဖြစ်သည်။
ယခုအခါ ကျားဖြန့်ဂိုဏ်းများသည် AI စွမ်းအားမြင့် နည်းပညာသုံးပြီး၊ ၎င်းတို့၏အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ကမ္ဘာပတ် အရှိန်မြင့် လုပ်ဆောင်လာလျက်ရှိကြောင်း၊ စောင့်ကြည့်လေ့လာနေသည့် နိုင်ငံတကာအဖွဲ့အစည်း များ၏ လေ့လာချက်အစီရင်ခံစာများက ကျယ်ကျယ်လောင်လောင် သတိပေးလာနေပြီ ဖြစ်သည်။ ကျားဖြန့် ဂိုဏ်းများသည် နယ်စည်းမခြား ခိုးယူနိုင်သည့် နည်းပညာမြင့် စွမ်းအားရှင် သူခိုးကြီးများ ဖြစ်လာနေပြီး၊ အစိုးရ များ၏ ဥပဒေစိုးမိုးရေးယန္တရားများကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လျက်ရှိသည်။
ရာဇဝတ် ဂေဟစနစ်အသွင် ကြီးထွားလာနေသော ကျားဖြန့်ပြဿနာ
တရုတ်အစိုးရက အွန်လိုင်းငွေလိမ်ဂိုဏ်းများ ပြဿနာကို ပြည်တွင်း၌ အကြီးအကျယ် ရင်ဆိုင်နေရချိန်၊ ဒေသ တွင်းနိုင်ငံအစိုးရများ ထိုပြဿနာကို လျော့တွက်ခဲ့ဟန်တူသည်၊ သို့မဟုတ် လုံလောက်သော သတင်း အချက် အလက် ရရှိမနေခြင်းကြောင့် ထိုပြဿနာ၏ အတိမ်အနက်ကို မမှန်းဆနိုင်၊ ကောင်းစွာသိမြင်နားလည်နိုင် စွမ်းမရှိ ဖြစ်နေခဲ့ဟန်တူသည်။ ထို့အထဲ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိပ်ဆုံးက ပါဝင်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က အွန်လိုင်း ငွေလိမ်ဂိုဏ်းများအကြောင်း လေ့လာချက် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာအရ နိုင်ငံ ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ မြေအောက်ဘဏ်လုပ်ငန်းများနှင့် ငွေကြေးခဝါချမှု များ၊ နည်းပညာတီထွင်ဖန်တီးမှုများ ပေါင်းစည်းလာမှုသည် “ရာဇဝတ်ဂေဟစနစ်” (Criminal Ecosystem) အသွင်သဏ္ဌာန်သို့ အလျှင်အမြန်ပြောင်းလဲလာနေပြီး၊ အရှေ့တောင်အာရှဒေသအတွင်း “ပြောင်းလဲလာနေ သော ခြိမ်းခြောက်မှု နယ်ပယ်ကြီး” (A Shifting Threat Landscape) ဖြစ်လာပြီဟု ဆိုသည်။
အဆိုပါ အစီရင်ခံစာက ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းများကြောင့် တရုတ်နှင့် အရှေ့ တောင်အာရှနိုင်ငံများမှ ဆုံးရှုံးခဲ့ရသော ငွေကြေးပမာဏသည် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံနှင့် ၃၇ ဘီလီ ယံအကြားရှိမည်ဟု ခန့်မှန်းထားသည်။ ယင်းပမာဏသည် မြန်မာနိုင်ငံ၏ အမျိုးသားအသားတင်ထုတ်ကုန် (GDP) တန်ဖိုး၏ ထက်ဝက်ခန့်ရှိသည်။ သို့သော် အခြေခံအကျဆုံးနှင့် စိတ်ဝင်စားစရာအကောင်းဆုံး မေးခွန်း မှာ ဤမျှ များပြားသောငွေကြေးများ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း ဆိုသည့် အချက်ဖြစ်သည်။
စင်စစ် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် သက်ဆိုင်ရာနိုင်ငံတို့၏ ဥပဒေဘောင်အတွင်း တရားဝင်မှတ်ပုံတင် ထားသော ကုမ္ပဏီဆိုင်းဘုတ်များ နောက်ကွယ်တွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ၎င်းတို့သည် ဟိုတယ်လုပ်ငန်း ရှင်ကြီးများ၊ ခရီးသွားကုမ္ပဏီပိုင်ရှင်ကြီးများ၊ သွင်းကုန်ထုတ်ကုန်ကုမ္ပဏီ လုပ်ငန်းရှင်ကြီးများ၊ စက်မှုဇုန်သစ် စီမံကိန်းများတွင် စွန့်ဦးတီထွင် ရင်းနှီးမြုပ်နှံသူများ၊ တရားဝင်လိုင်စင်ရ ငွေကြေးလဲလှယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများ၊ အာမခံကုမ္ပဏီ လုပ်ငန်းရှင်ကြီးများ စသဖြင့် မျက်နှာဖုံးအမျိုးမျိုးဖြင့် ရှိနေတတ်ကြသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ Reuters သတင်းဌာနကြီးက စုံစမ်းထောက်လှမ်း ရေးသားဖော်ပြခဲ့သော Crypto scam: Inside the billion-dollar ‘pig-butchering’ industry အထူးဆောင်းပါးသည် စီးပွားရေးလုပ် ငန်းရှင်ကြီးတစ်ဦးအဖြစ် အရေခြုံထားသော တရုတ်စီးပွားရေးလုပ်ငန်းရှင် Wang Yicheng ၏ ဇာတ်ကြောင်းက အကောင်းဆုံးဥပမာ ဖြစ်ပေလိမ့်မည်။
ထိုင်းနိုင်ငံ၌ ကုန်သွယ်ရေးကုမ္ပဏီဖွင့်ထားပြီး ထိုင်းအစိုးရထဲမှ ဝန်ကြီးတစ်ပါးအပါအဝင် ထိုင်းရဲတပ်ဖွဲ့ ထိပ်ပိုင်း အရာရှိများနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေး ရှိနေသည့် Wang ၏ Binance Cryptocurrency အကောင့်ထဲ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ KK Park အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်နေသောငွေကြေးများ၊ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သော အသက် ၇၁အရွယ် တရုတ်နွယ်ဖွားတစ်ဦးထံက လိမ်လည် ရယူခဲ့သော ဒေါ်လာ ၂.၇ သန်းဖိုးရှိ Cryptocurrency ငွေကြေးများ ဝင်ရောက်နေသည့် အထောက်အထားများ တွေ့ရှိရသော်လည်း ဥပဒေအရ မည်သို့မျှ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။
Reuters အထူးဆောင်းပါး ဖော်ပြပြီး မရှေးမနှောင်း Wang ၏ အမည်ဖြင့် Cryptocurrency ငွေကြေး ဒေါ်လာ ၅သိန်းခန့်ကို အမေရိကန်အာဏာပိုင်တို့က သိမ်းဆည်းခဲ့ကြောင်း တရားရုံးအထောက်အထားများ ထပ်မံ ထွက်ပေါ်လာသည်။
အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင်များသည် စီးပွားရေးလောကတွင် လူသိများထင်ရှားသူများ ဖြစ်နေတတ်ပြီး၊ သက်ဆိုင်ရာနိုင်ငံ၏ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးသမားများ၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွင် တာဝန်ရှိသော ရဲတပ်ဖွဲ့အကြီးအကဲများနှင့်ပင် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးများ တည်ဆောက်ထားကြသည်။
၎င်းတို့သည် ဈေးအကြီးဆုံး ဇိမ်ခံကွန်ဒိုများတွင် နေထိုင်သည်၊ နောက်ဆုံးပေါ် ဇိမ်ခံကားများ စီးနိုင်၍ ငွေကို ရေ လို သုံးဖြုန်းနိုင်ပြီး လူချမ်းသာအသိုက်အဝန်းထဲ ဝင်ဆန့်ကြသူများလည်း ဖြစ်နေတတ်ပါသည်။ ၎င်းတို့သည် တရားဝင်လုပ်ငန်း တည်ထောင်ထားတတ်ကြပြီး၊ ထိုလုပ်ငန်းများ အကာအကွယ်ယူ၍ အွန်လိုင်းငွေလိမ် လုပ်ငန်းများကို လုံခြုံစိတ်ချစွာ လည်ပတ်နိုင်ရေးအတွက် ဒေသအာဏာပိုင်များကို စနစ်တကျ လာဘ်ထိုးပြီး၊ အကာ အကွယ်ရယူခြင်းတို့ လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။
ထိုဖြစ်စဥ်များကို မြန်မာ-တရုတ်နယ်စပ် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းစဥ်က အာဏာသိမ်းစစ် ကောင်စီအတွင်းရှိ ထိပ်တန်း စစ်ဗိုလ်ချုပ်များကို ထိုငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွယ်မှုဖြင့် ဖမ်းဆီး ထောင်ချခဲ့ရသည်။
အလားတူ ၂၀၂၅ ခုနှစ် နှစ်ဆန်းမှ စတင်၍ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်နှင့် KK Park အပါ အဝင် နယ်စပ်စီးပွားရေးဇုန်သစ်များ နောက်ကွယ်တွင် ကျက်စားနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ထိုင်းအစိုးရက ထိထိရောက်ရောက် စတင်နှိမ်နင်းလာသည့်အခါ မြဝတီမြို့နယ်နှင့် ထိစပ်နေသော တာ့ခ်ခရိုင်ရှိ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ အနည်းဆုံး ၃ဦးကို ငွေလိမ်ဂိုဏ်းများနှင့်ဆက်နွယ်မှု သံသယဖြင့် ဒေသရွှေ့ပြောင်းတာဝန်ချလိုက်သည့် ဖြစ်စဥ်များ ရှိခဲ့သည်။
ခြုံ၍သုံးသပ်ရလျှင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ လျင်မြန်စွာ ပြန့်နှံ့ကြီးထွားနေပြီး၊ နှိမ်နင်းရန် အလွန် ခက်ခဲလာသည့် အကြောင်းရင်းများစွာရှိသည့်အနက် အခြေခံအကျဆုံး အကြောင်းရင်းမှာ ကျားဖြန့်ဂိုဏ်းများသည် ပြည်သူသန်းပေါင်းများစွာ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို နည်းလမ်းမျိုးစုံဖြင့် ရယူနိုင်စွမ်းရှိနေခြင်း ဖြစ်သည်၊ ထိုအကြောင်းရင်းက နိုင်ငံများ၏ သတင်းအချက်အလက် အခြေခံအဆောက်အအုံကြီး၏ လုံခြုံရေးကျိုးပေါက်နေခြင်းကို ဖော်ပြ နေခြင်းဖြစ်ပြီး၊ အစိုးရများက ထိုအားနည်းချက်ကို ပြင်ဆင်နိုင်ခြင်းမရှိသရွေ့ ကျားဖြန့်ဂိုဏ်းများကို အမြစ်ဖြတ် နှိမ်နင်းရန် ခက်ခဲနေမည် ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် အွန်လိုင်းနည်းပညာကို အပြည့်အဝအားကိုးလာသော ငွေကြေးစနစ်လည်ပတ်မှုများတွင် ယခင်ကာလများကထက် ငွေကြေးစီးဆင်းမှုများ လျင်မြန်စွာ ဖြစ်ပေါ်လာပြီး၊ တစ်ဘက်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများကလည်း ၎င်းတို့၏လိမ်လည်ငွေများကို လျင်မြန်စွာ ခြေရာဖျောက်နိုင်သော စွမ်းရည်များ မြင့်မား လာကြသည်။
ယခင်ခေတ်ကာလမျိုးမှာကဲ့သို့ ဘဏ်များကို လူကိုယ်တိုင်ဝင်ရောက် ဓားပြတိုက်ရန် မလိုအပ် တော့သလို၊ ဘဏ်ဓားပြတိုက်၍ ရရှိလာသော ငွေများကို ခက်ခက်ခဲခဲ သိုဝှက်သိမ်းဆည်းနေရခြင်းမျိုးလည်း မရှိတော့ပေ။
ယခင်ခေတ် ဘဏ်ဓားပြတိုက်ခြင်းထက် အဆများစွာ သာလွန်သည်က အွန်လိုင်းငွေလိမ်မှုများကို ၂၄နာရီ အချိန် အကန့်အသတ်မရှိ နယ်စည်းမခြား ကျူးလွန်နိုင်ပြီး၊ ဒေါ်လာ ဘီလီယံနှင့်ချီ လိမ်လည်နိုင်သည်။ ထို့ကြောင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် အဆင့်မြင့်နည်းပညာများကို ကျွမ်းကျင်စွာ အသုံးချနိုင်သော စွမ်းအားရှင် သူခိုး ကြီးများ ဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။



