ဧရာတီမြစ် အနောက်ဘက်ကမ်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့အနီးရှိ အမှတ် (၁၄၁) ခြေလျင်တပ်ရင်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ယနေ့ (ဧပြီ ၂၉) နံနက်တွင် သိမ်းပိုက်လိုက်ပြီးနောက် မြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်သည်ဟု သိရသည်။
မြို့တော် မြစ်ကြီးနား၏ တောင်ဘက် မိုင် ၆၀ ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေး ကပ်လျက်ရှိ ဆင်ဘိုမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ကတည်းက ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
သို့သော် မြို့အနောက်ဘက် ၃ မိုင်ခန့်အကွာတွင်ရှိသည့် ခလရ (၁၄၁) စခန်း ကျန်ရှိနေသေးရာ ၂ လကျော် ကြာသည်အထိ တိုက်ခိုက်ခဲ့ရပြီး ယနေ့ နံနက်မှသာ အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ ကာကင်းစခန်းတချို့နှင့် ပင်မစခန်းကြီးဖြစ်သည့် ခလရ (၁၄၁) စခန်းကို ယမန်နေ့ ည ၈ နာရီခန့်တွင် ရရှိခဲ့ပြီး ပင်မစခန်းကြီးမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များက ကာကင်းစခန်းတစ်ခုတွင် သွားရောက်စုပေါင်းခဲ့ကြသည်ဟု KIA ဘက်မှ သိရသည်။
အဆိုပါ ကာကင်းစခန်းကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်ရာ နံနက် ၁၁ နာရီခွဲခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဆင်ဘိုကတော့ ဒီနေ့နေ့လယ် ၁၁ နာရီခွဲဝန်းကျင်လောက်မှာ အပြီးသိမ်းနိုင်ပြီဆိုတဲ့ အတည်ပြုချက် အခုပဲ ရပါတယ်၊ အားလုံးသိမ်းလို့ရပြီလို့ ပြောပါတယ်”
သို့သော် တိုက်ပွဲပြီးသည့်နောက် မြေပြင်ရှိ အခြေအနေအသေးစိတ်ကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
အဆိုပါ တိုက်ပွဲတွင် KIA အပြင် အာရက္ခတပ်တော် (AA)၊ ကချင်ဒေသကာကွယ်ရေးတပ် (KPDF) များနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့များပါ ပူးပေါင်းတိုက်ခိုက်ခဲ့သည်၊ KIA တပ်ရင်း (၁၂) လက်အောက်ခံ မိုးကြိုးလှုပ်ရှားစစ်ကြောင်းလည်း ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အခိုင်အမာ တည်ဆောက်ထားသည့် ခလရ (၁၄၁) စခန်း
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်ကတည်းက ခလရ (၁၄၁) တပ်ရင်းပင်မစခန်းအနီးရှိ ကာကင်းစခန်းများကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။
အဆိုပါစခန်းအတွင်း စစ်ကောင်စီတပ်များအပြင် ပြည်သူ့စစ်များပါ အားဖြည့်ထားပြီး စုစုပေါင်း အင်အား ၂၀၀ ကျော်ဖြင့် အခြေချတပ်စွဲထားခြင်း ဖြစ်သည်။
ကျယ်ဝန်းသည့်စခန်းနယ်မြေပေါ်တွင် ကွန်ကရစ်ဘန်ကာများဖြင့် အခိုင်အမာတည်ဆောက်ထားသည့်အတွက် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသည်ဟု KIA မိုးကြိုးစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက မြေပြင်တပ်များကို ကိုးကားပြီး ပြောသည်။
တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီလေတပ်က ဧပြီ ၂၅ ရက်မှ စတင်ကာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆင်ဘိုမြို့အနီးအနားရှိ ကျေးရွာများသို့ပါ ဗုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု ထိုသူက ဆိုသည်။
“လေယာဉ်ကတော့ ညက တအားကို တွယ်တာ။ လေယာဉ်က သုံးလေးရက်အတွင်းမှာကို နေ့ရော၊ ညရော တစ်ခါလာရင် ၄ စင်း တစ်ပြိုင်တည်း ဝင်တာ။ ၄ စင်း ပြန်ဆင်းသွားရင် နောက်ထပ် ၄ စင်း ထပ်တက်လာရော” ဟု အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဧပြီ ၂၅ ရက်က ဆင်ဘိုမြို့အနီးရှိ မြင်သာရွာတွင် အမျိုးသားတစ်ဦး သေဆုံး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။
KIA လှုပ်ရှားသည့် အခြားမြို့များ
လတ်တလော ကချင်ပြည်နယ်အတွင်းရှိ မိုးမောက်၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်နှင့် ဖားကန့်မြို့နယ်တို့တွင် ပြင်းထန်သည့် တိုက်ပွဲများ မရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အဲဒီဘက်တွေမှာတော့ တိုက်ပွဲတွေကတော့ အကြီးအကျယ်တော့ မဖြစ်ဘူး၊ ဒါပေမဲ့ တင်းမာမှုတွေကတော့ ရှိပါတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ မြို့နယ်တွေဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
၂၀၀၂ ခုတွင် မြို့အဆင့်သတ်မှတ်ခဲ့သည့် ဆင်ဘိုမြို့တွင် အောင်ချမ်းသာ၊ ဧရာဦး၊ အောင်မင်္ဂလာ ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂ ခုရှိကာ လူဦးရေ တစ်သောင်းကျော် နေထိုင်သည်။
လတ်တလော ဆင်ဘိုမြို့စစ်ရေးအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖေဖော်ဝါရီလအတွင်း ဆင်ဘိုရဲစခန်းကို KIA, AA, PDF ပူးပေါင်းတပ်များက စီးနင်းထိန်းချုပ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၇ နာရီခန့်တွင် ဆင်ဘိုမြို့အနီးရှိ ခလရ (၁၄၁) တပ်စခန်းကို အင်အား ၂၀၀၀ ကျော်ခန့်ဖြင့် KIA, AA, PDF ပူးပေါင်းအဖွဲ့က စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရေးသားဖော်ပြထားကြသည်။
ရှမ်းမြောက်ရှိ ၁၀၂၇ စစ်ဆင်ရေးရပ်တန့်သွားချိန်တွင် KIA ဦးဆောင်သည့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတချို့တွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။
KIA နှင့် ပူးပေါင်းတပ်များက ရှမ်းမြောက်ရှိ မဘိမ်းမြို့နယ်၊ ကချင်ပြည်နယ်အတွင်းရှိ အင်ဂျန်းယန်မြို့နယ်၊ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။
မတ် ၇ ရက်မှ စတင်သည့် ကချင်ထိုးစစ်အတွင်း စစ်ကောင်စီတပ်၏ တပ်ရင်းဌာနချုပ်များ၊ ဗျူဟာကုန်းများနှင့် အရေးပါသည့် တပ်စခန်းများ ကာကင်းစခန်းများအပါအဝင် စခန်းပေါင်း ၇၀ ကျော် သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။