ဆောင်းပါး

ရွှေဗျိုင်းဖြူပိတ်ဆို့အရေးယူခံရပြီးနောက် ATOM Myanmar ပိုင်ဆိုင်မှု ပဟေဠိဖြစ်နေ

ပွင့်လင်းမြင်သာမှုမရှိသော ပိုင်ဆိုင်မှုအပြောင်းအလဲကြောင့် မြန်မာနိုင်ငံ၏ အကြီးဆုံးမိုဘိုင်းဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသူများအနေဖြင့် ၎င်းတို့နှင့်ဆိုင်သော အရေးကြီးအချက်အလက်များ မည်သို့ထိန်းချုပ်ခံနေရသလဲဆိုသည်မှာ စိုးရိမ်စရာဖြစ်နေသည်။

ကနေဒါနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူပြီးနောက် တယ်လီနောမြန်မာမှ ATOM Myanmar ဖြစ်လာသည့် မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီကြီး၏ ရှယ်ယာများကို အဆင့်ဆင့်လွှဲပြောင်းခဲ့ရာ လက်ရှိ အမှန်တကယ်ပိုင်ဆိုင်သူနှင့်ပတ်သက်၍ ပဟေဠိဖြစ်နေသည်။

သန်းနှင့်ချီသော သုံးစွဲသူများအနေဖြင့် ၎င်းတို့နှင့်ဆိုင်သော အရေးကြီးအချက်အလက်များကို မည်သူက ဝင်ရောက်ကြည့်ရှုနေကြောင်း မဝေခွဲနိုင်တော့ပေ။ ATOM Myanmar ကို အများဆုံးပိုင်ဆိုင်ထားသည့် ခရိုနီသူဌေး ဦးသိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူကုမ္ပဏီကို ကနေဒါအစိုးရက ပိတ်ဆို့အရေးယူလိုက်ပြီးနောက် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ ပိုင်ဆိုင်မှုအပြောင်းအရွှေ့များ အလျင်အမြန် ဖြစ်ပေါ်ခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် ကနေဒါအစိုးရက ရွှေဗျိုင်းဖြူကုမ္ပဏီကို ပိတ်ဆို့အရေးယူကြောင်း ကြေညာပြီး သီတင်းတစ်ပတ်မပြည့်မီ၌ပင် ATOM ရှိ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို စင်ကာပူအခြေစိုက် Investcom ကုမ္ပဏီက Myancom Holding ဆိုသော ကုမ္ပဏီထံ လွှဲပြောင်းရောင်းချသည်။

ပိတ်ဆို့အရေးယူခံရပြီး သုံးရက်အကြာ ၂၀၂၃ နိုဝင်ဘာ ၃ တွင် စတင်ခဲ့သည့် ထိုရှယ်ယာအရွှေ့အပြောင်းမှာ ၂၀၂၄ ဇန်နဝါရီ ၂၅ တွင် အပြီးသတ်ခဲ့သည်။

Myanmar Now က ဖတ်ရှုခွင့်ရရှိထားသည့် စာရွက်စာတမ်းအထောက်အထားများအရ Myancom Holding ကုမ္ပဏီကို ဦးသိန်းဝင်းဇော်၏ဇနီး ဒေါ်တင်လတ်မင်းပိုင်ဆိုင်သည်။ ဒေါ်တင်လတ်မင်းက ၎င်းပိုင် ရှယ်ယာများကို အမည်ဖော်ပြနိုင်ခြင်း မရှိသော အခြားရင်းနှီးမြှုပ်နှံသူများထံ ထပ်မံလွှဲပြောင်းထားသည်။

ATOM Myanmar ကို အမည်ခံပိုင်ဆိုင်သည့် Investcom ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာ၌ Myancom ၏ လက်ရှိပိုင်ဆိုင်သူများ သို့မဟုတ် ဒါရိုက်တာအမည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။

“ရရှိထားတဲ့အချက်အလက်တွေအရ Myancom ကုမ္ပဏီဟာ နိုင်ငံတော်၊ စစ်တပ် ဒါမှမဟုတ် ရွှေဗျိုင်းဖြူအုပ်စုနဲ့ မပတ်သက်ပါဘူး။ ကွဲလွဲနေတဲ့ သက်သေအထောက်အထားရှိရင် ကျွန်တော်တို့ကို အကြောင်းကြားပါ။ ကျွန်တော်တို့အနေနဲ့ စုံစမ်းစစ်ဆေးပြီး အကြောင်းပြန်ပေးပါမယ်” ဟု Investcom တာဝန်ရှိသူက ပြောသည်။

Myancom ကုမ္ပဏီကို ဒေါ်တင်လတ်မင်းက ပိုင်ဆိုင်သည့် စာရွက်စာတမ်းအထောက်အထားများရှိနေသည့်တိုင် Investcom ဘက်က ထပ်မံငြင်းဆိုသည်။ Myancom ရှယ်ယာရှင်များ၏အမည်ကို ထုတ်ဖော် ပြောဆိုခြင်းမရှိဘဲ ပိုင်ဆိုင်သူနှစ်ဦးသာရှိသည်ဟု ဆိုသည်။

Myancom ရှယ်ယာရှင်များသည် ဦးသိန်းဝင်းဇော် သို့မဟုတ် ဒေါ်တင်လတ်မင်း၊ ၎င်းတို့မိသားစုဝင် ဟုတ်မဟုတ်၊ လုပ်ငန်းပိုင်းဆိုင်ရာ ပိတ်သက်ဆက်နွှယ်မှု ရှိမရှိ မေးမြန်းရာတွင်လည်း ရှယ်ယာလွှဲပြောင်းရောင်းချသည့်ကိစ္စ မှန်ကန်သည်ဟုသာ ဆိုသည်။

“ရှယ်ယာရှင်တွေဟာ တခြားသူတွေကို အမည်ခံသူ၊ ဒါမှမဟုတ် ကိုယ်စားလှယ်အနေနဲ့ လုပ်ပေးတာမျိုးမဟုတ်ဘဲ သီးခြားရပ်တည်နေသူတွေဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု Investcom တာဝန်ရှိသူက ပြောသည်။

ရှယ်ယာအပြောင်းအရွှေ့မှာ ကနေဒါအစိုးရ၏ ပိတ်ဆို့အရေးယူမှုကြောင့်ဖြစ်သည်ကိုမူ Investcom ၏ သတင်းပြန်ကြားရေးဌာနက အတည်ပြုသည်။

Myanmar Now က အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းရာ၌ “ဒီဆုံးဖြတ်ချက်ရဲ့ အကြောင်းရင်းခံက ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့က သူတို့ကိုယ်စားပြောပေးလို့မရပါဘူး” ဟု တုံ့ပြန်သည်။

“ရွှေဗျိုင်းဖြူလုပ်ငန်းစုကို ကနေဒါက ပိတ်ဆို့အရေးယူလိုက်တဲ့အတွက် ဒီလိုရှယ်ယာတွေ ခွဲထုတ်လိုက်တာဟာ အရေးကြီးတယ်ဆိုတာတော့ အထူးပြောလိုပါတယ်”

ပိတ်ဆို့အရေးယူခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရေးသည် အရေးကြီးဆုံးသော ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ယခုအခါ ATOM သည် ဒဏ်ခတ်အရေးယူခြင်းများနှင့် ကင်းလွတ်ပြီဖြစ်ကြောင်းလည်း Investcom ဘက်က ဆိုသည်။

ပိတ်ဆို့မှုနှင့် ပဟေဠိဆန်သော ပိုင်ဆိုင်မှုအရွှေ့အပြောင်း

ကနေဒါက အရေးယူပြီး သုံးလအကြာ ယခုနှစ် ဇန်နဝါရီ ၃၁ တွင် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် ပိုင်ရှင်များဖြစ်သော ဦးသိန်းဝင်းဇော်၊ ဒေါ်တင်လတ်မင်း၊ သားသမီးများဖြစ်သည့် သိမ့်ဝင်းထက်နှင့် ဝင်းပိုင်ကျော်တို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ဌာနက ကြေညာသည်။

အနည်းဆုံး အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းပိုင်ဆိုင်ရုံမျှဖြင့် ဒဏ်ခတ်အရေးယူခံထားရသည့် လူပုဂ္ဂိုလ်များ၊ စီပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမေရိကန်က အရေးယူမည်ဖြစ်သည်။ ATOM ဆက်သွယ်ရေးကုမ္ပဏီကို ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် မိခင်ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူ ဒေါ်တင်လတ်မင်းကို ပိတ်ဆို့အရေးယူလိုက်သည့်အတွက် ATOM သည်လည်း အကျုံးဝင်မည်ဖြစ်သည်။

သို့သော် ဒေါ်တင်လတ်မင်းက သူ၏ရှယ်ယာများကို အခြားသူများထံ လွှဲပြောင်းလိုက်သည်။ ပိတ်ဆို့အရေးယူခံခြင်းမှ ATOM Myanmar ကို ကာကွယ်ပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်တင်လတ်မင်း အပါအဝင် ဦးသိန်းဝင်းဇော်နှင့် ဝင်းပိုင်ကျော်တို့သည် ATOM Myanmar နှင့် Investcom Pte ကုမ္ပဏီတို့၏ ဒါရိုက်တာစာရင်းမှ ပျောက်ကွယ်သွားပြီဖြစ်သည်။ ဝင်းပိုင်ကျော်၏ ATOM ဒုတိယအမှုဆောင်အရာရှိချုပ်ရာထူးလည်း အဆုံးသတ်သွားသည်။

ATOM ၏ ကျန်အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းကို အာဏာရှင်နိုင်ငံများတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း Najibi Mikati မိသားစုပိုင် M1 ကုမ္ပဏီအုပ်စုက ပိုင်ဆိုင်သည်။ ATOM ဆက်သွယ်ရေးကုမ္ပဏီ၏ စီမံခန့်ခွဲမှုကို M1 က အဓိကကိုင်တွယ်သည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ဆက်သွယ်ရေးအော်ပရေတာလေးခုအနက် ATOM သည် အကျိုးအမြတ်အများဆုံးတစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၉ မှ ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်အထိ Investcom ၏ အခွန်မပေးဆောင်မီ အကျိုးအမြတ်မှာ အမေရိကန်ဒေါ်လာ ၃၁၁ သန်းရှိသည်ဟု စင်ကာပူအစိုးရထံ တင်ပြသည့် ဘဏ္ဍာရေးအစီရင်ခံစာတွင် ဖော်ပြသည်။

ထိုကာလအတွင်း ATOM အတွက် ဝန်ဆောင်မှုနှင့် အုပ်ချုပ်ရေးစရိတ်အဖြစ် M1 Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော M1 Global Management ကို ဒေါ်လာ ၃၁ သန်းကျော်၊ ရွှေဗျိုင်းဖြူကုမ္ပဏီကို အကြံပေးဝန်ဆောင်ခ ဒေါ်လာ ၂ ဒသမ ၂ သန်းကျော် ပေးချေခဲ့ရသည်။

အမေရိကန်ဘဏ္ဍာရေးဌာန၏ ပိတ်ဆို့အရေးယူကြောင်း ကြေညာချက်တွင် ရွှေဗျိုင်းဖြူကုမ္ပဏီသည် မြန်မာစစ်တပ်ကို အားပေးထောက်ခံသည့် လုပ်ငန်းစုဖြစ်သည်ဟု ဖော်ပြထားသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီသည် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (MEHL) အတွက် စက်သုံးဆီတင်သွင်းဖြန့်ဖြူးပေးရာမှ အကျိုးအမြတ်ရရှိနေသည်ဟုလည်း ထုတ်ပြန်ချက်၌ တရားဝင်ထည့်သွင်းဖော်ပြသည်။ MEHL ကို အမေရိကန်အစိုးရက ၂၀၂၁ ခုနှစ်ကတည်းက ပိတ်ဆို့အရေးယူခဲ့ပြီးဖြစ်သည်။

Myanmar Now က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပြီးနောက် ရွှေဗျိုင်းဖြူကုမ္ပဏီက ၎င်းတို့ကုမ္ပဏီ ဝက်ဆိုက်မှနေ၍ ထုတ်ပြန်ကြညောခဲ့ရာတွင် စစ်တပ်နှင့်သော်လည်းကောင်း၊ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့်သော်လည်းကောင်း မည်သည့်စီးပွားရေးလုပ်ငန်းမှ ပတ်သက်မှုမရှိဟု ဆိုသည်။ အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူမှုအပေါ် ဦးတည်တုံ့ပြန်ထားသည့် ထိုထုတ်ပြန်ကြေညာချက်ကို နှစ်ရက်အကြာတွင် ရွှေဗျိုင်းဖြူကုမ္ပဏီက ပြန်ဖျက်သွားသည်။

Myanmar Now ကဆက်သွယ်ခဲ့သည့် ရွှေဗျိုင်းဖြူကိုယ်စားပြုသူတစ်ဦးကမူ ဦးသိန်းဝင်းဇော်နှင့် ဒေါ်တင်လတ်မင်းတို့မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလကတည်းက နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲထားသည်ဟု ထုတ်ဖော်ပြောဆိုသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် ဒေါ်တင်လတ်မင်း။

ထို့နောက် ပိုင်ဆိုင်မှုများခွဲဝေကြရာ Investcom ကုမ္ပဏီတွင် ရွှေဗျိုင်းဖြူတယ်လီကွန်းကုမ္ပဏီအမည်ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာများကို ဒေါ်တင်လတ်မင်းက လွှဲပြောင်းယူခဲ့ပြီး ရွှေဗျိုင်းဖြူကုမ္ပဏီတစ်ခုလုံးရှိ ကျန်ရှယ်ယာများကို ဦးသိန်းဝင်းဇော်က ယူခဲ့သည်ဟု ဆိုသည်။

နိုင်ငံပိုင်သတင်းစာများကို လေ့လာဆန်းစစ်ကြည့်ရာ၌ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ဦးသိန်းဝင်းဇော်နှင့် ဒေါ်တင်လတ်မင်းတို့၏ ကွာရှင်းပြတ်စဲကြောင်း အသိပေးကြော်ငြာစာ မတွေ့ရပေ။ ရွှေဗျိုင်းဖြူကုမ္ပဏီကို မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်း မရှိပေ။

ATOM ဆက်သွယ်ရေးကုမ္ပဏီသည်လည်း Myanmar Now ၏ ဆက်သွယ်မေးမြန်းမှုအပေါ် အကြောင်းမပြန်ပေ။ သို့သော် ပိတ်ဆို့အရေးယူခံထားရသည့် မည်သည့်လူပုဂ္ဂိုလ်၊ မည်သည့်လုပ်ငန်းအဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိကြောင်း၊ ကုမ္ပဏီ၏ရှယ်ယာရှင်များ၊ အကျိုးခံစားခွင့်ရှိသူများ သို့မဟုတ် အမှုဆောင်အဖွဲ့ဝင်များနှင့်လည်း ပတ်သက်မှုမရှိဟု ကုမ္ပဏီက ထုတ်ပြန်သည်။

ကနေဒါနှင့် အမေရိကန်တို့၏ ပိတ်ဆို့အရေးယူမှု၊ Myancom ပိုင်ဆိုင်မှုများနှင့်စပ်လျဉ်း၍ တုံ့ပြန်ပြောဆိုခွင့်ပေးနိုင်ရန် ဦးသိန်းဝင်းဇော်၊ ဒေါ်တင်လတ်မင်းနှင့် ဝင်းပိုင်ကျော်တို့ တစ်ဦးချင်းစီကို Myanmar Now က တယ်လီဖုန်းဖြင့် ကြိမ်ဖန်များစွာ ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပေ။

ATOM ဆက်သွယ်ရေးပိုင်ရှင် Investcom ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာ၌ M1 Group ကိုပါ ပူးတွဲမေးမြန်းခဲ့သော်လည်း အကြောင်းမပြန်ပေ။

ATOM နှင့် Investcom တို့က သီးခြားကြေညာချက်များ ထုတ်ပြန်လင့်ကစား အထင်ကရဆက်သွယ်ရေးကုမ္ပဏီကြီး၏ ပိုင်ရှင်အသစ်များသည် စစ်တပ်နှင့်သော်လည်းကောင်း၊ စစ်တပ်ပိုင်လုပ်ငန်းများနှင့်သော်လည်းကောင်း ပတ်သက်ဆက်နွှယ်မှု ရှိမရှိ ဆက်သွယ်ရေးကွန်ရက်အသုံးပြုသူများ မသိနိုင်ပေ။ ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် ဒစ်ဂျစ်တယ်လုံခြုံရေးပိုင်းဆိုင်ရာအရ စိုးရိမ်ပူပန်မှုများ ရှိနေသော်ငြား ထိုအရေးကြီးအချက်အလက်များကို ထိန်းချုပ်သူနှင့်ပတ်သက်၍ ပုစ္ဆာဖြစ်နေဆဲပင်။

တယ်လီနောမြန်မာရောင်းချမှုနှင့် ATOM အမှတ်တံဆိပ်

အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့နှင့်အတူ တွေ့ရသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဒေါ်တင်လတ်မင်း။ (ဓာတ်ပုံ – လူမှုကွန်ရက်)

ATOM Myanmar သည် မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအနက် အကျိုးအမြတ်အများဆုံး ရရှိနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ စင်ကာပူအစိုးရထံ တင်ပြခဲသည့် Investcom ကုမ္ပဏီ၏ ဘဏ္ဍာရေးအစီရင်ခံစာအရ ၂၀၂၁ ဇူလိုင်မှ ၂၀၂၂ ဒီဇင်ဘာအထိ အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂၀၆ သန်းရှိသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ် မတ်လတွင် နော်ဝေအခြေစိုက် တယ်လီနောလုပ်ငန်းစုထံမှ တယ်လီနောမြန်မာကို M1 Group နှင့် ရွှေဗျိုင်းဖြူတို့က ဝယ်ယူခဲ့ပြီးနောက် ATOM Myanmar ဟု အမည်ပြောင်းခဲ့ခြင်းဖြစ်သည်။

တယ်လီနောအုပ်စုက M1 ထံရောင်းချရန် ကနဦး သဘောတူခဲ့သော်လည်း စစ်ကောင်စီက ပြည်တွင်းမှ မိတ်ဖက်ကုမ္ပဏီတစ်ခုကို ရှယ်ယာအများစုဖြင့် ပါဝင်ရန် ဖိအားပေးကာ ရွှေဗျိုင်းဖြူကုမ္ပဏီကို ရှယ်ယာအများစု ပိုင်ဆိုင်သူဖြစ်လာစေရန် လမ်းဖွင့်ပေးခဲ့သည်။

တယ်လီနောမြန်မာရောင်းချမှုနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။​ စစ်တပ်အဆက်အနွှယ် ခရိုနီ ဦးသိန်းဝင်းဇော်ထံ လွှဲပြောင်းရောင်းချခြင်းအားဖြင့် တယ်လီနောသုံးစွဲသူများနှင့်ဆိုင်သည့် မြောက်မြားလှစွာသော အချက်အလက်များကို စစ်တပ်က ရရှိသွားကာ ထိုမှတဆင့် ဆန့်ကျင်တော်လှန်သူများကို နှိပ်ကွပ်မည့်အရေး ဝေဖန်ထောက်ပြကြသည်။

တယ်လီနောမြန်မာရောင်းချမှုနှင့် ပတ်သက်၍ တယ်လီနောကုမ္ပဏီလုပ်ငန်းစုကြီးလည်း နော်ဝေနိုင်ငံတွင် တိုင်ကြားခံရသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD) က ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့် မကိုက်ညီဆိုကာ အရပ်ဘက်အဖွဲ့အစည်းများက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တယ်လီနောကုမ္ပဏီသည် ၎င်း၏လက်အောက်ခံ Telenor Linx မှတစ်ဆင့် ATOM Myanmar နှင့် စီပွားရေးဆက်လုပ်နေဖြစ်ကာ မိုဘိုင်းဆက်သွယ်ရေးနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးနေသည်။ ATOM ကွန်ရက်သုံးစွဲသူများ၏ နိုင်ငံတကာဖုန်းခေါ်ဆိုနှင့် အခေါ်လက်ခံမှုများ (International Romaing Service) အတွက် Telenor Linx က ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်သည်။

ရွှေဗျိုင်းဖြူကုမ္ပဏီ ပိတ်ဆို့အရေးယူခံရခြင်းနှင့် Myancom ကုမ္ပဏီက ATOM ကို ဝယ်ယူလိုက်ခြင်း အပါအဝင် Telenor Linx နှင့် ATOM တို့အကြား သဘောတူညီချက်ကိုပါ ပြန်လည်သုံးသပ်နေသည်ဟု တယ်လီနော ပြောရေးဆိုခွင့်ရှိသူ Grace Ngoh က ဆိုသည်။

“အခြေအနေကို စဉ်ဆက်မပြတ်အကဲဖြတ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၂၀ ကျော်ရှိ စစ်တပ်နှင့်ဆက်နွယ်သည့် မိသားစုပိုင်လုပ်ငန်းစုကြီးဖြစ်ကာ အဓိကလုပ်ငန်းတစ်ခုမှာ စက်သုံးဆီ ဖြန့်ဖြူရောင်းချရေးလုပ်ငန်းဖြစ်သည်။ ရွှေဗျိုင်းဖြူမိသားစုမှာ အမိုနီယံနိုက်ထရိတ်တင်သွင်းခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်း၊ သစ်ထုတ်လုပ်ငန်း၊ ရေလုပ်ငန်း၊ ပလတ်စတစ်အိတ်ထုတ်လုပ်ရေးစက်ရုံ၊ ပဲမျိုးစုံနှင့် သကြားတင်ပို့ ရောင်းချခြင်း စသည့် လုပ်ငန်းများလည်း ရှိသည်။​

ရွှေဗျိုင်းဖြူကုမ္ပဏီသည် တရုတ်နိုင်ငံသို့ တရားမဝင် ကျောက်စိမ်းတင်ပို့ရောင်းချခြင်းလုပ်ငန်းများ၌ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး ငွေကြေးခဝါချမှုမကင်းသော ကျောက်တင်ပို့မှု၊ ကျောက်ဖိုးငွေ ပေးချေမှုများ တွေ့ရသည့်အကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

Myancom ကုမ္ပဏီနောက်တွင် မည်သူရှိနေသလဲ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ Myancom ကုမ္ပဏီတည်ရှိရာ အဆောက်အအုံ။ (ဓာတ်ပုံ – Myanmar Now)

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ရှိ ကုမ္ပဏီများ၏ မှတ်ပုံတင်ဆိုင်ရာ အချက်အလက်များကို ၂၀၂၂ ခုနှစ်ကတည်းက စစ်ကောင်စီက ပိတ်ပင်ထားရာ ကုမ္ပဏီပိုင်ရှင်၊ ဒါရိုက်တာစာရင်း၊ လိပ်စာတို့နှင့်ပတ်သက်၍ အချက်အလက်များ အတည်ပြုရန် ခက်ခဲသည်။

သို့သော် စင်ကာပူအစိုးရ၏ စာရင်းအင်းနှင့်ကုမ္ပဏီများကြီးကြပ်ရေးအာဏာပိုင် (ACRA) မှတ်တမ်းများအရ Myancom ကုမ္ပဏီလိပ်စာမှာ အမှတ် (၁) ရွှေလီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ဖြစ်သည်။

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနီးရှိ ထိုလိပ်စာမှာ ၁၉၉၁ ခုနှစ်က ဘရိုက်တီသတ္ထုတူးဖော်ရေးကုမ္ပဏီ Myanmar ECI Joint Venture ၏ ရုံးလိပ်စာနှင့် အတူတူပင်ဖြစ်သည်။ Myanmar ECI Joint Venture ကုမ္ပဏီကို စစ်တပ်နှင့် နီးစပ်သည့် စင်ကာပူလုပ်ငန်းရှင် George Yin Soon ၏ ECI Minerals Pte ကုမ္ပဏီနှင့် နိုင်ငံပိုင် အမှတ် (၃) သတ္တုတူးဖော်ရေးလုပ်ငန်းတို့ ဖက်စပ်ထူထောင်ခဲ့ခြင်းဖြစ်သည်။

၁၉၉၇ မှ ၂၀၁၁ အထိ အာဏာရယူခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် Myanmar ECI Joint Venture ကုမ္ပဏီကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူခဲ့သည်။

အမှတ် (၁) ရွှေလီလမ်းရှိ Myancom ကုမ္ပဏီရုံးကို Myanmar Now က သွားရောက်လေ့လာရာ၌ ရေညှိအထပ်ထပ်ဖြင့် ဟောင်းနွမ်းနေသည့် နှစ်ထပ်တိုက်အဆောက်အအုံနှင့် မသပ်မရပ်ဖြစ်နေသော ခြံကျယ်တစ်ခုသာဖြစ်သည်ကို တွေ့ရသည်။ Myancom Trading Ltd ဟု ရေးသားထားသည့် တစ်ပေသာသာရှိ အပြာရောင်ဆိုင်းဘုတ်ကို နေအိမ်ဆင်ဝင်၌ မထင်မရှားချိတ်ဆွဲထားပြီး လုံခြုံရေးဝန်ထမ်းနှစ်ဦး အစောင့်ချထားသည်ကို တွေ့ရသည်။

Myancom ကုမ္ပဏီရုံးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။ ရွှေဗျိုင်းဖြူကုမ္ပဏီကို ကနေဒါအစိုးရက ပိတ်ဆို့အရေးယူပြီး ရက်ပိုင်းအကြာမှာပင် ကုမ္ပဏီအမည်သစ်တစ်ခုဖြင့် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။ Myancom Holding နှင့် Myancom Trading ကုမ္ပဏီတို့မှာ ဝက်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာ မရှိပေ။ တွေ့ရှိရသည့် တယ်လီဖုန်းနံပါတ်များမှာလည်း ဆက်သွယ်မရပေ။

ပိတ်ဆို့အရေးယူမှုများ ဘယ်လောက်ထိရောက်နိုင်သလဲ

မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီကြီး ATOM ၏ ပိုင်ဆိုင်မှု ရုတ်တရက်အပြောင်းအရွှေ့မှာ အချက်အလက်ပိုင်းဆိုင်ရာ လုံခြုံရေးသာမက အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများအပေါ် စိုးရိမ်ပူပန်မှုရှိနေသည်ကိုပါ ပြသနေသည်။

ခရိုနီအုပ်စုအပေါ် ကနေဒါနှင့် အမေရိကန်တို့၏ အရေးယူဆောင်ရွက်မှုမှာ စတင်အကျိုးသက်ရောက်နေပြီဖြစ်ကြောင်း၊ နိုင်ငံတကာအစိုးရများအနေဖြင့် ဆက်လက်ဖိအားပေးရန်လိုကြောင်း ရွှေဗျိုင်းဖြူကုမ္ပဏီကို ပိတ်ဆို့အရေးယူရန် အပြင်းအထန်တွန်းအားပေးခဲ့သည့် တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar (JFM) က ဆိုသည်။

“အထူးသဖြင့် စင်ကာပူအနေနဲ့ စစ်တပ်အဆက်အနွှယ် စီးပွားရေးလုပ်ငန်းတွေကို လည်ပတ်ခွင့်ပြုနေတာကို ရပ်တန့်ဖို့ လိုပါတယ်။ နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကို အလေးမထားသလိုဖြစ်နေတယ်” ဟု JFM က ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုသည်။​

“ATOM အနေနဲ့ ကနေဒါရဲ့ပိတ်ဆို့အရေးယူမှုကို ရှောင်ရှားနိုင်ဖို့ စင်ကာပူအထိ ပုန်းလျှိုးကွယ်လျှိုးလုပ်ခဲ့တာ သိသာတယ်” 

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် ပတ်သက်ဆက်နွှယ်မှုသာမက စစ်ကောင်စီနှင့်ပါ အဆက်အဆံရှိနိုင်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီကို ကနေဒါနှင့် အမေရိကန်အစိုးရတို့က ပိတ်ဆို့အရေးယူလိုက်ခြင်းက ထိရောက်မှုရှိနိုင်ပြီး အမေရိကန်နိုင်ငံသားများသာမက အမေရိကန်လုပ်ငန်းများအနေဖြင့် မတ်လ ၁ ရက်နေ့မှ စ၍ ရွှေဗျိုင်းဖြူနှင့်သော်လည်းကောင်း အခြားနီးစပ်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်သော်လည်းကောင်း ကင်းရှင်းရမည်ဖြစ်သည်။

ဒေါ်တင်လတ်မင်းက Myamcom ရှယ်ယာများကို ရောင်းထုတ်လိုက်သည့်အတွက် ATOM အနေဖြင့် နိုင်ငံတကာ၏ပိတ်ဆို့အရေးယူမှုများမှ ကင်းလွတ်သွားနိုင်သည်။

ဦးသိန်းဝင်းဇော်နှင့် ရွှေဗျိုင်းဖြူမိသားစုနည်းတူ တစ်ဦးချင်းပစ်မှတ်ထား ပိတ်ဆို့အရေးယူခံရသည့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီဒါရိုက်တာများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို လိုအပ်သလို အမည်ပြောင်းခြင်း၊ ရှယ်ယာလွှဲပြောင်းရောင်းချခြင်းများ ပြုလုပ်နိုင်သည်ကို လတ်တလော ATOM ပိုင်ဆိုင်မှုအပြောင်းအရွှေ့က သက်သေပြနေသည်။

သို့သော် ပွင့်လင်းမြင်သာမှုကင်းမဲ့နေသည့် ပိုင်ဆိုင်မှုအပြောင်းအရွှေ့ကြောင့် နိုင်ငံတကာအစိုးရများအနေဖြင့် ၎င်းတို့၏ ဒဏ်ခတ်အရေးယူများ ထိရောက်မှုရှိမရှိ သို့မဟုတ် ထိုသို့သော ရုတ်တရက် ပိုင်ဆိုင်မှုအပြောင်းအလဲများကို နောက်ယောင်ခံလိုက်နိုင်ခြင်း ရှိမရှိဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ထို့ပြင် ရွှေဗျိုင်းဖြူနှင့် ခရိုနီသူဌေးကြီးများအပေါ် ပိတ်ဆို့အရေးယူမှု အကျိုးသက်ရောက်မှုရှိနိုင်ခြေထက် ပိုအရေးကြီးနေသော မေးခွန်းမှာ ATOM သုံးစွဲသူများ၏ အချက်အလက်များကို မည်သူက ထိန်းချုပ်နေသနည်းဆိုသည်ပင်။ သန်းနှင့်ချီသော သုံးစွဲသူများအနေဖြင့် စောင့်ကြည့်ခံရခြင်း၊ နှိပ်ကွပ်ခံရခြင်းတို့မှ လွတ်ကင်းနိုင်ခြေနည်းနေသည်။

Show More

Related Articles

Back to top button