သတင်း

တယ်လီနောမြန်မာပိုင်ရှင်သစ် ရွှေဗျိုင်းဖြူဖြစ်လာ၊ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည် 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ အပြီးသတ်ခွင့်ပြုချက်နှင့်အတူ စစ်တပ်ကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီသည် ယနေ့ (မတ် ၁၈) မှစ၍ တယ်လီနောမြန်မာပိုင်ရှင်သစ် ဖြစ်သွားပြီဖြစ်ကာ စုစုပေါင်းရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။

တယ်လီနောမြန်မာက ၎င်း၏ဝန်ထမ်းများကို အကြောင်းကြားသည့်စာအရ ပိုင်ရှင်သစ်ထံ စတင်လွှဲပြောင်းနေပြီဖြစ်ကာ လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group ၏ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီမှာ ရွှေဗျိုင်းဖြူကုမ္ပဏီဖြစ်ကြောင်းလည်း အတည်ပြုနိုင်ပြီဖြစ်သည်။

M1 Group က စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Investcom ကုမ္ပဏီ၏ ၄၉ ရာခိုင်နှုန်းကို ရွှေဗျိုင်းဖြူကုမ္ပဏီက ဝယ်ယူထားပြီးဖြစ်ကာ တယ်လီနောမြန်မာ အလွှဲအပြောင်းကိစ္စများ ပြီးပြတ်ချိန်တွင် ၃၁ ရာခိုင်နှုန်း ထပ်မံဝယ်ယူခွင့်ရမည်ဖြစ်သည်။

သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော တယ်လီနောမြန်မာ၏ အနာဂတ်နှင့်ပတ်သက်၍ အသေးစိတ် ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ M1 Group က ၂၀ ရာခိုင်နှုန်းဖြင့် ပိုင်ဆိုင်ကာ Investcom အမည်ဖြင့် ဆက်လက်လုပ်ကိုင်မည်ဟု ယူဆရသည်။

ခွင့်ပြုချက်တောင်းခံရမည့်လုပ်ငန်းအားလုံး ပြီးဆုံးသွားပြီဖြစ်သဖြင့် လာမည့်သီတင်းပတ်တွင် ပိုင်ရှင်သစ်က စတင်တာဝန်ယူမည်ဖြစ်ကြောင်း ဆက်သွယ်ရေးလုပ်ငန်းများကို ထဲထဲဝင်ဝင်သိသည့် သတင်းရင်းမြစ်တစ်ခုကလည်း Myanmar Now ကို အတည်ပြုထားသည်။​

တယ်လီနောမြန်မာကို M1 Group နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ပူးပေါင်းဝယ်ယူမည့်အစီအစဉ်ကို စစ်ကောင်စီ၏ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့်လအတွင်း စတင်ခွင့်ပြုပြီးနောက် ယခုရက်ပိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အပြီးသတ်ခွင့်ပြုလိုက်ခြင်းလည်းဖြစ်သည်။​

ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အပြီးသတ်ခွင့်ပြုချက်နှင့် ပတ်သက်၍ စာရရှိထားကြောင်း တယ်လီနောရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ Cathrine Stang Lund က Myanmar Now ပြောသော်လည်း ပိုင်ရှင်သစ်နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။​

အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် M1 Group က ဝယ်ယူရာတွင် စစ်တပ်ကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရရှိကာ အဓိကပိုင်ရှင်ဖြစ်လာမည်ဖြစ်ကြောင်း Myanmar Now က သတင်းဆောင်းပါးများ ရေးသားဖော်ပြပြီးဖြစ်သည်။​

တယ်လီနောမြန်မာပိုင်ရှင်သစ် ဖြစ်လာဖွယ်ရှိ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်မှာ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖူးသူဖြစ်သည်။​ အသက် ၅၉ နှစ်အရွယ် လုပ်ငန်းရှင်မှာ စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းအပြင် အမိုနီယံနိုက်ထရိတ်တင်သွင်းခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းနှင့် အခြားလုပ်ငန်းများလည်း ရှိသည်။ ​ 

ရွှေဗျိုင်းဖြူကုမ္ပဏီသည် တရုတ်နိုင်ငံသို့ တရားမဝင်ကျောက်စိမ်းတင်ပို့ရောင်းချခြင်းလုပ်ငန်းများနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်နေပြီး ငွေကြေးခဝါချမှုမကင်းသော အထောက်အထားများလည်း ရှိနေသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ခရီးသွားလာခွင့်ပိတ်ပင်တားမြစ်ခံထားရသည့် နော်ဝေနိုင်ငံသား အကြီးအကဲဝန်ထမ်းကို ယခုအခါ စစ်ကောင်စီက မြန်မာနိုင်ငံမှ ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တယ်လီနောရုံးချုပ်က ဆိုသည်။​ 

“ကျေနပ်အားရစရာ ဖြစ်ပေါ်တိုးတက်မှုပါပဲ။ သူ့ကို တိုင်းပြည်က ထွက်ခွာဖို့ ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် စိတ်သက်သာရာရပါတယ်” ဟု  တယ်လီနောရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ Cathrine Stang Lund က ဆိုသည်။

မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီများမှ နိုင်ငံခြားသားအရာရှိကြီးများကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံပြင်ပထွက်ခွာခြင်းမပြုရန် အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့်ဇူလိုင်လအတွင်း ကန့်သတ်ပိတ်ပင်ခဲ့ရာ ထိုအထဲတွင် တယ်လီနောမြန်မာ၏ ကော်ပိုရိတ်လုပ်ငန်းပိုင်းဆိုင်ရာ အရာရှိချုပ် Hans Martin Høegh Henrichsen လည်း ပါဝင်သည်။  

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်း မရှိသည့်ပြင် တယ်လီနောရုံးချုပ်သည်လည်း အသေးစိတ်ရှင်းလင်းခြင်း မရှိပေ။

သုံးစွဲသူများ၏ အချက်အလက်ပိုင်းလုံခြုံရေးနှင့် ပတ်သက်၍ တယ်လီနောမှာ ဝေဖန်ပြစ်တင်ခံနေရသည့်ပြင် နော်ဝေရဲဌာနတွင် အမှုဖွင့်တိုင်ကြားခံထားရသည်။

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စတွင် နော်ဝေအစိုးရသည် ကော်ပိုရိတ်လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်ရှိမှုအပေါ် ပျက်ကွက်ခြင်းများ ရှိနေကြောင်း နော်ဝေတက္ကသိုလ် ပါမောက္ခတစ်ဦးက မတ် ၁၇ တွင် Transit အမည်ရ မဂ္ဂဇင်းမှတစ်ဆင့် ဝေဖန်ရေးသားသည်။ 

အဓိကအချက်နှစ်ခုအနေဖြင့် တယ်လီနောမြန်မာကို စစ်တပ်နှင့်နီးစပ်သူထံ ရောင်းထုတ်ခြင်း၊ သုံးစွဲသူများနှင့် သက်ဆိုင်သည့် အချက်အလက်များ လုံခြုံရေးအာမခံချက်ပေးရန် ပျက်ကွက်သည်ဟု ၎င်းက ထောက်ပြသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button