တယ်လီနောမြန်မာ ရက်ပိုင်းအတွင်း ပိုင်ရှင်သစ်လက်ထဲရောက်တော့မည် 

စစ်ကောင်စီ ခွင့်ပြုချက်အားလုံး ရပြီဖြစ်သဖြင့် မြန်မာနိုင်ငံမှ တယ်လီနော ထွက်ခွာတော့မည်ဖြစ်ကာ လာမည့်သီတင်းပတ်အတွင်း ပိုင်ရှင်သစ်က စတင်တာဝန်ယူဖွယ်ရှိသည်။ 

တယ်လီနောမြန်မာရောင်းချမှုကို စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အပြီးသတ်ခွင့်ပြု လိုက်ပြီဖြစ်သည်။ (ဓာတ်ပုံ - Myanmar Now) 

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စကို စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က အပြီးသတ်ခွင့်ပြုလိုက်ဖြစ်ရာ မကြာမီရက်ပိုင်းအတွင်း ပိုင်ရှင်သစ်လက်ထဲ ရောက်ရှိတော့မည်ဖြစ်သည်။

ခွင့်ပြုချက်တောင်းခံရမည့် လုပ်ငန်းအားလုံး ပြီးဆုံးသွားပြီဖြစ်ကာ ရုံးဖွင့်ရက် ၅ ရက်အတွင်း လွှဲပြောင်းရမည်ဖြစ်သောကြောင့် လာမည့်သီတင်းပတ်တွင် ပိုင်ရှင်သစ်က စတင်တာဝန်ယူဖွယ်ရှိကြောင်း ဆက်သွယ်ရေးလုပ်ငန်းများကို ထဲထဲဝင်ဝင်သိသည့် Myanmar Now ၏ သတင်းရင်းမြစ်က ပြောသည်။ 

အာဏာပိုင်များ၏ ခွင့်ပြုချက်ရရှိပြီဖြစ်သဖြင့် ပိုင်ရှင်သစ်ထံ လွှဲပြောင်းရေးကိစ္စများ မကြာမီစတင်တော့မည့်အကြောင်း ယနေ့ (မတ် ၁၈) တွင် တယ်လီနောမြန်မာက ဝန်ထမ်းများထံ​ ပေးပို့သည့် အကြောင်းကြားစာလည်း တွေ့ရှိရသည်။​

သုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်ပေးနေသော ဆက်သွယ်ရေးအော်ပရေတာကို လက်ဘနွန် သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ပြည်တွင်းမှ ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ပူးပေါင်းဝယ်ယူမည့်အစီအစဉ်ကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့်လအတွင်း စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အပြီးသတ်ခွင့်ပြုချက်နှင့် ပတ်သက်၍ စာရရှိထားကြောင်း တယ်လီနောရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ Cathrine Stang Lund က ပြောသည်။ 

ထို့ပြင် ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်ခံထားရသည့် နော်ဝေနိုင်ငံသား အကြီးအကဲဝန်ထမ်းသည်လည်း ယခုအခါ မြန်မာနိုင်ငံမှ ထွက်ခွာနိုင်ပြီဖြစ်ကြောင်း ၎င်းက Myanmar Now ကို ပြောသည်။

“ကျေနပ်အားရစရာ ဖြစ်ပေါ်တိုးတက်မှုပါပဲ။ သူ့ကို တိုင်းပြည်က ထွက်ခွာဖို့ ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် စိတ်သက်သာရာရပါတယ်” ဟု  တယ်လီနောရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ Cathrine Stang Lund က ဆိုသည်။

မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီများမှ နိုင်ငံခြားသားအရာရှိကြီးများကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံပြင်ပ ထွက်ခွာခြင်းမပြုရန် အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့်ဇူလိုင်လအတွင်း ကန့်သတ်ပိတ်ပင်ခဲ့ရာ ထိုအထဲတွင် တယ်လီနောမြန်မာ ဝန်ထမ်းအကြီးအကဲလည်း ပါဝင်သည်။​

တယ်လီနောမြန်မာကို ရောင်းချမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ကြေညာပြီးနောက် နိုင်ငံတွင်းမှ ထွက်ခွာခွင့် ၁၀ လကျော် ပိတ်ပင်ခံထားရသူမှာ ကော်ပိုရိတ်လုပ်ငန်းပိုင်းဆိုင်ရာ အရာရှိချုပ် Hans Martin Høegh Henrichsen ဖြစ်သည်။​

“မြန်မာနိုင်ငံမှာရှိတဲ့ ဝန်ထမ်းအားလုံးရဲ့ လုံခြုံရေးအတွက် တယ်လီနောမှာ တာဝန်ရှိပါတယ်။ မြေပြင်က လုံခြုံရေးအခြေအနေဟာ ပထမဦးစားပေးအနေနဲ့ ဆက်ရှိနေပါတယ်” ဟုလည်း Cathrine Stang Lund က ပြောသည်။​

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စ ပြီးပြတ်သဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟုဆိုသော်လည်း ပိုင်ရှင်ရှင်သစ်များနှင့် ပတ်သက်၍ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် M1 Group က ဝယ်ယူရာတွင် စစ်တပ်ကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရရှိကာ အဓိကပိုင်ရှင်ဖြစ်လာမည်ဖြစ်ကြောင်း Myanmar Now က သတင်းဆောင်းပါးများ ရေးသားဖော်ပြပြီးဖြစ်သည်။​

တယ်လီနောမြန်မာကို အပြီးသတ်ဝယ်ယူရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီများနှင် စစ်ကောင်စီကြား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့် ရှယ်ယာပိုင်ဆိုင်မှုနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးနေသည့် အထောက်အထားများလည်း ရှိသည်။ 

ထို့ပြင် M1 Group နှင့် ရွှေဗျိုင်းဖြူတို့သည် သီးခြားကုမ္ပဏီများတည်ထောင်ကာ ရှေ့လုပ်ငန်းစဉ်များအတွက် ခြေလှမ်းလှမ်းထားပြီးလည်းဖြစ်သည်။

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသည့်ပြင် တယ်လီနောရုံးချုပ်သည်လည်း အသေးစိတ်ရှင်းလင်းခြင်း မရှိပေ။

သုံးစွဲသူများ၏ အချက်အလက်ပိုင်း လုံခြုံရေးနှင့် ပတ်သက်၍ တယ်လီနောမှာ ဝေဖန်ပြစ်တင်ခံနေရသည့်ပြင် နော်ဝေရဲဌာနတွင် အမှုဖွင့်တိုင်ကြားခံထားရသည်။

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စတွင် နော်ဝေအစိုးရသည် ကော်ပိုရိတ်လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်ရှိမှုအပေါ် ပျက်ကွက်ခြင်းများရှိနေကြောင်း နော်ဝေတက္ကသိုလ် ပါမောက္ခတစ်ဦးက မတ် ၁၇ တွင် Transit အမည်ရ မဂ္ဂဇင်းမှတစ်ဆင့် ဝေဖန်ရေးသားသည်။ 

အဓိကအချက်နှစ်ခုအနေဖြင့် တယ်လီနောမြန်မာကို စစ်တပ်နှင့်နီးစပ်သူထံ ရောင်းထုတ်ခြင်း၊ သုံးစွဲသူများနှင့် သက်ဆိုင်သည့် အချက်အလက်များ လုံခြုံရေးအာမခံချက်ပေးရန် ပျက်ကွက်သည်ဟု ၎င်းက ထောက်ပြသည်။​

တယ်လီနောမြန်မာပိုင်ရှင်သစ် ဖြစ်လာဖွယ်ရှိ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်မှာ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖူးသူဖြစ်သည်။​ အသက် ၅၉ နှစ်အရွယ် လုပ်ငန်းရှင်မှာ စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းအပြင် အမိုနီယံနိုက်ထရိတ်တင်သွင်းခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းနှင့် အခြားလုပ်ငန်းများလည်းရှိသည်။ ​ 

ရွှေဗျိုင်းဖြူကုမ္ပဏီသည် တရုတ်နိုင်ငံသို့ တရားမဝင်ကျောက်စိမ်းတင်ပို့ရောင်းချခြင်းလုပ်ငန်းများနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်နေပြီး ငွေကြေးခဝါချမှု မကင်းသော အထောက်အထားများလည်း တွေ့ရှိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

ရန်ကုန်တွင် နာမည်ကြီးစစ်တပ်ထောက်ခံသူနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ပစ်သတ်ခံရ

လေးရက်အတွင်း အမျိုးသားရေးအမည်ခံ လှုပ်ရှားသူ ဦးတင့်လွင်နှင့် အဆိုတော် လီလီနိုင်ကျော်တို့ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသည်။

ကချင်၊ ပန်ဝါတွင် မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်သူသုံးဦး အဖမ်းခံရ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကမူ ဗဟိုသို့ သတင်းပို့ထားခြင်းမရှိ၊ ထိုအကြောင်းကို မကြားမိဟု ငြင်းသည်။

ဝက်လက်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခု ချုံခိုတိုက်ခိုက်ခံရ

အင်အား ၅၀ ခန့်စီဖြင့် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှု ရှိသည်ဟု ဆိုသည်။

ထိုင်းရွေးကောက်ပွဲအနိုင်ရပါတီ ၈ ခုက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေး ကော်မတီဖွဲ့

Move Forward နှင့် မဟာမိတ်ပါတီများ၏ ခြေလှမ်းကို စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ ထိုင်းဝန်ကြီးချုပ်က အပြစ်တင်ကာ ဆန့်ကျင်ကြောင်း ပြောသည်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ စစ်ကောင်စီနှင့် တွေ့မည်

ဇွန် ၁ ရက်တွင် စတင်မည့် ဆွေးနွေးပွဲဖြစ်မြောက်ရေး တရုတ်အစိုးရကိုယ်စားလှယ်အဖြစ် ယူနန်ပြည်နယ်မှ နိုင်ငံခြားရေးရာ အထူးသံတမန်လည်း မိုင်းလားမြို့ ရောက်ရှိနေသည်ဟု သိရသည်။