စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

ငွေကြေးခဝါချမှု မကင်းသော တယ်လီနောမြန်မာပိုင်ရှင်လောင်း ရွှေဗျိုင်းဖြူ

အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် စစ်တပ်အဆက်အနွယ်ကုမ္ပဏီတစ်ခုက တယ်လီနောမြန်မာကို ဝယ်ယူမည့်သူဖြစ်လာသည်။ လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ပူးပေါင်း၍ တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီ (Telenor Myanmar) ကို ဝယ်ယူရန် စစ်ကောင်စီခွင့်ပြုလိုက်သူမှာ ရွှေဗျိုင်းဖြူကုမ္ပဏီဖြစ်သည်။​ 

ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ခုနှင့် Myanmar Now က ရရှိထားသည့် အထောက်အထားများအရ တယ်လီနောမြန်မာကို M1 Group က ဝယ်ယူပြီးနောက် ရွှေဗျိုင်းဖြူကုမ္ပဏီသည် ၈၀ ရာခိုင်နှုန်းအထိ ရှယ်ယာအများစု ပိုင်ဆိုင်ခွင့်ရှိမည်ဖြစ်သည်။ 

တယ်လီနောမြန်မာကို ဝယ်ယူရေး သေချာပြီးနောက် M1 Group က စင်ကာပူနိုင်ငံတွင် ကုမ္ပဏီခွဲတစ်ခု တည်ထောင်ခဲ့သည့်နည်းတူ ရွှေဗျိုင်းဖြူကလည်း ရွှေဗျိုင်းဖြူတယ်လီကွန်းအမည်ရ ကုမ္ပဏီကို တက်သုတ်ရိုက်ထူထောင်ခဲ့ကာ အဆိုပါကုမ္ပဏီများကြား ရှယ်ယာပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် အပြန်အလှန်ညှိနှိုင်းနေကြောင်း Myanmar Now က ဖတ်ရှုခွင့်ရသည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရုံးတွင်းစာတွင် တွေ့ရသည်။ 

သက်ဆိုင်ရာကုမ္ပဏီများနှင့် စစ်ကောင်စီ၏ တာဝန်ရှိဝန်ကြီးဌာနတို့ကြား တိတ်တဆိတ်ဆက်သွယ်မှုများ ပေါက်ကြားလာပြီးနောက် တယ်လီနောမြန်မာသုံးစွဲသူ ၁၈ သန်းကျော်၏ အနာဂတ်နှင့် ပတ်သက်၍ နော်ဝေနိုင်ငံရှိ တယ်လီနောရုံးချုပ်မှာ အဘက်ဘက်မှ ဖိအားများ ရင်ဆိုင်နေရသည်။​

တယ်လီနောမြန်မာ ပိုင်ရှင်သစ်ဖြစ်လာဖွယ်ရှိ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ အထင်ကရလုပ်ငန်းတစ်ခုမှာ စက်သုံးဆီတင်သွင်းရောင်းချခြင်းဖြစ်သည်။ အင်္ဂလိပ်လို ‘SBP’ ဟု ဆိုင်းဘုတ်တင်ထားသည့် စက်သုံးဆီအရောင်းဆိုင်များမှာ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ဖြစ်သည်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုပိုင်ရှင်မှာ အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော်ဆိုသူဖြစ်သည်။ ရွှေဗျိုင်းဖြူလုပ်ငန်းစုပိုင်ရှင် မိသားစုဖြစ်သော ဦးသိန်းဝင်းဇော်နှင့် ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်း၊ သား ဝင်းပိုင်ကျော်နှင့် သမီး သိမ့်ဝင်းထက်တို့၏ အမည်များပါဝင်သည့် ကုမ္ပဏီပေါင်း ၂၀ ကျော်အထိရှိသည်။​

စက်သုံးဆီအပြင် အမိုနီယံနိုက်ထရိတ်တင်သွင်းခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်း၊ သစ်လုပ်ငန်း၊ ရေလုပ်ငန်း၊ ပလတ်စတစ်အိတ်ထုတ်လုပ်ရေးစက်ရုံ၊ ပဲမျိုးစုံနှင့် သကြားတင်ပို့ရောင်းချခြင်း စသည့်လုပ်ငန်းများလည်း ရှိသည်။​ 

နိုင်ငံတော်သမ္မတက အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်သည့် အခွန်အများဆုံးပေးဆောင်သူ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များတွင် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော်လည်း အပါအဝင်ဖြစ်သည်။ 

သို့ရာတွင် ၎င်းကုမ္ပဏီသည် တရုတ်နိုင်ငံသို့ တရားမဝင်ကျောက်စိမ်းတင်ပို့ရောင်းချခြင်းလုပ်ငန်းများနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်နေပြီး ငွေကြေးခဝါချမှုမကင်းသော ကျောက်တင်ပို့မှု၊ ကျောက်ဖိုးငွေပေးချေမှုများပြုလုပ်ခဲ့သည့် အထောက်အထားများကို တွေ့ရှိရသည်။ 

ထို့ပြင် ၎င်းကုမ္ပဏီသည် အာဏာပိုင်များကို လာဘ်ထိုးကာ သတ္တုတူးဖော်ရေးနှင် ကျောက်မိုင်းများတွင် အဓိကသုံးစွဲသည့် ယမ်းနှင့် အမိုနီယံနိုက်ထရိတ်ကို တင်သွင်းခြင်း၊ စစ်ဗိုလ်ချုပ်ဟောင်းအချို့ကို ဂါရဝပြုငွေ ပုံမှန်ပေးအပ်ခြင်း စသည့် ရွှေဗျိုင်းဖြူမိသားစုပိုင်လုပ်ငန်းများနှင့် ပတ်သက်သည့် အထောက်အထားများကို Myanmar Now က ရရှိထားသည်။ 

ငွေကြေးခဝါချမှုနှင့် ကျောက်စိမ်းလုပ်ငန်း

ဦးသိန်းဝင်းဇော်သည် ရွှေဗျိုင်းဖြူနှင့် ဝင်းပိုင်ကျော်ကုမ္ပဏီအမည်များဖြင့် ၂၀၁၀ မတိုင်ခင် စစ်အစိုးရလက်ထက်ကတည်းက ကျောက်မျက်တူးဖော်ခွင့်လိုင်စင်များ ရရှိခဲ့သည်။ ခြောက်ဧကမှ ဧကရာဂဏန်းရှိ ကျောက်စိမ်းလုပ်ကွက်များကို ၎င်းရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) ဥက္ကဋ္ဌလည်းဖြစ်သည်။​

ကမ္ဘာတစ်ဝန်း သယံဇာတတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအဖွဲ့ (EITI) ၏ အစီရင်ခံစာတစ်စောင်အရ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဦးသိန်းဝင်းဇော် ရရှိခဲ့သော ကျောက်စိမ်းလုပ်ကွက် ၆ ခုအထိရှိသည်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီသည် မြန်မာစစ်တပ်လက်အောက်ခံ ကချင်ပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့များပိုင်ဆိုင်သော ကျောက်စိမ်းကုမ္ပဏီများမှတစ်ဆင့် ဖားကန့်ဒေသထွက် ကျောက်စိမ်းများကို တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့ကာ အချောထည်ပြုလုပ်ရောင်းချလျက်ရှိသည်။ ထိုမှရရှိသော တရုတ်ယွမ်ငွေများကို ရန်ကုန်နှင့် မန္တလေးသို့ နယ်စပ် တရားမဝင်ငွေလွှဲများမှတစ်ဆင့် ရွှေဗျိုင်းဖြူကုမ္ပဏီ၏ ငွေစာရင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာနေသည်။ 

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းသည့် စီမံကိန်းများဖြစ်ပါက ထိုကျောက်စိမ်းရောင်းရငွေများသည် နိုင်ငံပိုင်ဘဏ်စာရင်းမှတစ်ဆင့် စီးဝင်ရမည်ဖြစ်သော်လည်း ရွှေဗျိုင်းဖြူကုမ္ပဏီသို့ စီးဝင်သည့် ကျောက်စိမ်းဝင်ငွေများမှာမူ တရားမဝင်လမ်းကြောင်းများမှ စီးဝင်နေခြင်းဖြစ်သည်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီသည် ကချင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့တစ်ခုနှင့် ဆက်စပ်သော ဖားကန့်ရှိ ကျောက်တူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ရတနာစန်းရွှင်ကုမ္ပဏီမှတစ်ဆင့် ၂၀၁၇ တွင် တရုတ်ပြည်သို့ ကျောက်စိမ်းများတရားမဝင်တင်ပို့ခဲ့ကာ၊ ထိုဝန်ဆောင်မှုအတွက် ရတနာစန်းရွှင်ကို ကျပ်သန်းပေါင်း သုံးထောင်ကျော် ပေးအပ်ခဲ့ကြောင်း ရွှေဗျိုင်းဖြူကုမ္ပဏီ၏ ငွေကြေးမှတ်တမ်းတစ်ခုတွင် တွေ့ရှိရသည်။ 

“တရုတ်ပြည်ကွမ်ကျိုးကို ကျောက်စိမ်းရိုင်းတွေ တရားမဝင်ပို့တယ်၊ ပြီးတော့ ကွမ်ကျိုးမှာပဲ အခေျာထည်လုပ်ပြီး ကျောက်စိမ်းပြန်ရောင်းတယ်။ ရတဲ့ ပိုက်ဆံတွေကို မြန်မာပြည်လွှဲတာပေါ့” ဟု ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် နီးစပ်သူက ပြောသည်။

Myanmar Now က ရရှိထားသည့် စာရင်းဇယားများတချို့အရ ရွှေဗျိုင်းဖြူကုမ္ပဏီ၏ ကျောက်စိမ်းရောင်းရငွေမှာ ၂၀၁၆ ခုနှစ်တွင် ကျပ် ၃ ဘီလျံကျော်သာရှိသော်လည်း ၂၀၁၇ တွင် ၁၆ ဘီလျံနှင့် ၂၀၁၈ ခုနှစ်တွင် ကျပ် ၂၅ ဘီလျံကျော်ရှိသည်။ 

ထိုငွေများတွင် ယမ်းနှင့် အမိုနီယံနိုက်ထရိတ်တင်သွင်းရောင်းချရာမှ ရရှိသည့်ငွေများနှင့် တရားဝင်ကျောက်မျက်ပြပွဲများတွင် ယူရိုငွေဖြင့် ရောင်းချရာမှ ရရှိသည့် ငွေများပါသော်လည်း အများစုမှာ တရားမဝင်ငွေလွှဲများမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်။ 

ဦးသိန်းဝင်းဇော်က တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် အချောထည်စက်ရုံ တည်ထောင်ထားပြီး ၎င်း၏ ကျောက်စိမ်းလုပ်ငန်းတွင် အဓိကလူယုံနှစ်ဦးမှာ သန့်စင်ထွန်းနှင့် ရှမ်းလေး (ခ) စိုင်းနေမင်းထွန်းဆိုသူများဖြစ်ကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။ 

“အဓိက သူ့လူယုံနှစ်ယောက်ရှိတယ်။ သန့်စင်ထွန်းဆိုတာက ကျောက်ပို့တဲ့ တာဝန်ခံ။ နောက်ပြီးတော့ ရှမ်းလေးဆိုတာရှိတယ်။ ရှမ်းလေးဆိုတာ စိုင်းနေမင်းထွန်း။ ကွမ်ကျိုးမှာ အထိုင်၊ တာဝန်ခံသဘော နေတာပေါ့” ဟု အမည်မဖော်လိုသူ ၎င်းက ဆိုသည်။ 

“ကျောက်အရောင်းအဝယ်ကိစ္စတွေမှာ သူတို့က အများကြီးရထားတယ်။ တရားမဝင်လမ်းကြောင်းက ရတာတွေကို ငွေမဲကို ငွေဖြူပြန်လုပ်တာပေါ့၊ စက်သုံးဆီဘက်မှာလှည့်ပြီးတော့။ အဲလိုမျိုး လုပ်တာပေါ့။ အခွန်တွေရှောင်ထားတာပေါ့” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ 

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွင် အကျိုးတူလုပ်ကိုင်သည့် အစိုးရအနေဖြင့် ပမာဏအနည်းငယ်သာရကြောင်း၊ သုံးပုံးနှစ်ပုံကို တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း၊ ကျောက်မျက်ရုံးကို တင်သည့်စာရင်းမှာ ကျပ်ရာဂဏန်းသာရှိသော်လည်း အမှန်တကယ်ဝင်ငွေမှာ ကျပ်သိန်းပေါင်းသောင်းဂဏန်းရှိသည်ဟုလည်း ၎င်းက ပြောသည်။

အဆိုပါ ငွေများမှာ မန္တလေးရှိ ယွမ်ငွေလွှဲများမှတစ်ဆင့် ရန်ကုန်ရှိ ကုမ္ပဏီပိုင် ဘဏ်စာရင်းများသို့ ထပ်ဆင့်ငွေလွှဲခြင်းဖြစ်ကာ တစ်ခါတစ်ရံ လူကိုယ်တိုင်ငွေသားသိမ်းယူခြင်းများရှိသည်ဟု ဆိုသည်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီသည် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ယမ်းနှင့် အမိုနီယံနိုက်ထရိတ်များ တင်သွင်းကာ တစ်ဆင့်ပြန်လည်ရောင်းချသည့်လုပ်ငန်းမှလည်း လစဉ်ဝင်ငွေ ကျပ်သိန်းထောင်ချီရရှိနေသည်။ 

အမိုနီယံနိုက်ထရိတ် တင်သွင်းခွင့်အတွက် နေပြည်တော်ရှိ ဌာနဆိုင်ရာလူကြီးများကို ဂါရဝပြုငွေခေါင်းစဉ်ဖြင့် ဖော်ပြထားသည့် ရွှေဗျိုင်းဖြူကုမ္ပဏီ၏ ငွေစာရင်းအချို့လည်း တွေ့ရှိရသည်။ ၎င်းဂါရဝပြုငွေပုံမှန်ပေးပို့သူများမှာ စစ်အစိုးရလက်ထက် စွမ်းအင်ဝန်ကြီးဌာန အထွေထွေမန်နေဂျာ ဗိုလ်မှူးအငြိမ်းစား ဦးအောင်နိုင်၊ သမ္မတဦးသိန်းစိန်လက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း သိန်းအောင်နှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်မောင်ဦးတို့ပါဝင်သည်။ ကုမ္ပဏီမှတ်တမ်းများအရ ဗိုလ်ချုပ်ဟောင်း မောင်ဦးအား လစဉ် အမေရိကန်ဒေါ်လာ ၄၅၀၀ နှင့် ကျပ် ၃ သိန်း၊ ဗိုလ်မှူးချုပ်ဟောင်း သိန်းအောင်အား လစဉ် ကျပ် သိန်း ၂၀ ရွေဗျိုင်းဖြူကုမ္ပဏီက ပေးနေကြောင်း တွေ့ရှိရသည်။(ဗိုလ်မှူးချုပ်ဟောင်း သိန်းအောင်၏ သားဖြစ်သူမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သည့် လက်ရှိနေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်ဟိန်းဖြစ်သည်။)

ယခုအချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း၊ ကုမ္ပဏီနှင့် စစ်တပ်တို့၏ ဆက်ဆံရေးအခြေအနေများအားလည်းကောင်း သိရှိနိုင်ရန် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်ကို Myanmar Now က ဖုံးဖြင့် ဆက်သွယ်မေးမြန်းရာတွင် ၎င်းပိုင် ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များမှာ ၂၀၁၈ ခုနှစ်ကတည်းက သက်တမ်းကုန်သွားပြီဖြစ်ကြောင်း၊ တယ်လီနောမြန်မာဝယ်ယူရေးနှင့် ပတ်သက်ပြီး M1 Group နှင့် ကိစ္စများ မပြီးပြတ်သေး၍ ထိုကိစ္စရပ်များကိုလည်းထုတ်ဖော်ပြောဆိုခွင့်မရှိကြောင်း ၎င်းက ပြန်လည်ပြောကြားသည်။

ရွှေဗျိုင်းဖြူ၏ စက်သုံးဆီလုပ်ငန်း 

ရွှေဗျိုင်းဖြူကုမ္ပဏီ၏ စက်သုံးဆီအရောင်းဆိုင်တစ်ခု။ 

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၁၉၉၆ ခုနှစ်တွင် ဦးသိန်းဝင်းဇော်က မနောသီတာအမည်ရှိ ကုမ္ပဏီကို စတင်ထူထောင်ခဲ့သည်။ ထို့နောက် ၂၀၀၀ ပြည့်နှစ်တွင် ရွှေဗျိုင်းဖြူကုမ္ပဏီကို တည်ထောင်ကာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အောက်မှနေ၍ စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းကို အကျိုးတူ စတင်လုပ်ကိုင်ခဲ့သည်။ 

ရွှေဗျိုင်းဖြူ၏သတင်းရင်းမြစ်အဆိုအရ ဦးသိန်းဝင်းဇော်မှာ နာဂစ်မုန်တိုင်း တိုက်ခတ်သည့် ၂၀၀၈ ခုနှစ်အတွင်းက ဆီမှောင်ခိုလုပ်ကိုင်ခွင့် ရရှိခဲ့သည်ဟု သိရသည်။

“နာဂစ်ဖြစ်တဲ့အချိန်မှာ ဆီတွေရတာ။ မှောင်ခိုဆီတွေပေါ့။ အဲဒီမှာလည်း သူတို့က တစ်ခါထောင်သွားတာပေါ့။ နာဂစ်ဆီတွေနဲ့။ အဲဒီကနေပြီးတော့ ၂၀၁၀ လောက်မှ ကျောက်မျက်က စတာပေါ့” ဟု ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် နီးစပ်သူက ဆိုသည်။

ဦးသိန်းဝင်းဇော်သည် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ရှိ ပင်လယ်ပြင်များမှတစ်ဆင့် စက်သုံးဆီမှောင်ခိုတင်သွင်းသည့်လုပ်ငန်းကို အကြီးအကျယ်လုပ်ဆောင်ပြီး စီးပွားဖြစ်လာသူဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ရေတပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် လွန်စွာနီးကပ်သူဖြစ်ကြောင်း ဧရာဝတီသတင်းဌာနကလည်း ဖေဖော်ဝါရီ ၁၅ တွင် ရေးသားသည်။ 

ထို့ပြင် ရေတပ်စစ်ရေယာဉ်များအတွက် စက်သုံးဆီဝယ်ယူရေးတင်ဒါများကိုလည်း ဦးသိန်းဝင်းဇော်၏ ကုမ္ပဏီကပင် ရရှိကြောင်း၊ စစ်ရေယာဉ်မှူးများက စက်သုံးဆီခိုးထုတ်ရာတွင်လည်း သူ၏ကုမ္ပဏီကိုပင် ရောင်းချလေ့ရှိသူဟု ဧရာဝတီသတင်းက ဆိုသည်။

တယ်လီနောမြန်မာ ဝယ်ယူရေးနှင့် ပတ်သက်၍ ရွှေဗျိုင်းဖြူကုမ္ပဏီကို ကျောထောက်နောက်ခံပြုထားသည့် ရေတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် လက်ရှိရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးမိုးအောင်တို့ကြား အားပြိုင်မှုရှိခဲ့သည်ဟု ဧရာဝတီသတင်းဌာနကပင် ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းတွင် ရေးသားသည်။

အာဏာသိမ်းပြီးနောက် ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီးမိုးအောင်၏ညီ IGE ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးနေအောင်ကလည်း တယ်လီနောမြန်မာကို ဝယ်ယူရေး စိတ်ဝင်စားခဲ့သည်ဟု ဆိုသည်။ (IGE ကုမ္ပဏီမှာ ယမန်နေ့က ကြေညာသည့် ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့ခံရသည့် စာရင်းထဲတွင်ပါသည်။) 

တယ်လီနောမြန်မာ ပိုင်ဆိုင်ရေးနှင့် ပတ်သက်၍ ရွှေဗျိုင်းဖြူကုမ္ပဏီနောက်ကွယ်တွင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးနှစ်ဦး ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ခုက Myanmar Now ကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြောဆိုထားသည်။ 

လက်ရှိတွင် ရေတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်သာမက ဆက်သွယ်ရေးလုပ်ငန်းကို ကြီးကြပ်ခွင့်ရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးလည်း ဖြစ်သည်။ 

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) လက်အောက်ရှိ စက်သုံးဆီအရောင်းဆိုင် ၂၇၄ ဆိုင်အနက် ၂၆၁ ခုကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းရောင်းချရာတွင် ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီက နိုင်ငံပိုင်ဆီဆိုင် ၁၆ ဆိုင်အထိ ရရှိခဲ့သည်။

ထိုစဉ်က နိုင်ငံပိုင် MPPE စက်သုံးဆီဖြန့်ဖြူးရောင်းချရေးဆိုင်များကို ဦးသိန်းဝင်းဇော် အပါအဝင် စစ်အစိုးရနှင့် နီးစပ်သူ လုပ်ငန်းရှင်ကြီးများသာ ရရှိခဲ့ခြင်းဖြစ်သည်။ 

ကိုလိုနီခေတ်မှစ၍ အမြို့မြို့အနယ်နယ်ရှိ အချက်အချာကျ နေရာများတွင် တည်ရှိခဲ့သော နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်များကို ပုဂ္ဂလိကသို့ မည်သည့်ဈေးနှုန်းဖြင့် လွှဲပြောင်းရောင်းချသည်ကို စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

သို့သော် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ နောက်သုံးနှစ်အကြာ ၂၀၁၃ ခုနှစ်အတွင်း ထုတ်ပြန်ချက်အရ ဆီဆိုင်ပေါင်း ၂၆၁ ဆိုင်အတွက် ငွေကျပ် ၉၂၃၆ ဒသမ ၉၉၅ သန်းသာ ရရှိခဲ့သည်ဖြစ်ရာ တစ်ဆိုင်ချင်းအနေဖြင့် ပျမ်းမျှ ကျပ်သိန်း ၃၇၀ ကျော်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ရရှိခဲ့သည်။ 

၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရကို အာဏာမလွှဲပြောင်းမီ စစ်တပ်နှင့် နီးစပ်သော ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွှဲပြောင်းရောင်းချခဲ့သည့် နိုင်ငံပိုင်ဆီဆိုင်များနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာရှိခဲ့သည်။

စက်သုံးဆီဆိုင်များ၏ အဆောက်အအုံ၊ မြေနေရာနှင့် ဆက်စပ်ပစ္စည်းများကို ပုဂ္ဂလိကသို့ ရောင်းချရာတွင် နိုင်ငံတော်မှ အကျိုးအမြတ်ရရှိမှု နည်းပါးခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကိုင်တွယ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ပါးဖြစ်သူ ဦးမင်းထင်အောင်ဟန်က ပြည်နယ်လွှတ်တော်၌ ပြောကြားခဲ့ဖူးသည်။

အများပြည်သူပိုင် ဆီဆိုင်များကို နည်းပါးလွန်းသောဈေးဖြင့် ရောင်းချခဲ့ခြင်းအပေါ် ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် ပြန်လည်သိမ်းယူရန် အစီအစဉ် ရှိမရှိ ပေါင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက မွန်ပြည်နယ်လွှတ်တော်၌ မေးမြန်းရာတွင် အထက်ပါအတိုင်းဖြေကြားခြင်းဖြစ်သည်။

နိုင်ငံပိုင်ဆီဆိုင် ၁၆ ဆိုင်အထိ ရရှိခဲ့သော ရွှေဗျိုင်းဖြူမှာ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂၉ ခုအထိ ဖွင့်လှစ်ထားပြီး ၂၀၂၁ အရောက်တွင် ဆိုင်ပေါင်း ၇၀ ကျော်အထိ ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်ဟု ကုမ္ပဏီဝက်ဆိုက်တွင် ဖော်ပြသည်။

ရှမ်းပြည်နယ် မိုးမိတ်နှင့် ပဲခူးတိုင်း ပေါက်ခေါင်းတွင် မြို့တွင်းဧရိယာအတွင်းရှိ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင် စက်သုံးဆီအရောင်းဆိုင်များမှာ မီးဘေးအန္တရာယ်ကို အလေးမထားဘဲ စည်းကမ်းမဲ့ရောင်းချနေသည်ဆိုကာ ဒေသခံများက သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားခဲ့ဖူးသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်အတွင်းက ရန်ကုန်တိုင်း ဒလမြို့နယ် သက္ကာယ်ကွင်းရွာတွင် ရွှေဗျိုင်းဖြူပိုင် ဆီတင်သင်္ဘောမတော်တဆအတွက် ဒေသခံရွာသားများနှင့် ကုမ္ပဏီတို့ အမှုဖြစ်ပွားခဲ့သည်။ 

မတော်တဆဖြစ်စဉ် ဆီတင်သင်္ဘောပေါ်မှ ဒီဇယ်ဆီများကို ရွာသားများက အတင်းအဓမ္မခပ်ယူသည်ဆိုကာ ရွှေဗျိုင်းဖြူကုမ္ပဏီက ရဲစခန်း၌ အမှုဖွင့်တိုင်တန်းသဖြင့် သက္ကာယ်ကွင်းရွာသားငါးဦး မတရားချုပ်နှောင်ခံရသည့်အပေါ် ဒေသခံများက ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

စစ်ဗိုလ်ချုပ်များနှင့် ပနံသင့်သူ ရွှေဗျိုင်းဖြူပိုင်ရှင်

စစ်အစိုးရလက်ထက် သစ်တောဝန်ကြီးနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ ခရီးစဉ်တစ်ခုတွင် ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် လိုက်ပါလှူဒါန်းခဲ့သော အထောက်အထားများ။

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စနောက်ကွယ်တွင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးနှစ်ဦး ပါဝင်ပတ်သက်နေခြင်း၊ ရွှေဗျိုင်းဖြူကုမ္ပဏီမှာ ရေတပ်စစ်ဗိုလ်ချုပ်များနှင့် နီးကပ်သူဖြစ်နေခြင်းတို့အပြင် ဦးသိန်းဝင်းဇော်သည် စစ်ဗိုလ်ချုပ်များနှင့် ယခင်ကတည်းက ပနံသင့်ခဲ့သူဖြစ်သည်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် နီးစပ်သူအဆိုအရ ဦးသိန်းဝင်းဇော်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်မောင်ဦး၊ သစ်တောဝန်ကြီးနှင့် နောက် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်သိန်းအောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် လက်ရှိဒုသမ္မတဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေတို့နှင့် ရင်းနှီးကျွမ်းဝင်သူဟု သိရသည်။ 

“ဦးသိန်းအောင်နဲ့ ရင်းနှီးတာက စစ်အစိုးရလက်ထက်ကတည်းက။ ဦးသိန်းအောင် သစ်တောဝန်ကြီးဖြစ်ကတည်းက။ နောက် အဲဒီအချိန်မှာ ဗိုလ်ချုပ်မောင်ဦးက ပြည်ထဲရေးဝန်ကြီး။ သူတို့နဲ့လည်း ရင်းနှီးတယ်။ လက်ရှိအချိန်အထိ သူတို့ကိုတော့ ထောက်ပံ့နေတုန်းပဲ” ဟု ၎င်းက ပြောသည်။ 

ဦးသိန်းအောင် သစ်တောဝန်ကြီးဘဝတုန်းက ဦးသိန်းဝင်းဇော်မိသားစုကို မင်းလှဘက်မှ ဧကထောင်ချီရှိ သစ်တောလုပ်ကွက်များ ပေးခဲ့ဖူးသည်ဟု ဆိုသည်။

ဦးသိန်းဝင်းဇော်သည် သစ်လုပ်ငန်းလည်း လုပ်ကိုင်ခဲ့ဖူးကြောင်း ရွှေဗျိုင်းဖြူဝန်ထမ်းဟောင်းက ထုတ်ဖော်ပြောဆိုထားသည့်နည်းတူ သစ်ရောင်းရငွေများ ဖော်ပြထားသည့် ရွှေဗျိုင်းဖြူကုမ္ပဏီ၏ စာရင်းတစ်ခုလည်း Myanmar Now က ရရှိထားသည့် အထောက်အထားများတွင် တွေ့ရှိရသည်။

ထို့ပြင် ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းအောင်သည် သစ်တောဝန်ကြီးဖြစ်စဉ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အနေဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်အနေဖြင့်လည်းကောင်း ၎င်း၏ဇာတိ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးခရီးစဉ်သွားရောက်စဉ် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်က လိုက်ပါခဲ့ဖူးသည်။

ဦးသိန်းအောင်၏ ထိုခရီးစဉ်များအတွင်း ဦးသိန်းဝင်းဇော်က အခြေခံပညာကျောင်းအတွက် ကွန်ပျူတာ၊ ဆေးရုံအတွက် လူနာတင်ယာဉ် လှူဒါန်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာမှတ်တမ်းများရှိသည်။​ 

စစ်အစိုးရနှစ်ဆက်တိုင် အရေးပါအရာရောက်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းအောင်၏ ဇာတိ အင်္ဂပူမြို့ရှိ ခုတင် ၅၀ ဆန့် ပြည့်သူ့ဆေးရုံမှာ ရွှေဗျိုင်းဖြူကုမ္ပဏီက ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်ကာ ထိုဆေးရုံနှင့် လူနာတင်ယာဉ်နှစ်စီး လှူဒါန်းထားကြောင်း ကုမ္ပဏီဝက်ဆိုက်တွင်လည်း ဖော်ပြထားသည်။

ယခင်စစ်အစိုးရလက်ထက်တွင် လုပ်ပိုင်ခွင့်များ ရရှိရန် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တိုင်းလိုလို စစ်ဗိုလ်ချုပ်များနှင့် နီးနီးကပ်ကပ် ဆက်ဆံကြသည်ဖြစ်ရာ အရေးပါအရာရောက်သူ ဗိုလ်ချုပ်ကြီးများ၏ လှုပ်ရှားသွားလာရာ၌ လုပ်ငန်းရှင်များ ဝန်းရံလိုက်ပါလေ့ရှိသည်။

ဦးသိန်းဝင်းဇော်၏ ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်းသည်လည်း ဗိုလ်ချုပ်ကတော်များ၏ လှုပ်ရှားမှုများတွင် အခြားလုပ်ငန်းရှင်များနည်းတူ ဝန်းရံခဲ့သည်ကို တွေ့ရသည်။ 

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စစ်အုပ်ချုပ်ရေးကာလတွင် ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ဇနီး ဒေါ်သန်းသန်းနွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အခမ်းအနားတစ်ခုတွင် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဒေါ်တင်လတ်မင်း အလှူငွေထည့်ဝင်ခဲ့သည်ကို နိုင်ငံပိုင်သတင်းစာမှတ်တမ်းတစ်ခုတွင် တွေ့ရှိရသည်။ 

ဂေါက်ကွင်းသို့ ကားမောင်းအသွား ကားပေါ်မှ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံးသည့်ဖြစ်စဉ်၌ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်ကို ဦးသိန်းအောင်က ကူညီကယ်ပေးခဲ့ဖူးကြောင်းလည်း ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် နီးစပ်သူက ပြောသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်း။ 

“ပြုတ်ကျသွားရင်း ကောင်မလေးက သေသွားရော။ ပြဿနာတွေ တက်ကုန်တာပေါ့။ အဲဒီမှာ ဦးသိန်းအောင်က ကြားထဲကနေ လျော်ကြေးတွေဘာတွေ ပေးပြီးတော့ ကယ်လိုက်တာပေါ့” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဦးသိန်းဝင်းဇော်သည် လက်ရှိဒုသမ္မတဖြစ်သူ ဦးမြင့်ဆွေ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဘဝက ပုံမှန်ဝင်ထွက်သွားလာသည်အထိ ရင်းနှီးကြောင်းလည်း ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“နဂိုဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာ။ ခဏခဏပေါ့။ သွားပြီးတော့ လက်ဆောင်တွေဘာတွေ သွားပေးပေါ့။ ငါးတို့ ပုစွန်တို့။ သူ့ (ဦးမြင့်ဆွေ) ရဲ့ အိမ်တော်ထိန်းပေါ့။ ကိုအောင်ကျော်စိုးဆိုတာ။ အခုလက်ရှိ တိုက်ကြီးထွေအုပ်မှာ ဦးစီးမှူး။ ဦးမြင့်ဆွေ တပည့်ရင်း။ နဂိုဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာ သွားဖူးတယ်။ ပတ်သက်ဖူးတာရှိတယ်” ဟု ၎င်းက ပြောသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီက ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ကို လစဉ် ကျပ်သိန်း ၂၀ ပေးနေပြီး ပြည်ထဲရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်မောင်ဦးကို ဒေါ်လာ ၄၅၀၀ နှင့် ငွေသားသုံးသိန်းပေးရာတွင် အတိုးဟု ရေးထားကြောင်း ကုမ္ပဏီ၏ ငွေစာရင်းအထောက်အထားများတွင် တွေ့ရှိရသည်။​

“ပုံမှန်ပေးရတာက အဲဒီနှစ်ယောက် (မောင်ဦးနှင့် သိန်းအောင်) တော့ ရှိတယ်။ အဲဒီဗိုလ်ချုပ်သုံးဦးနဲ့ ပနံသင့်တယ်။ စားအိမ်သောက်အိမ်လိုကို ဖြစ်နေတာ” ဟု ရွှေဗျိုင်းဖြူနှင့် နီးစပ်သူက ပြောသည်။ 

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်သာအေးမှာ ဦးသိန်းဝင်းဇော်ဇနီး ဒေါ်တင်လတ်မင်း၏ မိဘဖြစ်သူ ကျောင်းဆရာမ၏ တပည့်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်သာအေးနှင့်လည်း ရွှေဗျိုင်းဖြူကုမ္ပဏီက ခင်မင်ပတ်သက်မှုများ ရှိသည်ဟု ဆိုသည်။

ဗိုလ်ချုပ်ဟောင်း ဦးသာအေးအိမ်သို့ မုန့်ဝယ်ပို့သည့် ရွှေဗျိုင်းဖြူကုမ္ပဏီ၏ စာရင်းတစ်ခု တွေ့ရှိရသည့်ပြင် ရွှေဗျိုင်းဖြူကုမ္ပဏီ၏ ငွေစာရင်းများတွင် ရဲအရာရှိများကို မုန့်ဖိုးပေးခြင်း၊ အခြား မည်သူမည်ဝါ မသိရသူများကို ငွေကြေးပေးထားခြင်းများလည်း တွေ့ရှိရသည်။  

အခြားလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ

ဦးသိန်းဝင်းဇော်၊ ဒေါ်တင်လတ်မင်း၊ ကိုဝင်းပိုင်ကျော်နှင့် မသိမ့်ဝင်းထက်တို့ ဒါရိုက်တာအဖြစ် ပါဝင်သော ကုမ္ပဏီများစာရင်းကို အရောင်များဖြင့် ခွဲခြားဖော်ပြထားသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီသည် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းနှင့် ကျောက်စိမ်းလုပ်ငန်းလုပ်ငန်းတို့အပြင် အခြားလုပ်ငန်းများလည်း ရှိသည်။

ဦးသိန်းဝင်းဇော်၏ သမီးဖြစ်သူ သိမ့်ဝင်းထက်အမည်ဖြင့် ၂၀၀၉ ခုနှစ်တွင် တည်ထောင်ထားသည့် ပလတ်စတစ်အိတ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရှိကာ သိန်းကမ္ဘာအမှတ်တံဆိပ်ဖြင့် နေ့စဉ် ပလတ်စတစ်အိတ်တစ်သိန်းအထိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း ကုမ္ပဏီဝက်ဆိုက်တွင် ဖော်ပြသည်။ 

သားဖြစ်သူအမည်ဖြင့် တည်ထောင်ထားသည့် ဝင်းပိုင်ကျော်ကုမ္ပဏီသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယသို့ နှစ်စဉ် ပဲမျိုးစုံတန်ချိန် ၆၀၀၀ နှင့် သကြားတန်ချိန် တစ်သောင်းအထိ တင်ပို့ရောင်းချနေပြီး ပဲခွဲစက်များနှင့် သိုလှောင်ရုံများလည်း တည်ထောင်ထားသည်ဟု ဆိုသည်။ 

ထို့ပြင် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု လက်အောက်ခံ Eastern Power International ကုမ္ပဏီသည် စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အရှေ့အလယ်ပိုင်းဒေသသို့ ရေထွက်ပစ္စည်းများ တင်ပို့နေသည်ဟု ကုမ္ပဏီဝက်ဆိုက်တွင် ဖော်ပြသည်။ ရေထွက်ပစ္စည်းများ ထိန်းသိမ်းထားရှိရန် တန် ၁၅၀၀ ဆန့် အအေးခန်းသိုလှောင်ရုံရှိသည်ဟုလည်း ဆိုသည်။ 

ရွှေဗျိုင်းဖြူကုမ္ပဏီ၏ ဝက်ဆိုက်စာမျက်နှာတွင် ဝန်ထမ်းပေါင်း ၂၀၀၀ ကျော်နှင့် ကုမ္ပဏီခွဲ ခြောက်ခုရှိသည်ဟုသာ ဖော်ပြထားသော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများနှင့် Myanmar Now က ရှာဖွေတွေ့ရှိထားသည့် အချက်အလက်များအရ ဦးသိန်းဝင်းဇော်မိသားစုပိုင်နှင့် ဒါရိုက်တာအဖြစ် ပါဝင်သည့် ကုမ္ပဏီပေါင်း ၂၀ ကျော်အထိ ရှိသည်။ 

တယ်လီနောမြန်မာကို M1 Group နှင့် ပူးပေါင်းဝယ်ယူမည့် ရွှေဗျိုင်းဖြူကုမ္ပဏီက ရွှေဗျိုင်းဖြူတယ်လီကွန်းနှင့် One Telecom အမည်ရ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုကိုလည်း ထူထောင်ထားသည်။ 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများအရ အဆိုပါ ကုမ္ပဏီနှစ်ခုလုံးကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဦးသိန်းဝင်းဇော် မိသားစုတစ်စုလုံးသည် One Telecom ကုမ္ပဏီ၌ ဒါရိုက်တာအဖြစ် ပါဝင်ခဲ့သော်လည်း ကုမ္ပဏီထူထောင်ပြီး တစ်လကျော်အကြာ နုတ်ထွက်ထားသည်ကို တွေ့ရသည်။

ကုမ္ပဏီပေါင်း ၁၈ ခုနှစ်တွင် ဦးသိန်းဝင်းဇော် ဒါရိုက်တာအဖြစ် ပါဝင်နေပြီး၊ ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်းက ကုမ္ပဏီ ၁၆ ခုတွင် ဒါရိုက်တာအဖြစ်လည်းကောင်း၊ သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် ဝင်းပိုင်ကျော်က ကုမ္ပဏီ ၁၀ ခုတွင် ဒါရိုက်တာအဖြစ် ပါဝင်နေသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော် မိသားစု။ 

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်သည် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် မဟာရိုးမအများပိုင်ကုမ္ပဏီတွင်လည်း ဒါရိုက်တာအဖြစ် ပါဝင်ထားသည်။ အဆိုပါကုမ္ပဏီမှ နုတ်ထွက်ထားပြီးဖြစ်သည်ဟု တယ်လီနောမြန်မာကိစ္စနှင့် ပတ်သက်၍ ဝေဖန်မှုမြင့်တက်နေချိန်တွင် ရွှေဗျိုင်းဖြူပြောရေးဆိုခွင့်ရှိသူက နိုင်ငံခြားသတင်းဌာနတစ်ခုကို ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် ဦးသိန်းဝင်းဇော်သည် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များ စုပေါင်းတည်ထောင်ထားသည့် မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ (MESDP) တွင် ဒုတိယဥက္ကဋ္ဌဖြစ်သည်။ အများပိုင်ဆိုသော ထိုကုမ္ပဏီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူမှာ မြတ်မေတ္တာမွန် စက်သုံးဆီရောင်းချရေးကုမ္ပဏီပိုင်ရှင် ဒေါက်တာဝင်းမြင့်ဖြစ်သည်။

ဦးသိန်းဝင်းဇော်နှင့် ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်းတို့သည် ကမ္ဘာ့ရတနာဘဏ်နှင့် သတ္တုတွင်းဖွံ့ဖြိုးရေးဘဏ်တို့တွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည်ဟုလည်း သိရသည်။​

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုပိုင်ရှင် ဦးသိန်းဝင်းဇော် မိသားစုသည် မြောက်မြားလှစွာသော မြေနှင့် အခြား တန်ဖိုးရှိအဆောက်အအုံများ နေရာအနှံ့တွင် ပိုင်ဆိုင်ထားသည်ဟုလည်း ကုမ္ပဏီနှင့် နီးစပ်သူထံမှ သိရသည်။​

“အိမ်တွေက အများကြီးပဲ။ ဝယ်ထားတာတွေက အများကြီးပဲ။ အုတ်ကျင်းက သိန်းပေါင်းတစ်သောင်းနဲ့ ဝယ်ထားတာလည်းရှိတယ်။ နောက်ပြီး အင်းလျားလမ်းမှာ ဝယ်ထားတာရှိတယ်။ ရုံးချုပ်က အမှတ် ၁၆ ရွှေတောင်ကြားလမ်းမှာရှိတယ်။ ဩစတြေးလျသံအမတ်ကြီး နေအိမ်နဲ့ ကပ်လျက်ပဲ” ဟု ၎င်းက ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံပိုင် စက်ရုံမြေနေရာကို ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ထံ လွှဲပြောင်းရောင်းချခဲ့သော အထောက်အထား။ 

Myanmar Now ၏ စုံစမ်းစစ်ဆေးမှုအရ ရွှေဗျိုင်းဖြူကုမ္ပဏီရုံးချုပ်ဖွင့်လှစ်ထားရာ နေရာမှာ ယခင်က မလေးရှားနိုင်ငံပိုင် Petronas ရေနံကုမ္ပဏီ ရုံးဖွင့်လှစ်ခဲ့ရာနေရာဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် သုံးဧကကျော် အကျယ်အဝန်းရှိ နိုင်ငံပိုင် စက်ကိရိယာပစ္စည်းထုတ်လုပ်မှုစက်ရုံနေရာကို ရွှေဗျိုင်းဖြူကုမ္ပဏီထံ ကျပ်သိန်း ၂၀၀၀ ကျော်ဖြင့် ရောင်းချခဲ့သည့် မှတ်တမ်းတစ်ခု တွေ့ရှိရသည်။

အဆိုပါ နိုင်ငံပိုင်စက်ရုံမြေနေရာကို ဦးသိန်းဝင်းဇော်အမည်ပေါက် မြေဂရန်ထုတ်ပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာကံဇော်က ညွှန်ကြားထားသည်ကို ထိုမှတ်တမ်း၌ တွေ့ရှိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button