ကရင်အမျိုးသားအစည်းအရုံး KNU က အုပ်ချုပ်မည်ဟု ကြေညာထားသည့် ထိုင်းနယ်စပ်မြို့ မြဝတီကို ပြန်လည်ထိန်းချုပ်ပြီးနောက် တစ်လအတွင်း ထိုင်းနှင့် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်စတင်မည်ဟု စစ်ကောင်စီခန့် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီပွားရေးဝန်ကြီး စောခင်မောင်မြင့်က Myanmar Now ကို ပြောသည်။
စစ်ကောင်စီက အောင်ဇေယျစစ်ဆင်ရေးအမည်ဖြင့် မြဝတီမြို့ကို ထိုးစစ်ဆင်နေသည်၊ အနီးရှိ ကော့ကရိတ်မြို့ကိုလည်း ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကိုယ်တိုင် ကြီးကြပ်နေကြောင်း စောခင်မောင်မြင့်က ပြောသည်။
“မြဝတီမြို့ကို တပ်မတော်က အားလုံးစိုးမိုးနိုင်ပြီဆိုတဲ့အခါမှ ဖွင့်လို့ရမယ်။ ခုနကပြောတဲ့ (ကုန်တန်ချိန်) ကတ္တားတွေ၊ လုပ်ငန်းတွေ လုပ်ဖို့ကိုင်ဖို့အတွက် တည်ဆောက်ရေးကို လမ်းဦးစီးဌာနကနေ သွားပြီးတော့မှ လုပ်လို့ရမှာဆိုတော့ ရက်အတိအကျတော့ မပြောနိုင်သေးဘူး။ ထင်ပါတယ်၊ နယ်မြေအားလုံးစိုးမိုးနိုင်ရင် တစ်လအတွင်း အပြီးလုပ်လို့ရပါတယ်” ဟု သူက ဆိုသည်။
ယခုနှစ် ဧပြီလပထမပတ်မှစတင်၍ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့သော်လည်း တစ်ပတ်အကြာတွင် စစ်ကောင်စီက မြဝတီမြို့စောင့်တပ် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းစခန်းကို ပြန်သိမ်း၍ နယ်မြေစိုးမိုးမှုရရန် ထိုးစစ်ဆင်နေသည်။
မြို့စောင့်တပ်ကို ပြန်သိမ်းပြီးနောက် ဧပြီ ၂၇ တွင် မြန်မာနှင့် ထိုင်းနယ်စပ် လူအဝင်အထွက်ပြုလုပ်ရာ အမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ပေးလိုက်ပြီး ကုန်စည်ကူးသန်းရောင်းဝယ်သည့် အမှတ် (၂) တံတားကို ပြန်ဖွင့်နိုင်ရန် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်သည်။
အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယနေ့ (ဧပြီ ၃၀) တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကုန်တင်ယာဉ်များဖြတ်သန်းသွားလာ၍ရပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ တာ့က်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
အမှတ် (၁) တံတားပြန်ဖွင့်လိုက်ခြင်းကြောင့် တစ်ပိုင်တစ်နိုင် ကုန်စည်ကူးသန်းရောင်းဝယ်မှုများရှိနေပြီး မြဝတီမြို့ရှိ သိုလှောင်ရုံများတွင် တင်သွင်းထားသည့် လက်ကျန်ကုန်စည်များကိုလည်း ရန်ကုန်ဘက်သို့ တင်ပို့မှုရှိနေကြောင်း စောခင်မောင်မြင့်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် အာရှလမ်းမကြီးပေါ်တွင် တံတားတချို့ပျက်စီးခဲ့ကာ ယနေ့အချိန်ထိ ကုန်တင်ကားများ အသုံးပြုနိုင်ခြင်း မရှိသေးပေ။
ထိုလမ်းမကြီးသည် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်တို့ကို ချိတ်ဆက်ထားသည်။
ထို့ကြောင့် စစ်ရေးအတွက် ယာယီသုံးရန် ဖောက်လုပ်ထားသည့် တောင်ပတ်မြေသားလမ်းတစ်ခုဖြစ်သော ထို့ကော်ကိုး-ကျော်ခိုလမ်းမှ အတက်တစ်ရက်၊ အဆင်းတစ်ရက် သတ်မှတ်၍ ကုန်သွယ်နေပြီး လက်ရှိတွင် ကုန်တင်ကားများ တစ်စီးစ နှစ်စီးစ ပြန်သွားနိုင်ပြီဖြစ်ကြောင်း စောခင်မောင်မြင့်က ဆိုသည်။
“ကုန်သွယ်ရေးကတော့ လက်ရှိ နေ့တိုင်းပဲ ဆင်းနေပါတယ်။ တံတားမဖွင့်လည်း မြဝတီက ပစ္စည်းလက်ကျန်တွေနဲ့ နေ့တိုင်းပဲ ဆင်းတယ်။ ကားတွေကတော့ နည်းနည်း နည်းသွားတာတစ်ခုပါပဲ” ဟု သူက ပြောသည်။
“အခု အမှတ် ၁ တံတားပြန်ဖွင့်ပြီဆိုတော့ ဒီထက်ပိုပြီးတော့ ပြန်ပြီးတော့ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်လာမှာပေါ့”
မြဝတီကုန်သွယ်ရေးဇုန်တွင် အထိုင်မချနိုင်တော့သဖြင့် ဘားအံတွင် ကြားခံကုန်သွယ်ရေးစခန်းဖွင့်ကာ ကုန်တင်ယာဉ်များကို စစ်ဆေး၍ ကုန်သွယ်ခွင့်ပြုထားပြီး ကွန်တိန်နာနှင့် ကုန်ကားများသွားလာနိုင်သည့် အာရှလမ်းပြန်ဖွင့်နိုင်မှသာ ကုန်စည်စီးဆင်းမှု အားကောင်းလာမည်ဟု သိရသည်။
အမှတ် (၁) တံတားဖွင့်လှစ်ပြီးနောက် လူအဝင်အထွက် ပုံမှန်ရှိလာသလို အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို တစ်ပိုင်တစ်နိုင်သယ်ယူခွင့်ရှိလာကြောင်း အမည်မဖော်လိုသည့် မြဝတီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“အမှတ် ၁ တံတားက အခြေခံအသေးစားလောက်ပဲ သယ်လို့ရတယ်။ တချို့လည်း ကိုယ်ပိုင် သွားဝယ်တဲ့သူတွေရှိတယ်။ တချို့ကတော့ အငှားယာဉ်တွေနဲ့ အသီးအရွက်တို့၊ အသားငါးတို့လောက်ကတော့ ရတယ်” ဟု သူက ဆိုသည်။
မီဖိုချောင်သုံး ဂက်စ်အိုးများ၊ အိမ်ဆောက်ပစ္စည်းနှင့် ပို့ကုန်သွင်းကုန်ပစ္စည်းများကို အမှတ် ၂ တံတားမှ ခွင့်ပြုခြင်းဖြစ်၍ ကုန်သွယ်မှုအားမကောင်းနိုင်သေးကြောင်း သူက ဆိုသည်။ ထို့ပြင် ရန်ကုန်ဘက်မှ မြဝတီသို့ တင်ပို့သည့် စားသောက်ကုန်များမှာလည်း လမ်းခရီးအခက်အခဲကြောင့် ဈေးတက်နေကြောင်း သူက ဆိုသည်။
ခလရ ၂၇၅ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ အမှတ် ၂ တံတားအနီးသို့ ဆုတ်ခွာသွားချိန် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကတ္တားများ၊ ငွေကြေးကောက်ခံသည့် ကွန်ပျူတာစနစ်များပျက်စီးသွားကြောင်း၊ ကုန်သွယ်မှုပြန်စနိုင်ရန် ထိုစက်ပစ္စည်းများကို ပြန်လည်ဆင်နေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
လက်ရှိ မြဝတီမြို့ကို ကရင်နယ်ခြားစောင့်တပ် (BGF) မှ အမည်ပြောင်းထားသော ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) နှင့် စစ်ကောင်စီတပ်သားများက ပူးတွဲလုံခြုံရေးယူထားပြီး စစ်ဘေးရှောင်တချို့လည်း နေရပ်ပြန်လာကြသည်ဟု သူက ဆိုသည်။
သို့သော် တိုက်ပွဲပြန်ဖြစ်လာနိုင်သည်ကို စိုးရိမ်သဖြင့် အမှတ် ၂၇၅ တပ်ရင်း၊ စိမ်းလဲ့မြိုင်ကားကြီးဝင်း၊ သင်္ဃန်းညီနောင် အစရှိသည့်နေရာများအနီးမှ ဒေသခံတို့သည် နေအိမ်သို့ မပြန်သေးဘဲ မြဝတီမြို့ပေါ်ရှိ အငှားအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးများနေအိမ်တွင် နေထိုင်နေကြသည်ဟု သိရသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်သည့် နယ်စပ်စခန်းစုစုပေါင်း ၁၇ ခုခန့် ရှိသည့်အနက် တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ထိုင်းနယ်စပ်မှ မြဝတီ၊ မယ်စဲ့နှင့် အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်စခန်း စသည့် စခန်း ၆ ခုကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ထားသည်။ ယခုအခါ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့သည်။
မြန်မာ-ထိုင်းကုန်သွယ်ရေးတွင် အရေးပါသည့် မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ တိုက်ပွဲများကြောင့် ရပ်ဆိုင်းသွားသဖြင့် စစ်ကောင်စီက ရနောင်း-ကော့သောင်း-ရန်ကုန် ရေလမ်းကြောင်းကို အစားထိုး အသုံးပြုရန် စီစဉ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က မဲစာရင်းမှားယွင်းမှု အကြောင်းပြပြီး အာဏာသိမ်းကာ ဆန္ဒပြသူများကို ပစ်သတ်ရာမှ ခုခံလိုသူများက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သွားရောက် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြသည်။