ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ နှင့်မဟာမိတ်တပ်များစိုးမိုးထားသည့်ရွာများကို စစ်တပ်က တကျော့ပြန်ထိုးစစ်ဆင်လာသည့်အတွက် ပြီးခဲ့သည့်သီတင်းပတ်မှစတင်၍ တိုက်ပွဲများပိုမိုပြင်းထန်လာပြီး စစ်ရေးအရှိန်မြင့်လာကြောင်း ထိုင်း – မြန်မာနယ်စပ်အခြေစိုက် သတင်းရင်းမြစ်များက ပြောသည်။
တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့်နေရာမှာ မြဝတီမြို့တောင်ဘက် ရှစ်မိုင်အကွာ ထိုင်း- မြန်မာနယ်စပ်မျဉ်း သောင်ရင်းမြစ်၏ အနောက်ဘက်ကမ်းရှိ မင်းလက်ပံရွာ ဝန်းကျင်ဖြစ်ကြောင်း ထိုင်းဘက်ခြမ်း သတင်းရင်းမြစ်အချို့က ပြောသည်။
တိုက်ပွဲသည် ဇွန်လတတိယပတ်ကတည်းက စတင်နေသော်လည်း ယခုလ ၇ ရက် ညဝန်းကျင်မှ စတင်၍ နောက်တစ်နေ့အထိ ပိုမိုပြင်းထန်လာကြောင်း မင်းလက်ပံ၏အရှေ့ဘက် သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မယ့်ကိုးကင်းရွာခံတစ်ဦးက Myanmar Now ကိုပြောသည်။
“လက်နက်ကြီးသံရော၊ ပွိုင့်ဖွိုက်၊ စက်လက်၊ ဒရုန်းသံ၊ လက်နက်ငယ်အသံ အသံမျိုးစုံပဲ။ စစ်တပ်က လက်ရှိကတော့ မင်းလက်ပံထိပ် ဘုန်းကြီးကျောင်းဘက်ကနေဝင်တယ်။ လေးကေကော်ဘက်ကနေဝင်တယ်။ မယ်ဝါးခီး ၊ ဖလူးလေးဘက် ပတ်ချာလည် သုံး၊ လေးနေရာကဝင်နေတာ” ဟု ၎င်းက ပြောသည်။
စစ်တပ်၏ ထိုးစစ်တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ကြားသိရကြောင်း မယ့်ကိုးကင်းရွာ ဒေသခံကဆိုသည်။ တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် မဲဆောက်မြို့အခြေစိုက် သတင်းရင်းမြစ်တစ်ဦးကလည်း စစ်တပ်၏ ထိုးစစ်တွင် DKBA တပ်ဖွဲ့မှ ခွဲထွက်၍ စစ်တပ်နှင့် ပူးပေါင်းသည့် ဗိုလ်ဘိဦးဆောင်သော တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း မြဝတီမြို့နယ်ရှိ KNU/KNLA တပ်ဖွဲ့ဝင်အချို့ပြောကြားချက်ကို အခြေခံ၍ ဆိုသည်။
စစ်တပ်သည် KNLA တပ်မဟာ ၆ ဦးဆောင်သည့် တော်လှန်ရေးတပ်များ၏ ခံစစ်ကို ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေသဖြင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း မယ့်ကိုးကင်းရွာဒေသခံက ဆိုသည်။
“(စစ်တပ်ဘက်က) အင်အား ၁၀၀၀ လောက် (ရှိတယ်) လို့ပြောကြတယ်။ အခုက စစ်တပ်ဘက်ကတော့ တက်လာ ကြည့်တာပေါ့။ သုံးနေရာ၊ လေးနေရာလောက်ဖောက်ကြည့်နေတာပဲ။ တက်ခါစတော့ သူတို့လုပ်ကြည့်တယ်။ မရရင်တော့ ဆုတ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘက်က တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်တွင် ရွာသူကြီးများက သောင်းရင်းမြစ်အနီး နေထိုင်သူများကို နေရာရွှေ့ပြောင်းကြရန် အသံချဲ့စက်မှတဆင့် နှိုးဆော်နေကြောင်း၊ ထိုင်းဘုရင့်ကြည်းတပ်က လည်း နယ်စပ်တစ်လျှောက် ကင်းလှည့်နေကြောင်း အဆိုပါ မယ့်ကိုးကင်းရွာဒေသခံကပြောသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ Myanmar Now က Signal မှတဆင့် စာပို့မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ အကြောင်းမပြန်ပေ။
အလားတူ စစ်အစိုးရ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညီညီဇော်အပါအဝင် စစ်တပ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးမျိုးအောင်ထံ Myanmar Now က ဖုန်းသုံးကြိမ်စီခေါ်ခဲ့သော်လည်း ဖုန်းမကိုင်ပါ။
KNU/KNLA နှင့်နီးစပ်သည့် မဲဆောက်မြို့နေ မြန်မာတစ်ဦးကလည်း စစ်တပ်သည် မြဝတီမြို့တောင်ဘက်ရှိ ဝေါ်လေမြို့အနီး ဝေါ်လေဗျူဟာကုန်းတွင် တော်လှန်ရေးတပ်များ၏ အဝိုင်းခံရသော စစ်တပ်တပ်ဖွဲ့ဝင်များထံ စစ်ကူပို့နိုင်ရန်အပါအဝင် မြဝတီ- ဝေါ်လေကားလမ်းကို ပြန်လည်စိုးမိုးနိုင်ရန် စစ်ကြောင်းထိုးနေခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။
ဝေါ်လေမြို့သည် မြဝတီမြို့တောင်ဘက် မျဉ်းဖြောင့်တိုင်းလျှင် မိုင် ၃၀ အကွာတွင် ရှိပြီး လက်ရှိတိုက်ပွဲဖြစ်နေသည့် မင်းလက်ပံရွာ၏ တောင်ဘက် ၂၁ မိုင်ကျော်အကွာတွင်ရှိသည်။

မင်းလက်ပံရွာနှင့် ဝေါ်လေကြားတွင် DKBA နှင့် KNU/KNLA ထိန်းချုပ်ထားသည့် ရွာပေါင်း ၁၁ ရွာထက်မနည်းရှိပြီး ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်သည်ဟု ယူဆရသည့်နေရာများလည်းရှိသည်။ DKBA အင်အားကောင်းပြီး ဌာနချုပ်ဟုဆိုနိုင်သည့် ဆုံဆည်းမြိုင်နှင့် ကျောက်ခက်သည်လည်း မင်းလက်ပံရွာနှင့် ဝေါ်လေမြို့ကြားတွင် ရှိသည်။
ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကလည်း မြဝတီမြို့နယ်အတွင်း အဓိကအားဖြင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ထိန်းချုပ်ထားသည့် စခန်းကြီးလေးခုရှိ ကျားဖြန့်စခန်းများတွင် နိုင်ငံခြားသား ၅,၃၀၀ ကျော် ပိတ်မိနေဆဲ ဖြစ်ပြီး အရေးပေါ် ကယ်တင်ပေးရန် ဇွန်လ ၂၂ ရက်တွင် ထိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြားထားသည်။
မင်းလက်ပံရွာတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်နေသော်လည်း စစ်တပ်ထိန်းချုပ်ခံ မြဝတီမြို့ပေါ်တွင် ယာဉ်အသွားအလာများ ပုံမှန်အတိုင်းရှိနေပြီး ဆေးရုံ၊ စာသင်ကျောင်းများနှင့် အုပ်ချုပ်ရေးယန္တရားများ ပုံမှန်အတိုင်းရှိနေကြောင်း မြဝတီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“အာရှလမ်းသစ်လည်း ပြန်ဖွင့်နေပြီ။ မြဝတီကလည်း ပုံမှန်အတိုင်းပါပဲ။ မြို့ထဲက ရဲစခန်းတို့၊ ဘောလုံးကွင်းတို့မှာတော့ ရွှေကုက္ကိုလ်ဘက်က တရုတ်လူမျိုးတွေ ရှိနေတယ်။ ထိုင်းဘက်က ပြန်လက်မခံသေးတော့ သူတို့လည်း ပြန်မရသေးတာထင်တယ်” ဟု ၎င်းကပြောသည်။
မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့သစ်တွင်မူ အဝင်အထွက်ကို ယခင် ကရင်နယ်ခြားစောင့်တပ် အမည်ပြောင်း ကရင်အမျိုးသားတပ် (KNA) က တင်းကျပ်ထားပြီး မြို့တွင်းဝင်လာသည့် အရပ်သားယာဉ်မှန်သမျှကို စစ်ဆေးနေကြောင်း အထက်ပါမြဝတီမြို့ခံ အမျိုးသားကဆိုသည်။
မင်းလက်ပံရွာဝန်းကျင်တွင် DKBA ထိန်းချုပ် Shunda Park အမည်ရ အွန်လိုင်းငွေကြေးလိမ်လည် ကျားဖြန့်စင်တာကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်းပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ် KNLA တပ်ဖွဲ့ဝင်များ က ဝင်ရောက်စီနင်းခဲ့သည်။
ထိုစဉ်က မင်းလက်ပံရွာဝန်းကျင်တွင် စစ်တပ်၏ ထိုးစစ်အတွင်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျားဖြန့်စင်တာအတွင်း ပိတ်မိနေသူများကို ကယ်ထုတ်နေသော KNLA ဦးဆောင်သည့် တပ်ဖွဲ့ဝင်များအတွက် အခက်အခဲများကြုံရကြောင်း KNU ဗဟိုက ထုတ်ပြန်ခဲ့ဖူးသည်။
ယင်းနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သမ္မတ ဦးမင်းအောင်လှိုင်ဟူ၍ ဖြစ်လာခဲ့သည့် ပြီးခဲ့သည့်ဧပြီလမှစတင်၍ မင်းလက်ပံဝန်းကျင်တွင် တိုက်ပွဲများ ငြိမ်သက်ခဲ့ပြီး ဇွန်လအကုန်တွင် စစ်တပ်ဘက်က စစ်ကြောင်းပြန်ထိုးလာသဖြင့် တကျော့ပြန် တိုက်ပွဲဖြစ်လာသည်။



