သတင်း

မြဝတီကို ဆုံးရှုံးထားရစဉ် ထိုင်းနှင့်ကုန်သွယ်ရန် ကော့သောင်းလမ်းကို သုံးမည်

ကော့သောင်း-ရန်ကုန် ရေလမ်းကို အားပြုမည့်အစီအစဉ်သည် နယ်စပ်ကုန်သွယ်မှု ဒုက္ခတွေ့နေရသည့် ကာလတွင် စစ်ကောင်စီအတွက် အသက်ရှူချောင်စေမည် ဖြစ်သည်။

မြန်မာ-ထိုင်းကုန်သွယ်ရေးတွင် အရေးပါသည့် မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ တိုက်ပွဲများကြောင့် ရပ်ဆိုင်းသွားသဖြင့် စစ်ကောင်စီက ရနောင်း-ကော့သောင်း-ရန်ကုန် ရေလမ်းကြောင်းကို အစားထိုးအသုံးပြုရန် စီစဉ်နေကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီရှိ စစ်စခန်းများကို ယခုလ (ဧပြီ) လဆန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်ကလည်း နယ်မြေစိုးမိုးမှု ပြန်ရရန် တန်ပြန်ထိုးစစ်ဆင်နေရာ ထိုဒေသ၏ ကုန်သွယ်မှုများရပ်ဆိုင်းသွားခဲ့သည်။

ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းသစ်တစ်ခုအဖြစ် ထိုင်းနယ်စပ်ရှိ ကမ်းရိုးတန်းဆိပ်ကမ်းများမှ ရန်ကုန်မြို့အထိ ကွန်တိန်နာသင်္ဘောများဖြင့် ကုန်သွယ်နိုင်ရန် စီစဉ်နေသည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

“နယ်စပ်ကုန်သွယ်မှုတွင် အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နေရသည့် အခြေအနေကို ကျော်လွှားရန်” ရည်ရွယ်ကြောင်း နယ်စပ်ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းသစ်များနှင့်ပတ်သက်သည့် ၁၅ မျက်နှာရှိသော အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်း၊ ကော့သောင်းတွင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည်၊ ကော့သောင်းသည် ထိုင်းနိုင်ငံ ရနောင်းမြို့နှင့် ပါချန်မြစ်သာ ခြားကာ ရန်ကုန်မြို့အထိ ကွန်တိန်နာသင်္ဘောများဖြင့် သွားနိုင်မည်ဖြစ်သည်။

ပို့ကုန်သွင်းကုန်ကုမ္ပဏီများသည် ရနောင်းဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနှင့် အခြားတတိယနိုင်ငံများအထိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ၏ ကြီးကြပ်မှုဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်မည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအစီအစဉ်နှင့်ပတ်သက်၍ ပိုမို သိရှိဖော်ပြနိုင်ရန် စီးပွားကူးဝန်ကြီးဌာန၏ ကုန်သွယ်ရေးဦးစီးဌာနကို Myanmar Now က ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

တိုက်ပွဲများကြောင့် မြဝတီနယ်စပ်လမ်းကြောင်း ရပ်ဆိုင်းသွားချိန် ကော့သောင်း- ရန်ကုန်ပြေးဆွဲသည့် ကုန်တင်သင်္ဘောကို မြဝတီနယ်စပ်ကုန်သည်များ စုံစမ်းမေးမြန်းမှု များပြားလာကြောင်း တနင်္သာရီတိုင်းမှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

“မြဝတီကနေ Export, Import (ပို့ကုန်၊ သွင်းကုန်) လုပ်လို့မရတဲ့ဟာကို ရနောင်းဘက်ကနေ ရန်ကုန်ကို ကုန်သွယ်ကြတာပေါ့ဗျာ။ ရန်ကုန်ကနေ ကျွန်တော်သိသလောက်ဆိုလို့ရှိရင် ပြောင်းတို့ဘာတို့ တင်ပို့တာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယခင်ကတည်းက ရန်ကုန်-ကော့သောင်း ကုန်းလမ်းကြောင်းသည် လမ်းခရီးပိုရှည်ခြင်း၊ ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် ရေလမ်းကြောင်းမှ အဓိကသယ်ယူကြကြောင်း၊ စစ်ကောင်စီ၏ အစီအစဉ်သစ် အလုပ်ဖြစ်နိုင်သော်လည်း ရနောင်းဆိပ်ကမ်းတွင် တန် ၂၇၀၀ သင်္ဘောများသာ ဆိုက်ကပ်နိုင်၍ အကန့်အသတ်ရှိနိုင်ကြောင်း သူက ဆိုသည်။

ကုန်သွယ်ရေးလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့်မတူဘဲ အချိန်တိုအတွင်း ပြောင်းလဲနိုင်၍ လမ်းကြောင်းတစ်ခု ပိတ်ပါက အခြားလမ်းကြောင်းကို ပြောင်းနိုင်သည်ဟု ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ထိပ်သီးကုန်သည်ကြီးတစ်ဦးက ထောက်ပြသည်။

“နယ်စပ်လမ်းကြောင်းတွေပိတ်သွားတာက အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေ ပိုထိခိုက်တာပေါ့။ လုပ်ငန်းအကြီးကြီးလုပ်တဲ့သူတွေကတော့ ဒီနယ်စပ်ပေါက်မှာ မချောင်ဘူးဆိုရင် ချောင်တဲ့နယ်စပ်ပေါက်မှာ လုပ်မှာပဲလေ” ဟု သူက ဆိုသည်။

မြန်မာနှင့် ထိုင်းနယ်စပ်တွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်နှင့် မယ်စဲ့ဟူ၍ နယ်စပ်ကုန်သွယ်ရေးစခန်း ၇ ခုရှိသည်။

မြန်မာ-ထိုင်းနယ်စပ် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်လမ်းကြောင်းများပြတ်တောက်နေရာ တာချီလိတ်နှင့် ကော့သောင်းဂိတ်နှစ်ခုတွင် ကုန်သွယ်နိုင်သည့် အခွင့်အလမ်းရှိသော်လည်း ရှမ်းအရှေ့ဘက် တာချီလိတ်ဂိတ်မှာ ပြည်မနှင့် ချိတ်ဆက်ရန် လမ်းကြောင်းရှည်လျားကြောင်း သိရသည်။

ကော့သောင်းလမ်းကြောင်းသည် ရေလမ်းမှ ချိတ်ဆက်နိုင်သည့်အပြင် စစ်ကောင်စီအတွက် အခြားအားသာချက်တစ်ခုမှာ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို တော်လှန်ရေးအဖွဲ့များ ဟန့်တားနိုင်မှု မရှိသေးခြင်းပင် ဖြစ်သည်။

ထို့ပြင် ကော့သောင်းနယ်စပ်မှ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရေထွက်ကုန်တင်ပို့နေပြီး ထိုင်းမှ သွင်းကုန်များတင်သွင်းလျက်ရှိရာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော်ရှိသည်ဟု စီးပွားကူးသန်းဌာနထံမှ သိရသည်။

မြန်မာအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်သည့် နယ်စပ်စခန်းစုစုပေါင်း ၁၇ ခုခန့် ရှိသည့်အနက် တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ထိုင်းနယ်စပ်မှ မြဝတီ၊ မယ်စဲ့နှင့် အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်စခန်း စသည့် စခန်း ၆ ခုကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ထားသည်။

နယ်စပ်ကုန်သွယ်မှုပြတ်တောက်သွားသဖြင့် ရန်ကုန်ဆိပ်ကမ်းအခြေပြုကုန်သွယ်မှုကို အားပြုလာကြကြောင်း၊ မန္တလေးနှင့် မူဆယ်မြို့မှ ကုန်သည်များသည် ရန်ကုန်၌ အခြေချ၍ ဝယ်လက်များနှင့် ချိတ်ဆက်နေကြောင်း ကုန်သည်များထံမှ သိရသည်။

စစ်ကောင်စီအတွက် အခွန်နှင့် နိုင်ငံခြားဝင်ငွေ ထိခိုက်နိုင်သလို သွင်းကုန်များပြတ်တောက်နိုင်ကြောင်း၊ အခြားတစ်ဖက်တွင် ကုန်သွယ်ဖက်နိုင်ငံများ ထိခိုက်မှုကြီးမားစေကြောင်း ကုန်သည်များက ဆိုသည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် နယ်စပ်ဂိတ်များစွန့်လွှတ်နေရချိန်တွင် ရန်ကုန်ဆိပ်ကမ်းများမှ ကုန်တင်သင်္ဘောကြီးများဖြင့် ပို့ကုန်များတိုးမြှင့်လျက်ရှိသည်ဟု စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ဝက်ဆိုက်တွင် ဝေဝေဆာဆာဖော်ပြနေသည်။

Show More

Related Articles

Back to top button