အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယုံကြည်၊ အားကိုးရဆုံးဟုဆိုကာ တရုတ်စီမံကိန်းများကို စောင့်ရှောက်ပေးရန် စစ်ခေါင်းဆောင်ကို တရုတ်သမ္မတပြော

ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတ၏ တရုတ်ပြည်ခရီးစဉ်အတွင်း မြန်မာနိုင်ငံသည် ယုံကြည်ရဆုံးနှင့် အားကိုးရဆုံး နိုင်ငံဟုပြောဆိုခဲ့ပြီး တရုတ်စီမံကိန်းကြီးများအတွက် လုံခြုံရေးအာမခံချက် ပေးရန် တရုတ်သမ္မတက တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများကို လုံခြုံရေးအာမခံချက်ပေးရန် ကိုယ့်ကိုယ့်ကိုယ်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုလိုက်သည်။

ဦးမင်းအောင်လှိုင်ကလည်း တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်နိုင်ရေး ကူညီပေးရန် တရုတ်သမ္မတကို တောင်းဆိုခဲ့သည်။

ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့သွားရောက်စဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အထက်ပါ အကြောင်းအရာများ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အယုံကြည်ရဆုံးမိတ်ဆွေ၊ အားအကိုးရဆုံး လက်တွဲဖက်ဟု ရှီကျင့်ဖျင်က ဦးမင်းလှိုင်အောင်နှင့် ဇွန်လ ၁၆ ရက် တွေ့ဆုံစဉ် ရည်ညွှန်းပြောဆိုခဲ့ပြီး တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းသည် အထင်ကရစီမံကိန်းကြီးများဖြစ်ပြီး လုံခြုံရေးအာမခံချက်ပေးရန် တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ဦးစီးဆောင်ရွက်နေသည့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative- BRI) တွင် ဒေသတွင်း တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းကို ရှီကျင့်ဖျင်က ရည်ညွှန်းပြောသွား  ခြင်းဖြစ်သည်။

ထိုစီမံကိန်းတွင် တရုတ်ပြည် ကူမင်းမြို့မှ မြန်မာနိုင်ငံ မူဆယ်- မန္တလေး- ကျောက်ဖြူအထိ ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်း၊ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတည်ဆောက်ခြင်း အပါအဝင် အထူးစီးပွားရေးဇုန်များ တည်ဆောက်မည့် စီမံကိန်းများ ပါဝင်သည်။

အဆိုပါ စီမံကိန်းများအတွက် လုံခြုံရေးပေးရန် တရုတ်သမ္မတက ပြောဆိုခဲ့ရာ ဦးမင်းအောင်လှိုင် က တိကျသည့် ကတိကဝတ်မပေးဘဲ “တရုတ်- မြန်မာစီးပွားရေးစင်္ကြံ အောင်မြင်စွာ အပြည့်အဝဆောင်ရွက်နိုင်ရန် နယ်စပ်ဒေသတည်ငြိမ်ရေး မဖြစ်မနေဆောင်ရွက် သွားရန်လိုသည်” ဟု စစ်အုပ်စုထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့သည် အပြန်အလှန်ကူညီ ပံ့ပိုးရပ်တည်ပေးသည့် နိုင်ငံများဖြစ်သည်၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ရေရှည်အတ္တကင်းစွာ ကူညီခဲ့သည်ဟု ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတက ပြန်လည်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတနှင့်အတူ ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတကို တွေ့ရစဉ်။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် ပြန်ကြားရေးဝန်ကြီးဌာန)

တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်နိုင်ရေး ကူညီပေးရန် ဦးမင်းအောင်လှိုင်က တရုတ်သမ္မတကို တောင်းဆိုခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရာတွင် နယ်စပ်ဂိတ်များသည် အထူးအရေးကြီးပြီး နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်နိုင်ရန် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရန် ပူးပေါင်းဆောင်ရွက်လိုသည်ဟု ဆိုသည်။

တရုတ်- မြန်မာနယ်စပ်တွင် အရေးပါသည့် ကုန်သွယ်ရေးဂိတ်များတွင် တရုတ်နိုင်ငံ ရွှေလီမြို့ နှင့် မျက်နှာချင်းဆိုင် ရှမ်းပြည်နယ် မူဆယ်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်၊ တရုတ်နိုင်ငံ လင်ချန်းမြို့နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်၊ တရုတ်နိုင်ငံ တိန်ချုန်းမြို့နှင့် ထိစပ်နေသည့် ချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးဂိတ်၊ တရုတ်နိုင်ငံ လုံချန်းမြို့နှင့် ထိစပ်နေသည့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်တို့ ပါဝင်သည်။

ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း တရုတ်သမ္မတနှင့် နားလည်မှု စာချွန်လွှာ ၁၈ ခုကို လက်မှတ်ထိုးခဲ့သည်။ ထိုစာချွန်လွှာများတွင် မြန်မာနိုင်ငံကို ငွေအလုံးအရင်းနှင့် တိကျသည့် အကူအညီပေးမှုများ မပါဝင်ပေ၊ ထိုစာချွန်လွှာများမှာ အောက်ပါအတိုင်းဖြစ်သည်။

စဉ်လက်မှတ်ထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ
မြန်မာနှင့် တရုတ် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (Global Security Initiative – GSI) ပူးတွဲမြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ
မြန်မာ – တရုတ် နှစ်နိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (Global Civilization Initiative – GCI) ပူးတွဲမြှင့်တင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် ဦးဆောင်ဦးရွက်ပြုမှု (Global Development Initiative – GDI) အကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာ
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (၂၀၂၆) အတွက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
အောင်ဆန်း အားကစားကွင်းသစ် ပြန်လည်တည်ဆောက်ခြင်း စီမံကိန်းအတွက် အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်တိုင်းရင်းဆေးဘက်ဝင် အပင်များ တင်ပို့ခြင်းဆိုင်ရာအပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့ရာတွင် အပင်ကျန်းမာရေး လိုအပ်ချက်သဘောတူစာချုပ်
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ကုန်နှင့် တိရစ္ဆာန်များတင်ပို့ရာတွင် သန့်ရှင်းမှု လိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်
မဲခေါင်ဒေသ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လွယ်ကူရန် အကောင်အထည်ဖော်မည့်နားလည်မှုစာချွန်လွှာ၊
၁၀ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာ
၁၁သိပ္ပံနှင့်နည်းပညာ၊  ဖလှယ်ရေးအစီအစဉ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ
၁၂မီဒီယာနှင့် တတ်သိပညာရှင်ဖိုရမ်အတွက် ယန္တရားလည်ပတ်ရန် နားလည်မှုစာချွန်လွှာ
၁၃ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်မြင်သံကြားနှင့် အွန်လိုင်း ဝန်ဆောင်မှုများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ
၁၄ဉာဏပစ္စည်း မူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
၁၆လွတ်လပ်သည့် ကုန်သွယ်မှုအတွက် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရန် အထောက်အကူပြုမည့်နားလည်မှုစာချွန်လွှာ
၁၇မြေငလျင်ဘေး အရေးပေါ်လူသားချင်းစာနာထောက်ထားမှု နည်းပညာအကူအညီ လွှဲပြောင်းပေးအပ်ခြင်းနှင့် လက်ခံရေးဆိုင်ရာ စာလွှာ
၁၈မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာနှင့် အသိပညာဖလှယ်ရန် နားလည်မှုစာချွန်လွှာ

စစ်အုပ်စု ထိန်းချုပ်ထားသည့် သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ အထက်ပါ စာချွန်လွှာများကို အများဆုံး လက်မှတ်ထိုးခဲ့သူမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ ကံဇော်ဖြစ်သည်ကို တွေ့ရသည်။

ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတ၏ တရုတ်ပြည်ခရီးစဉ်တွင် သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၊ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးတို့ လိုက်ပါသွားကြသည်။

 ဦးမင်းအောင်လှိုင်သည် ယခုလ ပထမပတ်အတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်တွင် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်(စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး)၊ ဒေါက်တာချာလီသန်း၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးတို့ လိုက်ပါသွားခဲ့သည်ကို တွေ့ရသည်။ 

 ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း ပေါ်ထွက်လာသည့် ဓာတ်ပုံများတွင် မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးများအနက် တစ်ဦးဖြစ်သည့် ကမ္ဘောဇအုပ်စုတည်ထောင်သူ ဦးအောင်ကိုဝင်းကိုလည်း တွေ့မြင်ရသည်။

မွမ်ဘိုင်းမြို့တွင် ဇွန်လ ၃ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ- အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar- India Business Dialogue)သို့ ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတ၊ ဦးအောင်ကိုဝင်း၊ ဧရာဟင်္သာလုပ်ငန်းစု တည်ထောင်သူ ဦးဇော်ဝင်းရှိန်နှင့် 24 Hour Group တည်ထောင်သူ ဦးအောင်အောင်ဇော်လတ် အပါအဝင် အခြားထင်ရှားသည့် ခရိုနီကြီးများလည်း တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း စိုက်ပျိုးရေး၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်များ၊ ရော်ဘာနှင့် အခြားကုန်ကြမ်းများ အိန္ဒိယသို့တင်ပို့နိုင်ရန်နှင့် သတင်းအချက်အလက်နည်းပညာနှင့် ဒီဂျစ်တယ်အခြေခံအဆောက်အဦ ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီ ကို တောင်းဆိုခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button