အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်သည့် နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသားတပ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက် တပ်များက ထိန်းချုပ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်က တစတစ ပြန်လည်ထိန်းချုပ်လာနိုင်သော်လည်း ကုန်သွယ်ရေးစခန်းထက်ဝက်ကျော်ကို လက်လွှတ်ထားရဆဲဖြစ်သည်။
စစ်တပ်ထိန်းချုပ် စီးပွားကူးသန်းဌာနက ထုတ်ပြန်ထားသော စာရင်းများအရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့သော်လည်း ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၇ ဘီလီယံထိကျဆင်းသွားခဲ့သည်။
သို့ရာတွင် ၂၀၂၄ ခုနှစ် ဇွန်လမှစ၍ ကုန်သွယ်မှုကိန်းဂဏန်းများကို ထိုဌာနမှ ထုတ်ပြန်ခြင်းမရှိတော့ပေ။
အာဏာသိမ်းစစ်တပ်သည် ဆုံးရှုံးထားသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ပြန်လည် ထိန်းချုပ်နိုင်ရန် ဆက်တိုက်ကြိုးစားလာနေသည်။
အမေရိကန်ဒေါ်လာ ဘီလီယံချီကုန်သွယ်နေသည့် ကရင်ပြည်နယ် မြဝတီနယ်စပ်မှ မြန်မာပြည်မကို ဆက်သွယ်သည့် အာရှလမ်းပိုင်းတို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်၍ ယခုနှစ် မေလကုန်ပိုင်းတွင် ထိုင်းနှင့် နယ်စပ်ကုန်သွယ်မှုကို ပြန်လည်စတင်နိုင်ခဲ့သည်။ သို့သော် ယခင်ကာလကဲ့သို့ ကုန်စည် စီးဆင်းမှုမရှိသေးသလို လိုင်စင်မဲ့ ကုန်အစစ်အဆေး အဖမ်းအဆီးများ ရှိနေသည်။
လက်ရှိတွင် နိုင်ငံ၏ အနောက်မြောက်ဘက်ရှိ အိန္ဒိယနှင့်ကုန်သွယ်နေသည့် တမူးနယ်စပ်ဂိတ်နှင့် ကလေး- တမူးလမ်းကို ထိန်းချုပ်ရန် စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေပြီး ထိုမှတဆင့် စစ်ကိုင်းတိုင်း မြို့တော် မုံရွာသို့ ဆက်သွယ်ထားသော ကလေးဝ-ယာကြီး-မုံရွာလမ်းကိုလည်းထိန်းချုပ်ကာ ကုန်သွယ်မှုပြန်စရန် မျှော်မှန်းထားသည်။
ထိုကဲ့သို့ အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ကုန်သွယ်ရေးလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်၍ နယ်စပ်ကုန်သွယ်ရေးပြန်စရန် စစ်တပ်က အပြင်းအထန်ကြိုးစားနေသော်လည်း နိုင်ငံအနှံ့အပြားရှိ ကုန်သွယ်ရေးစခန်း ၁၉ ခုအနက် ၁၀ ခုကို တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်ထားဆဲဖြစ်သည်။
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အပါအဝင် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယအစိုးရတို့က နယ်စပ်ကုန်သွယ်ရေးများကို ပြန်ဖွင့်လှစ်ချင်သော်လည်း ကုန်သွယ်ရေးဂိတ်များကို အပြည့်အဝမထိန်းချုပ်နိုင်ခြင်း၊ မြန်မာဘက်မှ သွင်းကုန်ကန့်သတ်ပိတ်ဆို့ခြင်းတို့ကြောင့် ယခင်အခြေအနေကဲ့သို့ ကုန်သွယ်လာနိုင်မည့် အခြေအနေမရှိသေးကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် နယ်စပ်ကုန်သည် သုံးဦးထက်မနည်းက သုံးသပ်ကြသည်။

အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်စပ်များတစ်လျှောက် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၉ ခုရှိသည်။
ထိုစခန်းများအနက် ရှမ်းမြောက်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်တို့ကို ကိုးကန့်တပ် (MNDAA)၊ ရှမ်းအရှေ့ရှိ မိုင်းလားနယ်စပ်ကုန်သွယ်ရေးစခန်းကို မိုင်းလားအဖွဲ့ (NDAA)၊ ကချင်ပြည်နယ်ရှိ လွယ်ဂျယ်နှင့် ကန်ပိုက်တည် ကုန်သွယ်ရေးဇုန်တို့ကို ကချင်လွတ်လပ်ရေးတပ် (KIA) တို့က ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အသီးသီး ထိန်းချုပ်ထားသည်။
ခြွင်းချက်ရှိသည်မှာ နယ်စပ်မျဉ်းတစ်လျှောက်တွင် လူအဝင်အထွက်ပြုလုပ်နိုင်ရန် ဖွင့်ထားသော နယ်စပ်ဝင်/ထွက်ပေါက် ဂိတ်များရှိသည်။ တရုတ်နယ်စပ်ရှိ မူဆယ်မြို့နှင့် ထိုမြို့ပေါ်ရှိ နယ်စပ်ပေါက်များကို စစ်တပ်က ထိန်းချုပ်ထားသည်။
မိုင်ပေါင်း ၁,၅၀၀ ကျော်ရှည်လျားသည့် ထိုင်းနယ်စပ်တွင် ကုန်သွယ်ရေးစခန်း ကိုးခုအနက် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ မောတောင်နှင့် လျာထားဆဲ ပုံပါကျင် နယ်စပ်စခန်းများကို စစ်တပ်က ထိန်းချုပ်ထားသည်။
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဂိတ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဂိတ်ကို ဒီမိုကရက်တစ် အကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကယား(ကရင်နီ) ပြည်နယ်ရှိ မယ်စဲ့ဂိတ်ကို ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF- ကလလတ) တို့က အသီးသီး ထိန်းချုပ်ထားသည်။
အိန္ဒိယနယ်စပ်တွင် စစ်ကိုင်းတိုင်း တမူးနှင့် ချင်းပြည်နယ် ထန်တလန်မြို့တို့ကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီး ချင်းပြည်နယ် ဖလမ်းခရိင်ရှိ ရိဒ်ခေါဒါရ်နယ်စပ်သည် ချင်းအမျိုးသားတပ်မတော် (CNF/ CNA) လက်အောက်တွင်ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရခိုင်မြောက်ပိုင်း မောင်တောနယ်စပ်စခန်းကို အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားပြီး ပြည်နယ်မြို့တော် စစ်တွေမြို့ပေါ်တွင် အထိုင်ဖွင့်လှစ်ထားသော နယ်စပ်စခန်းကိုမူ စစ်တပ်က ထိန်းချုပ်ထားသည်။
မေလကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့သော မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်၌ တိုက်ပွဲများပြန်လည်ဖြစ်ပွားခြင်း မရှိသေးသော်လည်း တော်လှန်ရေးအင်အားစုများ၏ ပြန်လည်စုဖွဲ့ ထိုးစစ်ဆင်မှုအခြေအနေများရှိနိုင်ကြောင်း မြဝတီမြို့အခြေစိုက် အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ပြောသည်။
“အရင်ကဆိုရင် အာရှလမ်းဆို ခဏနေ မီးရှို့ခံထိပြီ၊ ခဏနေ Drop ဗုံး (ဒရုန်းဗုံး) လာချပြီ၊ ခဏနေဘာဖြစ်ပြီဆိုတဲ့ သတင်းတွေကြားရတယ်။ အခုလက်ရှိကာလထိ ဘာမှကို မကြားရသေးဘူးဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့(စစ်တပ်) ထိန်းနိုင်တဲ့အနေအထားတော့ ရှိတယ်။” ဟု သူက ဆိုသည်။
သို့ရာတွင် စစ်အုပ်စု၏ သွင်းကုန်ပိတ်ဆို့ရေးမူဝါဒသည် ကြီးမားသည့်အခက်အခဲတစ်ခုဖြစ်နေပြီး မျှော်မှန်းထားသကဲ့သို့ ကုန်သွယ်မှုများတိုးတက်လာခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။
စစ်အုပ်စုကမူ ကုန်သွယ်ရေးလိုင်စင်များချပေးနေပြီး ပို့ကုန်အနေဖြင့် ပြောင်း၊ ထောပတ်သီး၊ ကွမ်းသီး၊ နနွင်းတက်နှင့် ကြက်သွန်နီများတင်ပို့လျက်ရှိကာ သွင်းကုန်အနေဖြင့် စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုကုန်ကြမ်းတင်သွင်းရန် ထိုင်းဘတ် သန်း ၆၂၀ တန်ဖိုးရှိ သွင်းကုန်လိုင်စင်များ ချထားပေးခဲ့ကြောင်း ဇွန်လဆန်းတွင် ထုတ်ပြန်ထားသည်။

အိန္ဒိယနယ်စပ်တွင်လည်း အလားတူစိန်ခေါ်မှုများရှိနေသည်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းရှိ မြို့နယ်ခွဲအဆင့်ရှိသော ခါမ်းပါတ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အမျိုးသားညီညွတ်ရေးအစိုးရက ထိန်းချုပ်ခဲ့ပြီး အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အပိုင်းလိုက်စိုးမိုးထားခဲ့သဖြင့် ကုန်စည်စီးဆင်းမှုများပြတ်တောက်သွားခဲ့သည်။
ယခုနှစ် မေလ ၃၀ ရက် မှ ဇွန်လ ၃ ရက်အထိ ငါးရက်ကြာသွားရောက်ခဲ့သော စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကုန်သွယ်ရေးနှင့် အိန္ဒိယ-မြန်မာ-ထိုင်းအဝေးပြေး လမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သည့် ကလေး-တမူးလမ်းပြန်လည်ဖွင့်လှစ်ရန် ပြောဆိုခဲ့သည်။
တပြိုင်တည်းတွင် စစ်တပ်က ထိုလမ်းကြောင်းကို စိုးမိုးရန်စစ်ရေးအရှိန်မြှင့်လာပြီး ယခုလတတိယပတ် (ဇွန်လ ၁၉ ရက်) တွင် ခါမ်းပါတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ကာ ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်ရန် မျှော်လင့်ထားကြောင်း စစ်တပ်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြခဲ့သည်။
သို့ရာတွင် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်လုံးကို စစ်တပ်က မထိန်းချုပ်နိုင်သေးဘဲ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် အခြားသော တော်လှန်ရေးအင်အားစုများက အပိုင်းလိုက် ထိန်းချုပ်ကာလှုပ်ရှားမှုရှိကြောင်း အိန္ဒိယနယ်စပ်မှ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
“တချို့သောနေရာတွေမှာ နယ်မြေစိုးမိုးမှု အတိုင်းအတာတစ်ခုရှိကောင်းရှိပေမယ့် လှုပ်ရှားနေတဲ့ PDF တွေကလည်းရှိသေးတယ်။ ရှိနေတော့ (တိုက်ပွဲဖြစ်လာမှာစိုးလို့) ကားသမားတွေအနေနဲ့ ရဲရဲဝံ့ဝံ့မသွားလာရဲဘူး” ဟု သူက ဆိုသည်။
“ပြီးတော့ ပိုဆိုးတာက ဖွင့်မယ်လို့သာ အကြောင်းပြုတာပါ။ တရားမဝင်ကုန်စည်တိုက်ဖျက်ရေးဆိုတဲ့ ကဏ္ဍအောက်မှာ နိုင်ငံခြားပစ္စည်းမှန်သမျှ ဘာပစ္စည်းနေနေ အကုန်ဖမ်းသိမ်းနေတော့ ဖြစ်မြောက်ဖို့ မလွယ်ဘူးလို့ထင်တယ်”
နယ်စပ်တစ်လျှောက်ရှိ လူဝင်ထွက်ဂိတ်ပေါက်များမှ ဒေသတွင်း ကုန်စည်ရောင်းဝယ်မှုများသာ ပိုမိုအားကောင်းလာနိုင်ကြောင်း ၎င်းက ယူဆသည်။
တရုတ်နှင့်နယ်စပ်တစ်လျှောက်ရှိ ကုန်သွယ်ရေးစခန်းများကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသဖြင့် စစ်တပ်၏ အခန်းကဏ္ဍမှေးမှိန်လျက်ရှိကြောင်း ကုန်သည်များက ဆိုသည်။
စစ်အုပ်စုက တရုတ်နယ်စပ်မှတဆင့် ကုန်သွယ်ရေးလိုင်စင်များခွင့်ပြုနိုင်ခြင်းမရှိသော်လည်း တော်လှန်ရေးတပ်များ၏ ထိန်းချုပ်မှုဖြင့် ကုန်သွယ်မှုများရှိနေပြီဖြစ်ကြောင်း ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဒေသခံ ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
“လက်ရှိ EAO (တိုင်းရင်းသားလက်နက်ကိုင်) နယ်မြေတွေမှာ သူတို့အဖွဲ့အစည်းအချင်းချင်း တရုတ်အစိုးရနဲ့ အဖွဲ့အစည်းတွေကြားမှာ ကုန်သွယ်မှုတွေ၊ ပစ္စည်းလဲလှယ်မှုတွေက နေ့စဉ်နဲ့အမျှရှိနေတာ။ ဒါက ကျွန်တော်တို့က ဗီဒီယိုဖိုင်တွေ အကြောင်းအမျိုးမျိုးကြောင့် မယူနိုင်တာပဲရှိတယ်။ ဒါတွေက သေချာပေါက်ရှိနေတယ်” ဟု သူက ပြောသည်။
ကိုးကန့်တပ် (MNDAA) က ၎င်းတို့ထိန်းချုပ်ထားသော ချင်းရွှေဟော်နယ်စပ်ဂိတ်ဟောင်းကို ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်အသစ်ကို မကြာမီဖွင့်လှစ်ရန်စီစဉ်နေကြောင်း “ဝ” ဒေသသတင်းများကို အလေးပေးဖော်ပြသည့် Wa News Land သတင်းဌာနက ဇွန်လ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

ကိုးကန့်တပ်က ရှမ်းမြောက်ဒေသရှိ နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေးလမ်းပိုင်းကို အဓိကစိုးမိုးထားသလို နယ်စပ်တစ်လျှောက်ရှိ စီးပွားရေးလုပ်ငန်းများကို တရုတ်လုပ်ငန်းရှင်များကသာ ငွေအင်အားအလုံးအရင်းအသုံးပြု၍ လုပ်ကိုင်ခွင့်များရရှိလာကြောင်း အထက်ပါ နမ့်ခမ်းဒေသခံက ဆိုသည်။
တရုတ်နယ်စပ်တွင် လုံခြုံရေးအားနည်းကြောင်း၊ သို့သော် နယ်စပ်ဒေသစီမံခန့်ခွဲမှုနှင့် ကုန်သွယ်ရေးကို အခြားအဖွဲ့အစည်းများက ဝင်ရောက်လုပ်ကိုင်၍မရကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ယခုလအတွင်း သွားရောက်ခဲ့သည့် တရုတ်ခရီးစဉ်အတွင်း Phoenix သတင်းဌာနနှင့်အင်တာဗျူးတွင် ပြောဆိုသည်။
“နယ်စပ်ဒေသ စီမံခန့်ခွဲရေးသာမက နယ်စပ်ဒေသကုန်သွယ်ရေးကိစ္စ၊ နှစ်နိုင်ငံ Cross Border Trade နဲ့ပတ်သက်ပြီး အစိုးရ(မူရင်းအသုံး) ကပဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က ရအောင်ဖန်တီးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
နယ်စပ်ကုန်သွယ်ရေးအခြေအနေ၊ နယ်မြေစိုးမိုးမှုအခြေအနေများနှင့်ပတ်သက်၍ စစ်တပ်ထိန်းချုပ် စီးပွားကူးသန်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းမင်းကို ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပါ။



