ကရင်တော်လှန်ရေးတပ် KNU က ဧပြီ ၁၁ ရက်နေ့တွင် မြန်မာ-ထိုင်းနယ်စပ်မြို့ မြဝတီမှ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လိုက်ရာ ထိုစခန်းများ ပြန်ရရန် စစ်ကောင်စီက ကြီးမားသည့် စစ်ဆင်ရေးတစ်ခုဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်။
ထိုစစ်ဆင်ရေးသည် နိုင်ငံအဆင့်စစ်ဆင်ရေးဖြစ်ကြောင်း KNU က သတိပေးထားသလို၊ စစ်တပ်ကလည်း ၎င်းတို့ကျောထောက်နောက်ခံပေးထားသည့် သတင်းဌာနများမှတစ်ဆင့် မီးကုန်းယမ်းကုန်တိုက်မည့် စစ်ဆင်ရေးဟု ကြေညာထားသည်။
စစ်ဆင်ရေးအမည်ကို မြန်မာနှင့်ထိုင်းတို့အကြား နှစ်ရာချီ အကျိတ်အခဲရှိနေသည့် သမိုင်းနှင့်ချီသည့် “အောင်ဇေယျ” ဆိုသည့်အမည်ကို အံ့အားသင့်ဖွယ်ပေးခဲ့သည်။
သာမန်အားဖြင့် စစ်တပ်က သူ၏စစ်ဆင်ရေးများကို မြန်မာဘုရင်နှင့် စစ်သူကြီးများ၏ အမည်များပေးလေ့ရှိသည်မှာ မှန်ကန်သော်လည်း ထိုင်းနယ်စပ်တွင် ပေါ်ပေါက်လာမည့်စစ်ဆင်ရေးကို ထိုင်းအစိုးရငြိုငြင်လောက်သည့် အမည်ပေးခဲ့ခြင်းက ထူးဆန်းလှသည်။
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီလေယာဉ်များ ပိုင်နက်ထဲ ဝင်လာပါက ပစ်ချရန် ထိုင်းအစိုးရက ထိုင်းစစ်တပ်ကို အမိန့်ပေးထားသည်။ တိုက်ခိုက်ခံရမှုကြောင့် စခန်းစွန့်ကာ နယ်စပ်ကူးတံတားတစ်ခုတွင် သောင်တင်နေသည့် စစ်ကောင်စီစစ်သားများကို ယခင်ကကဲ့သို့ ၎င်းတို့နယ်မြေထဲ အဝင်မခံဘဲ တင်းခံနေသည်။
ထိုအခြေအနေများက အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ရှားရှားပါးပါးလူရာသွင်းသည့် ထိုင်းသည် စစ်ကောင်စီနှင့် အိုးစားကွဲလေပြီလားဆိုသည့် နောက်ဆက်တွဲမေးခွန်းများလည်း ရှိလာသည်။
သမိုင်းတစ်ပတ်ပြန်လည်လာသည့် စစ်ဗိုလ်ချုပ်များ၏ ထိုင်းမုန်းတီးရေးလှုပ်ရှားမှု
“အောင်ဇေယျ” ဆိုသည်မှာ မြန်မာတို့၏ နောက်ဆုံးမင်းဆက် ကုန်းဘောင်မင်းဆက်ကို ၁၈ ရာစုအလယ်ပိုင်းက တည်ထောင်ခဲ့သူ အလောင်းမင်းတရား၏ အမည်ရင်းဖြစ်သည်။
မုဆိုးဖိုဆိုသည့် ရွာငယ်လေး၏သူကြီး ဦးအောင်ဇေယျသည် ရွှေဘို (ယခုစစ်ကိုင်းတိုင်း) တွင် နန်းစိုက်ပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံ အယုဒ္ဓယကိုပါ သိမ်းပိုက်ရန် ချီတက်ခဲ့သည်။
အယုဒ္ဓယကို တိုက်ခိုက်ဖျက်ဆီးသည့်တပ်ကို ဦးဆောင်သူမှာ ဦးအောင်ဇေယျဖြစ်ကြောင်း ထိုင်းက မှတ်တမ်းတင်ထားရာ အောင်ဇေယျဟူသော အမည်မှာ ထိုင်းတို့ နှစ်သက်မည့်အမည် မဟုတ်ပေ။
အယုဒ္ဓယမြို့ကို မြန်မာတပ်များ မသိမ်းနိုင်ဘဲ ခက်ခက်ခဲခဲ စစ်ထိုးနေခိုက် ဦးအောင်ဇေယျ ဆုတ်ခွာစဉ် ထိုင်းမြန်မာနယ်စပ်တွင် နတ်ရွာစံသွားသော်လည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်များအလိုကျ ရေးထားသည့် မြန်မာ့သမိုင်းစာအုပ်များတွင်မူ ဦးအောင်ဇေယျသည် ထိုင်းတို့ကို အောင်နိုင်သူအဖြစ် ပုံဖော်ခံရလေ့ရှိသည်။
၂၀၀၁ ဝန်းကျင် ထိုင်းတို့နှင့် ဆက်ဆံရေးတင်းမာချိန်တွင်လည်း မြန်မာဗိုလ်ချုပ်များက ထိုင်းမုန်းတီးရေး လှုံ့ဆော်စဉ် ဦးအောင်ဇေယျ၏အမည်ကို သုံးခဲ့ဖူးသည်။ ကျောင်းစာသင်ရိုးများ၊ ရုပ်မြင်သံကြားဇာတ်လမ်းများနှင့် သတင်းစာဆောင်းပါးများတွင် ထိုင်းမုန်းတီးရေးဆောင်းပါးများ ကာလအတန်ကြာ ထည့်သွင်းခဲ့ဖူးသည်။
ထိုဖြစ်ရပ်များအပြီး ၂၃ နှစ်ခန့်ကြာချိန်တွင် သမိုင်းတစ်ပတ်ပြန်လည်လာပြန်သည်။
မြန်မာတွင် စစ်တပ်က အာဏာပြန်သိမ်းသလို စစ်တပ်ကို ဆန့်ကျင်သူများလည်း ထိုင်းဘက်သို့ ထွက်ပြေးကြရသည်။ မြန်မာ-ထိုင်း နယ်စပ်တွင်လည်း လက်နက်ကိုင်တိုက်ပွဲများ အရှိန်ပြန်မြင့်လာသည်။ စစ်တပ်ကလည်း နည်းလမ်းဟောင်းဖြစ်သည့် ထိုင်းမုန်းတီးရေးလှုပ်ရှားမှုကို အစပြန်ဆွဲသည်။
မြဝတီကျဆုံးမှုကို စစ်တပ်က ထိုင်းတို့၏ကျူးကျော်စစ်ဟု တပ်ထဲတွင် ဝါဒဖြန့် ပုံဖော်လျှင်လည်း အံ့သြဖွယ်မဟုတ်ပေ။ မကြာသေးခင်က နိုင်ငံမြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်ခံရပြီး အကြီးအကျယ် အထိနာသွားစဉ်ကလည်း စစ်တပ်က တရုတ်ထောက်ပံ့ထားသည့် ပြည်ပကျူးကျော်စစ်ဟု ဝါဒဖြန့်ခဲ့ဖူးသည်။
အတိတ်နိမိတ်များကို ယုံကြည်ကိုးစားသည့် စစ်ကောင်စီသည် ထိုင်းနယ်စပ်အနီး စစ်ဆင်ရေးကို “အောင်ဇေယျ” ဟု အမည်ပေးခြင်းက ထိုဒေသတစ်ဝိုက် အလောင်းမင်းတရား ဦးအောင်ဇေယျ အာဏာစက်သက်ရောက်မှုကို နိမိတ်ကောင်းအဖြစ် မှတ်ယူပြီး အမည်ပေးခြင်းဖြစ်နိုင်သည်ဟု အာဏာဖီဆန်ကာ စစ်တန်းလျားကို ကျောခိုင်းထားသည့် ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။
“မြန်မာစစ်သားတွေက ငါးပိစားပြီးတော့ တိုက်နိုင်တယ်။ ခြေလျင်လျှောက်ပြီး ဘန်ကောက်အထိ တက်သိမ်းနိုင်တယ်ဆိုတဲ့ အယူအဆမျိုးတွေကို (စစ်တပ်ထဲမှာ) အဆင့်ဆင့်ဝါဒဖြန့် ရိုက်သွင်းလာတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
လေသံပြောင်းလာသည့် ထိုင်းအစိုးရသစ်
နယ်စပ်တစ်လျှောက်တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်၏ စစ်သားများအတွက် တော်လှန်ရေးအင်အားစု၏ ထိုးစစ်ကို မခုခံနိုင်တော့ပါက နယ်စပ်ဖြတ်ကျော်ထွက်ပြေးခြင်းက အထူးအဆန်းမဟုတ်တော့။ ပြီးခဲ့သည့်လများအတွင်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ထံ ထောင်နှင့်ချီသော စစ်သားများ အသက်လုပြီး နယ်စပ်ဖြတ် ထွက်ပြေးခဲ့ကြဖူးသည်။
ထိုင်းအစိုးရသည် ယခင်အချိန်များတွင် မြန်မာစစ်သားများဝင်ပြေးလာသည်ကို လက်ခံခဲ့သော်လည်း မြဝတီမှ ထွက်ပြေးလာသည့် စစ်သားများကိုမူ အဝင်မခံဘဲ တင်းခံနေသည်။
ထိုင်းက အဝင်မခံသဖြင့် မြဝတီအနောက်ဘက် ခလရ (၂၇၅) တပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး ကုန်တင်ယာဉ်ရပ်နားဝင်းတွင် သောင်တင်နေကြသည်။ ၎င်းတို့သည် ဧပြီ ၁၂ ရက်နေ့မှ စတင်ကာ ကတုတ်ကျင်းများတူးကာ ခံစစ်ပြင်နေသည်ဟု လက်နက်ကိုင်တော်လှန်ရေးသမားတချို့က ပြောသည်။
တစ်ချိန်တည်းတွင် လက်နက်အပြည့်အစုံတပ်ထားသည့် ထိုင်းစစ်တပ်က မြဝတီတစ်ဖက်ကမ်း မဲဆောက်တွင် နေရာယူထားသည်။
မြန်မာလေတပ် ကျူးကျော်လာပါက ၅ မိနစ်အတွင်း ပြန်လည်တိုက်ခိုက်ရန် ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီးက ဧပြီ ၁၁ ရက်နေ့တွင် အမိန့်ထုတ်လိုက်ကြောင်း ထိုင်းဒေသတွင်းသတင်းဌာန Khaosod English တွင် ရေးသားသည်။
အောင်ဇေယျစစ်ဆင်ရေးနှင့် ပျောက်ဆုံးနေသည့် ဒုတပ်ချုပ်
KNU ကို “ငပွေး” ဟု ကင်ပွန်းတပ်ကြသည့် စစ်တပ်ထောက်ခံသူများက အောင်ဇေယျစစ်ဆင်ရေးကို စစ်ကောင်စီတွင် ဒုတိယသြဇာအကြီးဆုံးဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ဦးဆောင်ပြီး အစီအစဉ်များ ရေးဆွဲနေသည်ဟု ဆိုကြသည်။
မြန်မာစစ်တပ်၏ ဒုတိယအကြီးဆုံးအရာရှိလည်းဖြစ်သည့် ဗိုလ်ချုပ်စိုးဝင်းသည် ထိုင်းနယ်စပ်တစ်လျှောက်ကို စောင့်ကြည့်ရန် သူ၏တပ်များကို ပြီးခဲ့သည့်နှစ်က သတိပေးခဲ့ပြီး ထိုင်း-မြန်မာဆက်ဆံရေးကို ပြန်လည်စဉ်းစားမည်ဟုလည်း ပြောဆိုခဲ့ဖူးသည်။
ဒုစစ်ခေါင်းဆောင်က ထိုင်းတွင် စစ်အုပ်ချုပ်ရေးအဆုံးသတ်သွားသည့် ရွေးကောက်ပွဲအနိုင်ရပါတီ Move Forward ပါတီ၏ ခေါင်းဆောင် ဖိထား၏ မြန်မာ့အရေးကို ထိုင်းဘက်က ပိုမိုအာရုံစိုက်ရန် ပြောကြားအပြီး အထက်ပါအတိုင်း တုံ့ပြန်ခြင်းဖြစ်သည်ဟု ဧရာဝတီသတင်းဌာနက ရေးသားသည်။
အောင်ဇေယျစစ်ဆင်ရေးအတွက် နောက်ထပ်မေးစရာတစ်ခုမှာ ဦးဆောင်မည်ဆိုသည့် ဗိုလ်ချုပ်စိုးဝင်းအကြောင်းပင်ဖြစ်သည်။
ဗိုလ်ချုပ်စိုးဝင်းပျောက်နေသည်က သီတင်းနှစ်ပတ်ကျော်ပြီဖြစ်သည်။ သူနောက်ဆုံး လူမြင်ကွင်းရှေ့ထွက်ခဲ့သည်က ဧပြီ ၃ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ဗထူးတပ်မြို့တွင် ဖြစ်သည်။
သတင်းများက သူသည် ဧပြီ ၉ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အစည်းအဝေးလုပ်နေစဉ် ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရသွားသည်ဟု ဆိုကြသည်။
ထိုသတင်းကို စစ်တပ်ဘက်က အတည်ပြုခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိပေ။
ဒုတပ်ချုပ်အတွက် စစ်တပ်ဘက်က ဘီဘီစီမြန်မာပိုင်းသတင်းဌာနမှတစ်ဆင့် ဧပြီ ၁၀ ရက်နေ့က တုံ့ပြန်သည်မှာ ‘’နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ပုံမှန်ထမ်းဆောင်နေပါတယ်’’ ဆိုသည်မျှသာဖြစ်သည်။
ထို့နောက် သင်္ကြန်တွင်းတွင် အခြားသောစစ်ဗိုလ်ချုပ်ကြီးများ ရှေ့ထွက်လာသော်လည်း ဗိုလ်ချုပ်စိုးဝင်း လူမြင်ကွင်းရှေ့ပေါ်မလာသည်က သူဒဏ်ရာရသည့်သတင်းကို ပိုမိုခိုင်မာစေခဲ့သည်။
အောင်ဇေယျစစ်ကြောင်း ဘယ်ရောက်နေပြီလဲ
မြဝတီသို့ တက်မည့် စစ်ကောင်စီ စစ်ကြောင်းသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ကော့နွဲ့ရွာဝန်းကျင်တွင် စခန်းချထားပြီး ဒေါနတောင်ပေါ်တက်ရန် ကြိုးပမ်းနေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၆ မှ အရာရှိများက ဆိုသည်။
စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းသည် ဧပြီလ ၁၃ ရက်နေ့ကတည်းက ကော့ကရိတ်မြို့အရှေ့ဘက်က ဒေါနတောင်ကို တက်ရန် ကြိုးပမ်းနေပြီး KNLA တပ်မဟာ ၆ နှင့် ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် သီတင်းတစ်ပတ် ကြာလာသည်အထိ ရှေ့မတိုးနိုင်ဖြစ်နေသည်။
နိုင်ငံအနှံ့ ရန်သူဝိုင်းနေသည့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိလျှင် အွန်လိုင်းလူမှုကွန်ရက်တွင် “မုန့်ဟင်းခါး” ဟု ရေးသားတတ်ကြသည်။ အောက်မြန်မာပြည် အထူးသဖြင့် ရန်ကုန်၏ ထုံးစံမှာ နာရေးအလှူတွင် မုန့်ဟင်းခါးဖြင့် ဧည့်ခံခြင်းကြောင့် သေဆုံးမှုကို ထိုဝေါဟာရဖြင့် အစားထိုးသုံးကြခြင်း ဖြစ်သည်။
မြဝတီသို့ ရောက်ရေးအတွက် ဒေါနတောင်ကို ကျော်ဖြတ်မည့် စစ်ကောင်စီတပ်သားများသည် စိတ်ဓာတ်ပြင်းထန်၊ နယ်မြေကျွမ်းကျင်သည့် တော်လှန်ရေးအင်အားစုနှင့် ရင်ဆိုင်ရလျှင် မုန့်ဟင်းခါးဖြစ်သွားမည်ဟုလည်း ရေးသားနေကြသည်။
ကော့ကရိတ်မြောက်ပိုင်းဝန်းကျင်တွင် ပြင်းထန်သည့်တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီက အတွဲလိုက်ပစ်ဒုံးများ၊ သံချပ်ကာယာဉ်များ၊ တံတားထိုးယာဉ်များကိုပါ သုံးနေသည်ဟု ကရင်တပ်များနှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ကျားဖြူစစ်ကြောင်း တပ်ရေးဌာနမှ ရဲဘော်သံချောင်းက ပြောသည်။
စစ်ဆင်ရေးအမည် အမျိုးမျိုးပေးနေသော်လည်း စစ်ကောင်စီအောက်ခြေတပ်သားများ၏ တိုက်ရည်ခိုက်ရည်သည် ပြောင်းလဲခြင်းမရှိသလို တော်လှန်ရေးတပ်များဘက်ကလည်း စစ်ကောင်စီကို တိုက်ခိုက်မည့် ဆုံးဖြတ်ချက်မှာ ပြောင်းလဲမှုမရှိဟု ရဲဘော်သံချောင်းက ဆိုသည်။
“(စစ်ဆင်ရေးအမည် ဘယ်လိုပြောင်းပြောင်း စစ်ကောင်စီအတွက်က) အရင်လည်း မုန့်ဟင်းခါး၊ အခုလည်း မုန့်ဟင်းခါးပဲ” ဟု ၎င်းက ဆိုသည်။