သတင်း

မြဝတီသို့ ဦးတည်သည့် စစ်တပ်စစ်ကြောင်း ‌ဒေါနတောင်ပေါ်တက်ကာ မြဝတီရှိ တပ်နှင့်ပေါင်းရန် ကြိုးပမ်း

မြန်မာ-ထိုင်းနယ်စပ်မြို့ မြဝတီကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာသည့် စစ်ကောင်စစ်ကြောင်းသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ကော့နွဲ့ရွာဝန်းကျင်တွင် စခန်းချထားပြီး ဒေါနတောင်ပေါ်တက်ရန် ကြိုးပမ်းနေသည်။

မြန်မာ-ထိုင်းနယ်စပ်မြို့ မြဝတီကို ပြန်လည်သိမ်းပိုက်ရန် တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ကော့နွဲ့ရွာဝန်းကျင်တွင် စခန်းချထားပြီး ဒေါနတောင်ပေါ်တက်ရန် ကြိုးပမ်းနေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၆ ထံမှ သိရသည်။

ထိုစစ်ကြောင်းသည် ကော့ကရိတ်မြို့၊ ကော့နွဲ့ရွာနှင့် ၂၆ မိုင်ခန့်ဝေးသည့် မြဝတီမြို့တွင် ပိတ်မိနေသော စစ်ကောင်စီတပ်များနှင့် ပူးပေါင်းရန် အချိတ်အဆက်လုပ်နေကြသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ် KNLA တပ်မဟာ ၆ မှ အရာရှိတို့က ခန့်မှန်းထားကြသည်။

ကော့ကရိတ်မြို့မှ လမ်း ၂ သွယ်ဖြင့် ဒေါနတောင်တန်းပေါ်တက်သွားကာ KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ရာ သင်္ဃန်းညီနောင်ရွာသို့ ဦးစွာရောက်ပြီး ထိုမှတစ်ဆင့် မြဝတီသို့ ရောက်မည်ဖြစ်သည်။

စစ်ကောင်စီ၏ သင်္ဃန်းညီနောင်ဗျူဟာကို သိမ်းပိုက်ခဲ့သည့် KNU နှင့် မဟာမိတ်တပ်များ (ဓာတ်ပုံ – ပေးပို့)

သံချပ်ကာကားနှင့် အတွဲလိုက်ဒုံးပစ်စင်များပါဝင်ပြီး အင်အား ၁,၀၀၀ နီးပါးပါသည့် စစ်ကောင်စီ စစ်ကူစစ်ကြောင်းသည် စစ်ကြောင်း ၃ ကြောင်းခွဲကာ ဒေါနတောင်ပေါ်တက်ရန် ဧပြီလ ၁၃ ရက်ကတည်းက ကြိုးပမ်းနေသည်။

သို့သော် KNLA နှင့် ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံနေရသဖြင့် ရှေ့တိုးမရဘဲဖြစ်နေကြောင်း ပူးပေါင်းတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းမှ ခြေလျင်တပ်ဖွဲ့ဝင်များသည် တပ်မ (၅၅) မှဖြစ်ပြီး စစ်ကူစစ်ကြောင်းအားလုံးကို အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်ရိုက်ကွပ်ကဲနေသည်ဟု သတင်းထွက်နေသည်။

KNLA တပ်မဟာ ၆ ဗျူဟာမှူးဖြစ်သူ နယ်ဒါးထူးကလည်း “တိုက်ပွဲက နေ့တိုင်းရှိနေတယ်။ အခြေအနေကတော့ တိုးမရလို့ ပြန်ဆုတ်ပြေးနေတာပဲ ရှိတယ်” ဟု Myanmar Now ကို ပြောသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများကို မသိရသေးပေ။

စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းသည် စစ်ကြောင်းပတ်ချာလည်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှုများရှိနေကြောင်း တပ်မဟာ ၆ ဗျူဟာမှူးက ပြောသည်။

KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းကို KNLA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ထားရာ စစ်ကောင်စီဘက်က လူ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရထားသည်ဟု ရှေ့တန်းသတင်းရင်းမြစ်များကို ကိုးကား၍ Reuters သတင်းဌာနကို ဖြေထားသည်။

၎င်းက “ကျွန်တော်တို့ သိသလောက်တော့ လက်နက်တင်ထားတဲ့ ယာဉ် ၁ စီးနဲ့ စစ်ထရပ်ကား ၁ စီးကို ဖျက်ဆီးထားနိုင်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းသည် ဧပြီလ ၁၁ ရက်တွင် ကျုံဒိုးမြို့သို့ ရောက်ရှိလာပြီး KNLA နှင့် ပူးပေါင်းတပ်များ၏ ပိတ်ဆို့မှုခံနေရသော ကော့ကရိတ်မြို့ကို ဧပြီလ ၁၂ ရက်တွင် ပြန်လည်ထိန်းချုပ်လိုက်သည်။

KNLA နှင့် ပူးပေါင်းတပ်များက ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ၏ ခလရ (၉၇) တပ်ရင်းကို ၄ လကျော် ပိတ်ဆို့ထားရာမှ ပြန်ဆုတ်ပေးခဲ့ရာ စစ်ကောင်စီစစ်ကူစစ်ကြောင်းက ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ခွင့်ရသွားခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ကော့ကရိတ်မြို့တောင်ဘက်ရှိ ကမိုင်ကုန်း၊ အံဖလေး၊ မောင်းမ၊ ကြောင်ရှာကုန်း၊ သာယာကုန်း၊ ရေကျော်လေး စသည့် ရွာများမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်။

အရပ်သားထိခိုက်သေဆုံးသူတချို့ရှိသည်ဟု ဒေသခံရွာသားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်ပေ။

စစ်ရေးလေ့လာသုံးသပ်သည့် သုတေသီ မြန်မာအမျိုးသားတစ်ဦးကလည်း KNLA နှင့် ပူးပေါင်းတပ်များသည် မိမိဘက်က အထိအခိုက်ကို လျော့ကျစေရန် မြေပြန့်ရှိ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်ကို မခုခံဘဲ စစ်ကောင်စီစစ်ကြောင်းများ တက်လာရန် ခက်ခဲသည့် ဒေါနတောင်ပေါ်တွင် ပြောင်းလဲခုခံလိုက်ပုံရသည်ဟု သုံးသပ်သည်။

“KNU ပူးပေါင်းစစ်ကြောင်းတွေက သတ်ကွင်းကို ပြင်လိုက်တာကတော့ ကော့ကရိတ်နဲ့ သင်္ဃန်းညီနောင်ကြားမှာရှိတဲ့ ဒေါနတောင်ကြောမှာ သတ်ကွင်းပြင်လိုက်တာပေါ့။ အဲ့တာကို ကျော်နိုင်ဖို့က ခက်လိမ့်မယ်ထင်တယ်။ ကျော်ဖို့ဆိုရင်လည်း ၅၅ (တပ်မ ၅၅) က တော်တော်ကို အရင်းအနှီး ပေးရလိမ့်မယ်ထင်တယ်” ဟု ဆိုသည်။

တပ်မ (၅၅) သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်သည့် ၂၀၂၁ ခုနှစ်တွင် ကရင်နီစစ်မျက်နှာ၌ အထိနာခဲ့သည့် တပ်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀၂၇ စစ်ပွဲကာလအတွင်း လောက်ကိုင်မြို့နယ်တွင် မြန်မာအမျိုးသားများဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ထံတွင် လက်နက်ချခဲ့သည့်တပ်ဖြစ်သည်။

ထို့ကြောင့် တပ်မ (၅၅) သည် တိုက်စွမ်းရည်ကျနေသည့်တပ်ဖြစ်သည်၊ ၎င်းတို့ရင်ဆိုင်ရမည့် KNLA တပ်မဟာ (၆) နှင့် ပူးပေါင်းတပ်များသည် စစ်ကောင်စီ၏ သင်္ဃန်းညီနောင်ဗျူဟာကို လက်နက်ချရန် စွမ်းဆောင်ထားနိုင်သည့် စိတ်ဓာတ်တက်ကြွနေသော တပ်များဖြစ်ကြောင်း စစ်ရေးလေ့လာသူများက နှိုင်းယှဉ်ပြောကြသည်။

သို့ဖြစ်ရာ စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းသည် KNLA နှင့် ပူးပေါင်းတပ်များ၏ ခံစစ်ကို ကျော်လွှားရန် မလွယ်ကူနိုင်ဟု စစ်ရေးလေ့လာသူများက ယူဆကြသည်။

ကော့ကရိတ်မြို့၏ အရှေ့ဘက် မြဝတီမြို့နယ်ရှိ ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၂) တံတားအနီးက ကုန်တင်ယာဉ်နားဝင်းတွင်မူ စစ်ကောင်စီ၏ ခလရ (၂၇၅) တပ်မှ စွန့်ခွာထွက်ပြေးလာသူ ၂၀၀ နီးပါးသည် ၎င်းတို့အတွက် စစ်ကူအလာကို စောင့်မျှော်နေကြဆဲဖြစ်သည်။

ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများသည် ခလရ (၂၇၅)၊  တပ်မ (၄၄) နှင့် ကမ်းရိုးတန်းတိုင်း ဘက်တံဆိပ်များ တပ်ထားပြီး အရပ်သားများကို သေနတ်ဖြင့် ပစ်ခတ်မှုများရှိနေကြောင်း မြဝတီမြို့နယ်တွင်း လှုပ်ရှားနေသည့် မြစန္ဒီစစ်ကြောင်းထံမှ သိရသည်။

မြစန္ဒီစစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ကြောင်းတစ်ခုဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၂ ရက်တွင် ကုန်တင်ယာဉ်ရပ်နားဝင်းအနီး ဖြတ်သွားသည့် အရပ်သား ၁ ဦးကို ပစ်ခတ်ခဲ့သည်၊ ဧပြီလ ၁၄ ရက် ည ၉ နာရီကလည်း အရပ်သား ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မြစန္ဒီစစ်ကြောင်း တာဝန်ခံ စောလဲထူးက ပြောသည်။

“လူဝင်လူထွက်သွားတဲ့ဘက်အခြမ်းပေါ့။ အဲဒီဘက်အခြမ်းမှာ သူတို့ကာထားတဲ့အနားအထိကို သွားပြီး ဆဲလိုက်တယ်။ အဲဒါ ဟိုကနေ ကျည် ၂ ဘောက်စာလောက်ရှိမယ် ကုတ်လိုက်တာ။ တစ်ယောက်ကတော့ ထိတာ ပွဲချင်းပြီးပဲ။ နောက်တစ်ယောက်ကတော့ ဒဏ်ရာရထားတယ်” ဟု ဆိုသည်။

အရပ်သားထိခိုက်သေကျေမှုများကို Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။

အမှတ် (၂) တံတားအနီးတွင် ရှိနေသည့် စစ်ကောင်စီတပ်သားများအတွက် စားသောက်ရန် ရိက္ခာကို ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) က ပံ့ပိုးနေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်များဘက်က ယုံကြည်နေကြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း အမှတ် (၂) တံတားတွင် စုရုံးရောက်နေသည့် စစ်ကောင်စီတပ်များတွင် လက်နက်များပါလာပြီး လူထုကို ပစ်ခတ်မှုများဖြစ်နိုင်သဖြင့် အမှတ် (၂) တံတားထိပ် မသွားကြရန် ဧပြီလ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်သတိပေးထားသည်။

ထို့ပြင် မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံး KNU လက်အောက် ကျရောက်သွားပြီဖြစ်ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်းမှတစ်ဆင့် တိုက်ခိုက်လာနိုင်ဖွယ်ရှိသဖြင့် ဘေးကင်းသည့်နေရာတွင် နေကြရန် KNU က တိုက်တွန်းထားသည်။

Show More

Related Articles

Back to top button