ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအချက်အချာမြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီတွင် တိုက်ပွဲ ၂ ရက်ကြာ အပြင်းအထန်ဖြစ်ခဲ့ပြီးနောက် ယနေ့ (ဧပြီ ၂၂) တွင် အပစ်အခတ် ပြန်လည် ရပ်စဲသွားပြီဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက တပ်ပြန်ဆုတ်လိုက်သဖြင့် တိုက်ပွဲရပ်သွားခြင်းဖြစ်သည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတား ကုန်တင်ယာဉ်ရပ်နားဝင်းအတွင်းရှိ စစ်ကောင်စီတပ်ကို KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၉ ရက် ည ၇ နာရီဝန်းကျင်မှ စတင်ကာ စစ်ဆင်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲသည် ညပိုင်းတွင် ခေတ္တရပ်နားပြီး နောက်တစ်နေ့နံနက် ၆ နာရီတွင် ပြန်လည်စတင်ခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် မြို့အနောက်ဘက် မြေနီကုန်းအရပ်ရှိ ခလရ (၂၇၅) တပ်စခန်း ထိုးစစ်ဆင်ခံရမှုကြောင့် စခန်းစွန့် ဆုတ်ခွာလာသူများဖြစ်သည်။
စစ်ကောင်စီကမူ ထိုစစ်သားများသည် “အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များ” ဖြစ်သည်ဟု ဧပြီ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်သည့် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
၎င်းတို့သည် ဧပြီလ ၁၄ ရက်နေ့ကတည်းက ကုန်တင်ယာဉ်ရပ်နားဝင်းထဲ၌ ကတုတ်ကျင်းများတူးကာ ခံစစ်ပြင်ဆင်ခဲ့သည်ဟု စုံစမ်း သိရှိရသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်က Y-12 နှင့် Mi-35 လေယာဉ်များသုံးကာ အမှတ် (၂) တံတား ဝဲယာတွင် ဗုံး ၁၂ လုံးအထိ ကြဲသလို ပူးပေါင်းတပ်ဘက်ကလည်း ဗုံးတပ်ဒရုန်းများ အသုံးပြု တိုက်ခိုက်သည်။
တိုက်ခိုက်မှုကို ရပ်ဆိုင်းထားသည်ဟု KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုသည်။
“အခုချိန်မှာ ပြည်သူလူထုရဲ့ အန္တရာယ်ကင်းအောင် လတ်တလောတော့ ပြန်ပြီးတော့ ယာယီရပ်ထားတာပေါ့။ ရပ်ထားပြီး ပြန်ဆုတ်လိုက်တဲ့အနေအထားတော့ရှိပါတယ်” ဟု သူက Myanmar Now ကို ဧပြီလ ၂၂ ရက်နေ့တွင် ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် “အကျအဆုံးများစွာဖြင့် အနောက်ဘက်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်” ဟု စစ်ကောင်စီ၏ ဧပြီ ၂၀ ရက်စွဲတပ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အရေအတွက်ကို ဖော်ပြမထားပေ။
စစ်ကောင်စီတပ်မှ သေဆုံးသူ ၃၀ ထက်မနည်းရှိသည်၊ တပ်မ (၄၄) မှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် ၃၀ နှင့်အထက် ဒဏ်ရာရသည်ဟု KNU ဗဟိုက ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။ ၎င်းတို့ဘက်မှ ထိခိုက်မှုကိုမူ ထုတ်ပြန်ချက်တွင် မတွေ့ရပေ။
တိုက်ပွဲပြင်းထန်မှု
တိုက်ပွဲသည် KNLA နှင့် စစ်ကောင်စီတပ်အကြား အပြင်းအထန်ပစ်ခတ်ကြပြီး နှစ်ဖက် ထိခိုက်သေကျေမှုများရှိသည့်အပြင် အရပ်သားများပါ ထိခိုက်သည့်အတွက် ပြင်းထန်သည်ဟု ဆိုနိုင်ကြောင်း ဒေသခံတချို့က ဆိုသည်။
တိုက်ပွဲပြင်းထန်သည့် စနေနေ့တွင် မြို့၏ လူဦးရေ ၃ ပုံ ၂ ပုံသည် မြဝတီမြို့မှ ဝရုန်းသုန်းကားထွက်ပြေးကြရသည်။
လက်နက်ကြီးငယ် ပစ်ခတ်သံများကြားတွင် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ကူးရန် သောင်းရင်းမြစ်ကမ်းရှိ စက်လှေများအပေါ် အပြေးအလွှားဆင်းနေသော လူအုပ်များကိုလည်း Facebook လူမှုကွန်ရက်တွင် တက်လာသည့် ရုပ်သံများတွင် မြင်တွေ့ရသည်။
ကုန်တင်ယာဉ်များသွားလာသည့် တံတားအမှတ် (၂) ကို ဧပြီလ ၂၀ ရက်တွင် ပိတ်လိုက်ပြီး လူကူးသန်းသွားလာသည့် တံတား (၁) ကို ဧပြီလ ၂၁ ရက်တွင် ပိတ်လိုက်ရာ လက်ရှိတွင် လူအသွားအလာ မရှိတော့ပေ။
တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးသူ ၇ ဦးနှင့် ၉ ဦးကြားရှိကြောင်း မြဝတီမြို့ဒေသခံတချို့ထံမှ သိရသည်။
ဧပြီ ၂၀ တွင် အရပ်သား ၃ ဦး သေဆုံးမှုမှာ လက်နက်ကိုင်တို့၏ ပစ်ခတ်မှုကြောင့် ဖြစ်ကြောင်း၊ နောက်ထပ်အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးမှုမှာ လေယာဉ်က ကြဲသည့် ဗုံးစထိမှန်ခြင်းကြောင့် ဖြစ်ကြောင်း မြဝတီမြို့တွင် ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။
မြဝတီဒေသခံ ကယ်ဆယ်ရေးသမားတစ်ဦးကလည်း သေနတ်ဖြင့် ပစ်ခံရသောကြောင့် သေဆုံးသူများသည် အမှတ် (၂) တံတားအနီး အလျှံပယ် မူကထဆိုင် ခေါ် စားသောက်ဆိုင်မှ ဖြစ်ကြောင်း၊ လေယာဉ်ဗုံးလာကြဲမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်ရန် ကားဖြင့် ထွက်လာကြသူများဖြစ်ကြောင်း ပြောသည်။
၎င်းတို့သည် ရေပူမီးပွိုင့်အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သူက ပြောသည်။
“မှန်မချထားတာက တစ်ကြောင်း၊ သူတို့က စစ်ရှောင်လာတာဆိုတော့ ကမန်းကတန်းမောင်းလာတာက တစ်ကြောင်း၊ ရေပူမီးပွိုင့်မှာ ရှိနေတဲ့ အဖွဲ့က စက်သေနတ်နဲ့ ပစ်တာပေါ့။ ပစ်တော့ ကားက လမ်းဘေးမြောင်းထဲကို ထိုးကျသွားတယ်။ ထိုးကျပြီးတော့ ပွဲချင်းပြီး အမျိုးသမီး ၂ ဦး ဆုံးတယ်။ ဆေးရုံရောက်တော့ ကောင်လေး ၁၃ နှစ် တစ်ယောက်ဆုံးတယ်” ဟု သူက ဆိုသည်။
သေဆုံးသွားသူများသည် ကိုကျော်စွာဆိုသူ၏ သမီးအငယ်၊ ချွေးမနှင့် တူဖြစ်သူတို့ဖြစ်ကြောင်း၊ ကားမောင်းလာသည့် ကိုကျော်စွာတို့လင်မယားသည်လည်း ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် မဲဆောက်မြို့တွင် ဆေးကုသမှုခံယူနေရကြောင်း မဲဆောက်ဒေသခံတချို့က Facebook လူမှုကွန်ရက်တွင် ရေးသည်။
Myanmar Now နှင့် စကားပြောခွင့်ရသည့် အခြားသော မြဝတီမြို့ဒေသခံ ပရဟိတလုပ်သူတစ်ဦးကလည်း အလားတူ ပြောသည်။
“ကောင်မလေးမောင်းသွားတဲ့ အာရာဖတ်ကားကို ရေပူစားသောက်ကနေ ထွက်လာတဲ့ PDF အဖွဲ့က ပစ်တာ။ ကားကလည်း ကောင်မလေးက ကြောက်ကြောက်နဲ့ ထွက်ပြေးတော့ ဝိုင်းပစ်တာပဲ။ ကျည်တစ်ဘောက်ကုန်အောင် ပစ်လိုက်တယ်” ဟု သူက ဆိုသည်။
မြဝတီမြို့က တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် မြဝတီမြို့နယ်တွင် လှုပ်ရှားနေသည့် မြစန္ဒီစစ်ကြောင်းတာဝန်ခံ စောလဲထူးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့ Facebook တွင် တင်သော သတင်းထုတ်ပြန်ချက်ပါ အချက်အလက်များကို ကိုးကားသုံးနိုင်သည်ဟု တုံ့ပြန်သည်။
မြစန္ဒီစစ်ကြောင်း၏ Facebook စာမျက်နှာတွင် အမှတ် (၂) တံတားအနီးတိုက်ပွဲအတွင်း စစ်ကြောင်းတပ်ခွဲ (၁) မှ တပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး ရဲဘော်တစ်ဦး စိုးရိမ်ရသည့် ဒဏ်ရာရထားသည်ဟု ရေးသားထားသည်။
တိုက်ပွဲကာလအတွင်း သေဆုံးသည့် အခြားအရပ်သား ၄ ဦးမှာ မဟာစည်ရိပ်သာဝန်းကျင်မှဖြစ်ပြီး လေယာဉ်မှ ကြဲချသည့် ဗုံးစထိမှန်သေဆုံးသူများဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း ဒဏ်ရာရသည့် အရပ်သား ၄ ဦးရှိပြီး ၂ ဦးသည် မဲဆောက်ပြည်သူ့ဆေးရုံတွင် စိုးရိမ်ရသည့် ဒဏ်ရာဖြင့် ရောက်နေကာ ကျန် ၂ ဦးသည် မြဝတီမြို့ပြည်သူ့ဆေးရုံကြီးတွင်ပင် ရှိနေကြောင်း ဒေသခံတချို့ထံမှ သိရသည်။
တိုက်ပွဲဖြစ်နေစဉ်အတွင်း မြဝတီမြို့ကို လုံခြုံရေးယူထားသည်ဆိုသည့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များသည် မည်သည့်ဘက်မှ ပါဝင်တိုက်ခိုက်ခြင်းမရှိကြောင်း မြဝတီဒေသခံတချို့က ပြောသည်။
ထိုင်းကျန်းမာရေးဝန်ကြီး Cholnan Srikaew ကလည်း မြဝတီတိုက်ပွဲကြောင့် ဒဏ်ရာရသူ ၃၈ ဦးကို မဲဆောက်ဆေးရုံကြီးတွင် ဆေးကုပေးနေကြောင်း RFA သတင်းဌာနကို ဖြေကြားထားသည်။
ဆေးကုသမှုခံယူနေသူများသည် အရပ်သား ဟုတ်မဟုတ်နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ဟုတ်မဟုတ်ကိုမူ RFA က မေးမြန်းခဲ့သော်လည်း ထိုင်းကျန်းမာရေးဝန်ကြီးက ထုတ်မပြောကြောင်း သိရသည်။
ယခင်ကလည်း ထိုဆေးရုံသည် ကရင်ပြည်နယ်တိုက်ပွဲများအတွင်း ဘက်မတူသော တပ်ဖွဲ့နှစ်ဖွဲ့မှ ဒဏ်ရာရစစ်သည်များကို လက်ခံကုသပေးလေ့ရှိသည်။
တိုးပွားလာသော စစ်ရှောင်များ
တိုက်ပွဲဖြစ်သည်နှင့် ကျွဲကူးရေပါဆိုသလို ဘေးလွတ်ရာ ပြေးရသည်က လက်နက်ကိုင်မဟုတ်သည့် သာမန်အရပ်သားများသာဖြစ်သည်။
တိုက်ပွဲကြောင့် မြဝတီဘက်ခြမ်းမှ စစ်ဘေးရှောင် ၃၀၀၀ ကျော် မဲဆောက်မြို့ဘက် ယာယီခိုလှုံတိမ်းရှောင်ခဲ့ရပြီး တိုက်ပွဲငြိမ်သက်သွားသည့် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းမှ စတင်ကာ မြဝတီမြို့ဘက်သို့ သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ပြန်လာသူများရှိနေကြောင်း သိရသည်။
ထိုင်းဘက်တိမ်းရှောင်လာသူများကို ကူညီပေးနေသည့်အဖွဲ့တစ်ခုဖြစ်သော Overseas Irrawaddy Association တာဝန်ရှိသူတစ်ဦးကလည်း မဲဆောက်မြို့နယ်တွင် စစ်ဘေးရှောင် ၁၀၀၀ ခန့်သာ ကျန်ပြီး ကျန်လူများသည် နေရပ်ပြန်ကြပြီဟု Myanmar Now ကို ပြောသည်။
“ပြန်ကြတယ်ဆိုတာက ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနားမှာ နေကြတယ်။ နေ့ခင်းဘက် သူတို့နေရာတွေ သွားနေပြီး ညခင်းဘက်ကျ ကမ်းနားကို ပြန်လာတာ။ တိုက်ပွဲနည်းနည်းအေးသွားတော့ သူတို့အိမ်သူတို့ပြန်ကြတာပဲ။ ပြန်ဖြစ်ရင် ပြန်ပြေးလာကြတာ” ဟု ၎င်းက ဆိုသည်။
အမှတ် (၁) တံတားတွင်လည်း ရာနှင့်ချီသော မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံဘက်သို့ ပြန်ကူးရန် တံတားပြန်ဖွင့်လိမ့်နိုးဖြင့် သွားရောက်စောင့်မျှော်နေသော်လည်း ယခုသတင်းရေးသားချိန်အထိ တံတားပြန်မဖွင့်သေးကြောင်း BBC သတင်းတစ်ပုဒ်အရ သိရသည်။
အမှတ် (၁) တံတားကို ထိုင်းဘက်ခြမ်းက ပြန်ဖွင့်သော်လည်း မြန်မာဘက်က ပြန်မဖွင့်သေးသဖြင့် လူအများ တံတားမကူးနိုင်ကြခြင်းဖြစ်သည်။
မြဝတီမြို့ပေါ်တွင် ပစ်ခတ်မှုများမရှိသော်လည်း ဧပြီလ ၂၁ ရက် ည ၁၂ နာရီဝန်းကျင်တွင် မြဝတီမြို့အနောက်ဘက် အတွင်းမဲကနယ်ရွာဘက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၁၀ လုံး ကြဲသွားသေးသည်။
လူထိခိုက်မှုသတင်း မကြားရပေ။
အမှတ် (၂) တံတားတိုက်ပွဲကြောင့် ၂ နိုင်ငံကြား ကုန်စည်ကူးသန်းမှု ထိခိုက်သွားရပြီး စစ်ရှောင်များလည်း တစ်မုဟုတ်ချင်းတိုးပွားလာစေသည်။
မြဝတီမြို့ပေါ်တွင် ယခင်သင်္ဃန်းညီနောင်ရွာဘက်မှ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၅၀၀၀ ကျော်ရှိရာ မြဝတီမြို့အစပ်က တိုက်ပွဲများကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုတိုးလာပြီး တစ်သောင်းနီးပါးရှိလာသည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူများက ခန့်မှန်းကြသည်။
စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေသည်ဟု မြဝတီမြို့ခံများက ပြောကြသည်။ မြဝတီတွင် တိုက်ပွဲဖြစ်ထားသလို မြဝတီကို ပြန်သိမ်းရန်လာသည့် စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းသည်လည်း ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် သံချပ်ကာယာဉ် ၁ စီး အပါအဝင် စစ်ကြောင်းမှ မော်တော်ယာဉ်များ ဆုံးရှုံးသည်အထိ အရေးမလှဖြစ်နေသည်။
ဧပြီလ ၂၁ ရက်နေ့က ဖြစ်ပွားသည့် စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးနှင့် ဗိုလ်လေး ၁ ဦး အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်။ ထို့ပြင် သံချပ်ကာယာဉ် ၁ စီး၊ စက်သေနတ်တပ်ဆင်ထားသော စစ်သုံးယာဉ် ၂ စီး၊ ပွိုင့်ဖွိုက် ၁ လက် အပါအဝင် လက်နက်ငယ် ၁၁ လက်နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီဘက်ကမူ မြဝတီသိမ်းရန် ချီတက်လာသည့် စစ်ကူစစ်ကြောင်း၏ အခြေအနေကို သတင်းအမှောင်ချထားသည်။
အဆိုပါစစ်ကူ စစ်ကြောင်းသည် အောင်ဇေယျစစ်ဆင်ရေးအရ လာသည့် စစ်ကြောင်းဟု နာမည်ကျော်ပြီး လတ်တလောတွင် ဒေါနတောင်တန်းကို မကျော်နိုင်သေးကြောင်း သိရသည်။
နယ်စပ်ဂိတ်များအနက် မဲဆောက်-မြဝတီ လမ်းကြောင်းသည် စီးပွားရေးမြို့တော် ရန်ကုန်သို့ အမြန်ဆုံးရောက်နိုင်သည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ရာ ထိုင်းအစိုးရ၊ ထိုင်းကုန်သည်တို့ အလေးထားသည့် ဒေသတစ်ခုဖြစ်သည်။
မြဝတီတွင် တိုက်ပွဲများရပ်တန့်ရန် ထိုင်းအစိုးရ၊ အာဆီယံတို့၏ အလေးအနက်တောင်းဆိုမှုမှာ တိုက်ပွဲကာလတွင်ပင် ပေါ်ပေါက်လာသည်။
၂၀၂၁ အာဏာသိမ်းအပြီး ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာပြီး တိုက်ပွဲများစွာ ဖြစ်နေသော်လည်း မြဝတီတိုက်ပွဲဒေသတွင် အခြားဒေသများထက် သတင်းသမားအများအပြား ရောက်နေသည်ကို တွေ့နိုင်သည်။
ကာလကြာ ဆက်တိုက်ဖွံ့ဖြိုးလာသော နယ်စပ်ကုန်သွယ်ရေးဒေသဖြစ်ခြင်း၊ နိုင်ငံတကာရာဇဝတ်မှုကြီးများ အခြေစိုက်ရာဒေသဖြစ်ခြင်းတို့ကြောင့် ကမ္ဘာက အာရုံစိုက်သောအခြေအနေ ဖြစ်လာသည်။ တိုက်ပွဲတစ်ဖက်ကမ်း မဲဆောက်မြို့သည် နိုင်ငံတကာမှ သတင်းသမားများ၊ ထောက်လှမ်းရေးများ၊ ရဲများ အလွယ်တကူ သွားရောက် လေ့လာ သတင်းယူနိုင်သည့် အားသာချက်ရှိသည်။ သတင်းသမားအများအပြားက မြဝတီမြို့တွင်းတွင် ဝင်ရောက်သတင်းယူကြပြီး ထိုင်းသတင်းအဖွဲ့တစ်ဖွဲ့မှာ စစ်ကောင်စီစွန့်ခွာလိုက်ရသည့် တပ်စခန်းတစ်ခုသို့ပင် ရောက်ခဲ့သည်။
တိုက်ပွဲများကြောင့် ထိခိုက်သေဆုံးမှု၊ နစ်နာမှုများစွာ ပေါ်ပေါက်နေချိန်တွင် တချို့သောသူများအတွက်မူ ဤအခြေအနေဆိုးက အခွင့်အရေးဖြစ်လာသည်။ မြဝတီတွင် တိုက်ပွဲဖြစ်နေသောကြောင့် ကျားဖြန့် ခေါ် အွန်လိုင်းလိမ်လည်မှုကျူးလွန်သည့်လူဆိုးဂိုဏ်းက ၎င်းတို့ ဖမ်းဆီးကျွန်ပြုနေသူတချို့ကို နေရာပြောင်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ပြောင်းရွှေ့ခံရသူများအနက် ဖိလစ်ပိုင်နိုင်ငံသား ၂၀ ကျော်သည် နယ်စပ်ကို ဖြတ်ပြီး မဲဆောက်မြို့ဘက်သို့ အရောက်သွားနိုင်ခဲ့ကာ ပြည်တော်ပြန်ရန် လမ်းစပွင့်သွားသည်ဟု ဖိလစ်ပိုင်သတင်းဌာနတစ်ခုက ယနေ့ (ဧပြီ ၂၂) တွင် ရေးသားထားသည်။
မြဝတီတွင် ဆက်လက်နေထိုင်နေကြသည့် ဒေသခံများထဲတွင် တချို့က အကောင်းမြင်နေပြီး တချို့ကလည်း ဆုံးဖြတ်ရ ခက်ခဲနေသည်။
စစ်ကောင်စီလေတပ်က အမှတ် (၂) တံတားဝန်းကျင်ရှိ တိုက်ပွဲနယ်မြေကိုသာ ဗုံးကြဲမည်ဖြစ်ပြီး မြဝတီမြို့လယ်ကို ဖျက်ဆီးမည်မဟုတ်ဟု တချို့က ယူဆနေပြီး တိမ်းရှောင်ကြခြင်း မရှိပေ။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း မြဝတီတွင် တိုက်ပွဲအကြီးအကျယ်ထပ်ဖြစ်နိုင်ခြေရှိမရှိ ခန့်မှန်းရ ခက်နေသည်ဟု ဆိုသည်။
“မနက်ပိုင်း ငြိမ်နေပေမဲ့ ညနေဘက်ဆို အသံကြားရတယ်လေ။ တစ်ညလုံး ငြိမ်နေပေမဲ့ မနက်မိုးလင်းစောစော အသံကြားရတာဆိုတော့ အဲဒါတော့ အစ်မလည်း ခန့်မှန်းမတတ်ဘူး” ဟု သူက ဆိုသည်။