အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် မင်းပြားမြို့ကို ဧပြီ ၃၀ နှင့် မေ ၁ ရက်တို့တွင် လေတပ်က ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။
ဧပြီ ၃၀ နံနက် ၁၀ နာရီခွဲခန့်တွင် မင်းပြားမြို့မ ရဲစခန်းနှင့် စည်ပင်ရုံးတို့ကိုလည်းကောင်း၊ မေ ၁ နံနက်ပိုင်းတွင် မြို့ပေါ်နေရာများကိုလည်းကောင်း ဗုံးကြဲ၊ စက်သေနတ်ဖြင့် ပစ်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။
“ဒီဘက်ကလည်း (စစ်ကောင်စီလေယာဉ်ကို) ပစ်တယ်။ အပြန်အလှန်ပစ်ကြတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဧပြီ ၃၀ နေ့လယ်ပိုင်းက လေးမြို့မြစ်ထဲရှိ ရေတပ်သင်္ဘောက ပစ်ခတ်ခဲ့ရာ မင်းပြားမြို့ သပြေညိုရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး အိမ် ၅ လုံး မီးလောင်ကျွမ်းကာ အရပ်သားများ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
“ဒီဘက်မှာက စစ်ပွဲတွေလည်း မရှိတော့ဘူးဆိုတော့ ငြိမ်းချမ်းနေပြီ။ အဲဒါကို လေယာဉ်ကနေပြီး ပြည်သူတွေကို လာချတယ်။ လေယာဉ်ကလည်း ၂ ရက်ဆက်တိုက်လာသွားတာ၊ တော်တော်ကြောက်ဖို့ ကောင်းတယ်။ တိုက်ပွဲလည်း မရှိတော့ဘူးဆိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကို လာချနေသလိုပဲ” ဟု ၎င်းက ပြောသည်။
၂၀၂၃ အောက်တိုဘာ ၂၇ တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်း/ပလောင်တပ် TNLA တို့က ရှမ်းပြည်နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကို ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်ခဲ့သည်။
ထို့နောက် ၂၀၂၃ နိုဝင်ဘာ ၁၃ တွင် AA က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို စတင်တိုက်ခိုက်ကာ ၃ လအတွင်း စစ်တပ် တပ်စခန်းများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။
၂၀၂၄ ဖေဖော်ဝါရီ ၇ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များရှိ တပ်စခန်းများအားလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ထုတ်ပြန် ကြေညာခဲ့ပြီးနောက် မင်းပြားမြို့ခံများသည် ၎င်းတို့၏ နေအိမ်များတွင် ပြန်လည် နေထိုင်ခဲ့ကြသည်။
သို့သော်လည်း လေတပ်က မင်းပြားမြို့ အပါအဝင် AA သိမ်းပိုက်ထားသည့် မြို့ကြီးများရှိ အရပ်သားပစ်မှတ်များကို မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိရာ ဒေသခံတို့ ထပ်မံ ထွက်ပြေးကြရသည်။
ဖေဖော်ဝါရီ ၂၇ တွင် မင်းပြားမြို့နယ် သေကံကျေးရွာဆေးရုံကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျမ်းမာရေးဝန်ထမ်းများနှင့် လူနာများအပါအဝင် ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်၊ ထို့ပြင် မတ် ၁ က မင်းပြားမြို့ ကင်းဆိပ်ရပ်ကွက်ကို လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၂၃ နိုဝင်ဘာလက မင်းပြားမြို့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် မြို့ကို စွန့်ခွာခဲ့ရပြီး ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင် ၅ လကြာ နေထိုင်ခဲ့ရသည်ဟု မင်းပြားမြို့ခံ လူငယ်တစ်ဦးက ပြောသည်။
၎င်း နေအိမ်သို့ ပြန်လည် ရောက်ရှိပြီးနောက် လပိုင်းအကြာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်ဟု ထိုလူငယ်က ပြောသည်။
“ပထမတော့ ကျွန်တော်တို့လဲ ရှိတာလေးနဲ့ စားတယ်။ မရှိတဲ့အခါ ကယ်ဆယ်ရေးတွေဘာတွေ မရဘူးဆိုတော့ ပါလာတဲ့ ပိုက်ဆံလည်း ကုန်တယ်ဆိုတော့ မြို့ပေါ်တက်လာတာ။ စီးပွားရေးလေးဘာလေး လုပ်လို့ရမလား။ အလုပ်လေးဘာလေး လုပ်လို့ရမလားဆိုပြီး တက်လာတာ” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင်လည်း ရေပြတ်လပ်မှု၊ စားနပ်ရိက္ခာရှားပါးမှုများနှင့် ရင်ဆိုင်နေကြရသည်ဟု ဒေသခံတို့က ဆိုသည်။
ယခုကြုံတွေ့ရသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းပြားမြို့တွင် နေထိုင်ကြသည့် မြို့ခံများမှာ စိုးရိမ်နေကြပြီး မြို့ကို ပြန်လည်စွန့်ခွာရန် ပြင်ဆင်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။
“စစ်ရှောင်တွေကတော့ နယ်ဘက်မှာဆိုရင် ရေတွေ အရမ်းရှားနေတယ်။ စားနပ်ရိက္ခာတွေ ကုန်စျေးနှုန်းတွေက အရမ်းကို စျေးမြင့်နေတယ်။ ကျွန်တော်တို့နေခဲ့တဲ့ ရွာတွေမှာဆိုရင် ဘာမှ လုပ်စားလို့မရဘူး။ ကယ်ဆယ်ရေးတွေရပေမဲ့ ကျွန်တော်တို့နေခဲ့တဲ့ရွာမှာဆိုရင် ကယ်ဆယ်ရေး တစ်ခေါက်မှ မရခဲ့ဘူး။ လူတွေအကုန်လုံးက ဒုက္ခရောက်နေကြပြီ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ရခိုင်ပြည်နယ်တိုက်ပွဲသတင်းများကို အမှောင်ချထားသော်လည်း ထိုဒေသတွင် AA ကို ဆန့်ကျင်သူများရှိသည်ဟူသော ထုတ်ပြန်ချက်များ၊ ဓာတ်ပုံများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလျက်ရှိသည်။
ပြည်နယ်ဖွဲ့စည်းပုံအရ မြို့နယ် ၁၇ မြို့နယ်ရှိသည့် ရခိုင်ပြည်နယ်တွင် ဂွ၊ သံတွဲ၊ တောင်ကုတ်နှင့် မာန်အောင် ၄ မြို့နယ်တွင်သာ စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး ကျန် ၁၃ မြို့နယ်တွင် အာရက္ခတပ်တော် AA ၏ ထိုးစစ်ကို စစ်ကောင်စီရင်ဆိုင်နေရသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေစဉ် မောင်တောမြို့ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီ ၁၂ တွင် AA က သိမ်းပိုက်နိုင်ခဲ့သည်။
လက်နက်ချ အညံ့မခံသေးသည့် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင် စကခ (၁၅) ဌာနချုပ်၊ တောင်ကုတ် စကခ (၅) ဌာနချုပ်များကို ထိုးစစ်ဆင်သွားမည်ဟု AA က ဧပြီ ၁၂ တွင် ထုတ်ပြန်ထားသည်။
AA က အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း စစ်ကောင်စီက အခြားဒေသမှ တပ်များကို ခေါ်ယူအားဖြည့်ပြီး ခုခံရန် အခြေအနေမပေးသဖြင့် လေတပ်နှင့် ရေတပ်ကိုသာ အားပြုပြီး ခုခံနေရသည်။
စစ်သားအရေအတွက် အများအပြားလိုအပ်နေသည့် စစ်ကောင်စီက တစ်နိုင်ငံလုံးမှ အသက် ၁၈ နှင့် ၃၅ ကြား အမျိုးသားများကို အတင်းအကျပ် ခေါ်ယူစုဆောင်းကာ စစ်သားအဖြစ် အသုံးပြုသည့် အစီအစဉ်ကို ယခုနှစ်ဆန်းပိုင်းတွင် အစပြုလိုက်သည်။