ဆောင်းပါး

ခေတ်ပျက်ချိန် စီးပွားဖြစ်နေသော ပြည်ပအလုပ်အကိုင်အေဂျင်စီများ

နိုင်ငံခြားထွက်ပြီး ငွေရှာလာသူ များပြားလာရာ ပြည်ပအလုပ်အကိုင် ရရှိရေး အကျိုးဆောင်ပေးသည့် အေဂျင်စီလုပ်ငန်းမှာ စီးပွားပျက်ချိန်တွင် ဖွံ့ဖြိုးလာသည့် ထိပ်တန်းလုပ်ငန်း ဖြစ်လာသည်။

တိုက်ပွဲများကြောင့် ဗုံးခိုကျင်းထဲမှာသာ အချိန်ကုန်နေရသည့်အဖြစ်ကို မနှင်းဆီ*စိတ်ပျက်လာသည်။​ စစ်တပ်က အာဏာသိမ်းထားသည်မှာ သုံးနှစ်ကျော်ရှိလာပြီဖြစ်သည်။ စစ်ဘေးရှောင်နေရသည်ဖြစ်ရာ မိသားစုဝင် ငါးဦးကို ထမင်းကျွေးနေသည့် လယ်ယာလုပ်ငန်းကိုလည်း အတိုင်းသားပစ်ထားရသည်။

အသက် ၃၈ နှစ်အရွယ် မနှင်းဆီမှာ ပဲခူးတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်နေသော စစ်တောင်းမြစ်အရှေ့ဘက်ကမ်းဒေသ ရွာတစ်ရွာမှဖြစ်သည်။ ဒီဇင်ဘာလတွင် မနှင်းဆီ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ စစ်လည်းရှောင်ပြီးသားဖြစ်၊ အလုပ်လုပ်ရင်းငွေရှာနိုင်မည့်နည်းလမ်းဖြစ်သည်။

ပြည်ပတွင် အလုပ်သွားလုပ်ရန် မနှင်းဆီ ဆုံးဖြတ်လိုက်ခြင်းပင်။

“ရွာမှာနေတော့ လက်နက်ကြီး၊ ဗုံးသံ ကြောက်ရတယ်။ မြို့ပေါ်မှာလည်း အဖမ်းခံရမှာ အကုန်ကြောက်ရတော့ (နိုင်ငံခြား) သွားဖို့ ဆုံးဖြတ်လိုက်တယ်” ဟု မနှင်းဆီက ရှင်းပြသည်။

“အမေတော့ မရှိတော့ဘူး။ အဖေလည်း ကျန်းမာရေးကောင်းတုန်း၊ အချိန်ရှိတုန်း ထွက်ရှာချင်တာ။ ဒီမှာနေလည်း အလကားပဲ”

ပြည်ပထွက်အလုပ်လုပ်ရန် အတွေ့အကြုံမရှိသည့် မနှင်းဆီအနေဖြင့် ကြားခံပွဲစားမှတစ်ဆင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကို ချိတ်ဆက်ရသည်။

ဤသို့ဖြင့် မနှင်းဆီကဲ့သို့သော အလုပ်အကိုင်ရှာဖွေသူများ အားကိုးသည့် အေဂျင်စီများ အလုပ်ဖြစ်နေကြသည်။

စစ်အာဏာသိမ်းမှု ပရမ်းပတာအခြေအနေများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများထွက်ခွာသွားသလို စီးပွားရေးလုပ်ငန်းများတစ်ခုပြီးတစ်ခုရပ်ဆိုင်းလာသော်လည်း အကျပ်အတည်းကြား တိုးချဲ့လာသည့် လုပ်ငန်းများအနက် ပြည်ပအလုပ်အကိုင်အေဂျင်စီများမှာ ထိပ်တန်းမှ ပါဝင်နေသည်။

ငွေလမ်းခင်းရသည့် ရေကြည်ရာမြက်နုရာ

အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်ရန် ခြေလှမ်းစသည့်အနေဖြင့် ဇန်နဝါရီလကုန်ပိုင်းတွင် မနှင်းဆီ ရန်ကုန်ရောက်လာသည်။ နယ်ဘက်ရှိ ပွဲစားအဆက်အသွယ်ဖြင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီရှာပုံတော်ဖွင့်ရသည်။

သိပ်မခက်ပါပေ။ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနှင့် အလွယ်တကူပင် ချိတ်ဆက်မိသည်။ ပိုက်ဆံကို အတိုးနှင့်အကြွေးယူကာ အေဂျင်စီနှင့် စာချုပ်ပင် ချုပ်လိုက်ပြီဖြစ်သည်။ စုစုပေါင်း သိန်း ၄၀ ကျော် ပေးရသည်။

“ရက်ပေါင်း ၉၀ အတွင်း ထွက်ရမယ်လို့ ပြောတယ်။ ခုတော့ တစ်လကျော်သွားပြီ။ ပိုက်ဆံတွေလည်း သွင်းပြီးပြီ။ သူတို့ရဲ့စာချုပ်အရက ၃၈ သိန်း၊ ဖောင်ကြေးနဲ့ အခြားဟာတွေလုပ်ရတော့ အကုန်လုံးပေါင်း ၄၃ သိန်း ပေးပြီပြီ” ဟု မနှင်းဆီက ရှင်းပြသည်။

နိုင်ငံရေးအခြေအနေအရ မသွားဖြစ်ပါက နှစ်ဆပြန်လျော်မည်ဟု အေဂျင်ဘက်က ကတိပြုသည်။ ရက်ပေါင်း ၉၀ ဆိုသော်လည်း မည်သည့်အချိန်ထွက်ရမည်ကိုမူ အတပ်မပြောနိုင်ပေ။ အလုပ်က ဘာဖြစ်မည်၊ လစာမည်မျှရမည်ဆိုသည်မှာလည်း မသေချာပေ။ သို့သော် ယူထားသည့်အကြွေးအတွက် အတိုးကတော့ ပြန်ဆပ်နေရပြီဖြစ်သည်။

“အတိုးတွေပေးနေရပြီ။ ၁၀ တိုး (၁၀ ရာခိုင်နှုန်းအတိုး) ဆိုတော့ မသက်သာဘူးလေ။ သိန်း ၄၀ ဆို တစ်လကို လေးသိန်းလေ” ဟု မနှင်းဆီက ခပ်လေးလေးရှင်းပြသည်။

ပြည်ပသို့ တရားဝင် သွားရောက်အလုပ်လုပ်နိုင်ရေး သိန်းပေါင်းများစွာ ပုံပေးရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်ကြမ်းလုပ်ခွင့်ရနိုင်ရေးအတွက်ပင် အေဂျင်စီကြေးသက်သက် ကျပ်သိန်း ၄၀ အထက် ကုန်ကျနေရသည်

ထိုင်းမှာ ကုန်ကျစရိတ်အနည်းဆုံးဖြစ်သည့်နည်းတူ လစာဝင်ငွေလည်း အနည်းဆုံးဖြစ်သည်။

မလေးရှား၊ ဒူဘိုင်း၊ ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့ သွားရောက်အလုပ်လုပ်မည်ဆိုပါက ထိုပမာဏထက် ပိုမိုကုန်ကျနိုင်သည်။ ပြည်ပတွင် အလုပ်လုပ်သည်ဆိုသော်လည်း အများအားဖြင့် အိမ်အကူ၊ သူနာပြုအကူ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်ငန်းများသာဖြစ်ပြီး အိုင်တီနှင့် အင်ဂျင်နီယာအလုပ်များအတွက် သွားသူရှိသော်လည်း အရေအတွက်နည်းသည်။

အလွယ်ဆုံးနှင့် အနီးဆုံးဆိုသော်လည်း

ပြည်ပထွက်အလုပ်လုပ်လိုသူ အများစုသွားရောက်ကြသည်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံပင်။ အလွယ်ကူဆုံးနှင့် အနီးဆုံးဆိုသော်လည်း လက်တွေ့၌ မမျှော်မှန်းနိုင်သော အခက်အခဲပေါင်းများစွာရှိနေသည်။

သိန်း ၄၀ ကျော် အကုန်အကျခံပြီး တရားဝင်လမ်းကြောင်းမှ ရောက်ပြီးသော်လည်း အလုပ်လွယ်လွယ်မရဘဲ အခြေအနေပျက်ယွင်းရသည်များရှိသည်။ အလုပ်ရသည့်တိုင် လုပ်ခလစာ ပုံမှန်မရခြင်း၊ အလုပ်သမားအခွင့်အရေး အပြည့်အဝမရခြင်း စသည့်ပြဿနာပေါင်းများစွာ ရှိနေသေးသည်။

မတ်လ ၂၀ ရက်နေ့က ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၉၈ ဦးမှာ ထိုအခြေအနေကို လက်တွေ့ကြုံတွေ့နေရပြီဖြစ်သည်။ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုနှင့် စာချုပ်ချုပ်ဆိုပြီး ထိုင်းနိုင်ငံ၊ ချန်ထဘူရီရှိ TKK သစ်သီးပါကင်စက်ရုံတွင် အလုပ်လုပ်ရန် ရောက်လာခြင်းဖြစ်သည်။

သို့သော် ၎င်းတို့ကို ထိုင်းစက်ရုံဘက်က အလုပ်ခန့်အပ်ထားခြင်းမရှိပေ။

တစ်နေ့လုပ်ခ ၃၃၀ ဘတ်၊ အချိန်ပိုလုပ်အားခ ၆၂ ဘတ်ရမည်ဆိုကာ တရားဝင် MoU (နှစ်နိုင်ငံအစိုးရချင်း လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ) ဖြင့် စာချုပ်ချုပ်ဆိုပြီး ရောက်လာသော်လည်း လုပ်ငန်းခွင်မဝင်ရဘဲ လမ်းဘေးတွင် စွန့်ပစ်ခံရသည်ဟု TKK အစားအသောက်ထုတ်လုပ်ရေးစက်ရုံတွင် အလုပ်လုပ်ရန် ရောက်လာသည့် အမျိုးသမီးအလုပ်သမားတစ်ဦးက ပြောသည်။

“ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေချင်တယ်။ မျှော်လင့်ထားတာနဲ့ ဆီနဲ့ရေလိုဖြစ်နေတယ်” 

အခြေအနေအပေါ် အလုပ်သမားများက အလုပ်သမားအဖွဲ့အစည်းထံ တိုင်ကြားခဲ့သည်။ လက်ရှိတွင် အလုပ်သမား အယောက် ၅၀ ကို ငါးသေတ္တာစက်ရုံ ပို့မည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ကျန်အလုပ်သမားများကို TKK စက်ရုံက ပြန်ခေါ်ထားသည်။

သို့သော် ယနေ့အချိန်ထိ အလုပ်မဆင်းရသေးပေ။ နေရေးထိုင်ရေးပင် အဆင်မပြေသဖြင့် ထိုအလုပ်ကို ဆက်မျှော်မနေတော့ဘဲ အလုပ်ပြောင်းသူများပင် ရှိနေသည်။

အေဂျင်စီကြေး ကျပ် ၄၀ ကျော်အတွက် အိမ်ခြံပေါင်ရုံနှင့် မလုံလောက်သဖြင့် ငွေတိုးချေးခဲ့ရပြီး၊ အေဂျင်စီထံ အလုပ်စအပ်ချိန်မှ ထိုင်းရောက်သည်အထိ အချိန် ၇ လခန့် ကြာမြင့်ခဲ့သည်ဟု TKK စက်ရုံတွင် အလုပ်ရရန် မျှော်လင့်ချက်ဖြင့် ရောက်လာခဲ့သူ အမျိုးသမီးက ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်မဝင်ရသေးသော်လည်း ပြည်တွင်း၌ ချေးယူခဲ့သည့်အကြွေးအတွက် အတိုးဆပ်နေရပြီဖြစ်သည်။

“အတိုးတွေက တောက်လျှောက်တွေတက်နေတယ်။ အခုဆိုရင် အလုပ်လည်း မဝင်ရဘူး။ ထိုင်းနိုင်ငံကို ရောက်တဲ့အချိန်မှာ ဒီအလုပ်ထဲမှာ ကိုယ့်စရိတ်ကိုယ်စားရမယ်ဆိုတဲ့အတွက် ဆောင်လာတဲ့ ပိုက်ဆံလေးတွေ ထပ်အလိမ်ခံရတယ်။ ခေါင်းပုံအဖြတ်ခံနေရတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။

ကိုယ်ကျိုးသာကြည့်သည့် အေဂျင်စီများက အလုပ်အကိုင်အရည်အသွေး၊ အလုပ်သမားအခွင့်အရေးကို ဦးစားမပေးတော့ဘဲ လူပို့နိုင်ရေးသာ အဓိကထားလာသည်ဟု ထိုင်းအခြေစိုက် မြန်မာအလုပ်သမားများကူညီစောင့်ရှောင်ရေးအဖွဲ့မှ ကိုမုန်တိုင်းက ပြောသည်။

“ကုမ္ပဏီက ထိုင်းထဲကို ရောက်ရေးပဲ လုပ်တယ်။ အလုပ်သမားတွေကတော့ တရားဝင်လာတဲ့သူဆိုတော့ ထိုင်းထဲရောက်ရင် အဆင်ပြေမယ်လို့ထင်တယ်။ ဒါပေမဲ့ ဒီလူတွေက အဆင်မပြေဘူး။ ဒုက္ခေရောက်တဲ့သူတွေ အများကြီးတွေ့ရတယ်” ဟုလည်း ကိုမုန်တိုင်းက ထောက်ပြသည်။

“ထိုင်းထဲမှာ လုပ်ငန်းတွေရှားပါတာ တွေ့ရတယ်။ လုပ်ငန်းခွင်တွေထဲ မရောက်ဘူး။ သူတို့ စာချုပ်ချုပ်တာနဲ့ သွားလုပ်နေရတာတွေက တခြားစီတွေ့ရတယ်”

လယ်အလုပ်ယာအလုပ်ဖြင့် တစ်သက်လုံးအသက်မွေးလာသည့် ကျေးလက်ဒေသမှ လူငယ်များမှာ စစ်ပွဲကြောင့် ပြည်ပနိုင်ငံများသို့ အလုံးအရင်းထွက်ခွာနေပြီး ရန်ကုန်မှ အေဂျင်စီများကို လူရှာပေးသည့် ရွာခံပွဲစားများပင် ပွပေါက်တိုးနေသည်ဟု ပဲခူးတိုင်းမှ မနှင်းဆီက ဆိုသည်။

“ရွာကလူတွေလည်း စစ်ပွဲတွေနဲ့ဆိုတော့ အကုန်လုံး ထိုင်းနဲ့တရုတ် ထွက်ကြတယ်။ လယ်လည်းလုပ်မရဆိုတော့လေ။ ရွာဘက်မှာတော့ စစ်မှုထမ်းဆိုတာထက် နယ်မြေမအေးချမ်းလို့၊ လက်နက်ကြီးတွေကျလို့၊ အလုပ်အကိုင်မကောင်းလို့ ထွက်ကြတာများတယ်”

ထိုင်းသို့ သွားရန် အေဂျင်စီနှင့် စာချုပ်ချုပ်ဆိုရာ၌ ၎င်းတို့အသုတ်၌ပင် လူ ၅၀ ရှိသည်ဟု မနှင်းဆီက ရှင်းပြသည်။ 

“အယောက် ၅၀ လောက် ရှိတယ်၊ နှစ်ယောက်က သွေးမအောင်ဘူး။ ပွဲစားတွေက မတူတော့ ကျွန်တော်တို့က စာချုပ်ချုပ်တာ နောက်ကျတယ်။ နောက်ကျတော့ ပိုက်ဆံကို အရင်ယူပြီးမှ နောက်ရက်မှ စာချုပ်ချုပ်ရတာ”

အလုပ်သမားများများ၊ အေဂျင်စီများများ

မျှော်လင့်ချက် တစ်ပွေ့တစ်ပိုက်ဖြင့် နိုင်ငံရပ်ခြားရောက်လာချိန် မြန်မာအလုပ်သမားများ အခက်အခဲပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း ပြည်တွင်းရှိ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှာမူ အလုပ်သမားများထံမှ ဝန်ဆောင်ခ မြိုးမြိုးမြက်မြက် ရနေကြသည်။

အကြောင်းအမျိုးမျိုးဖြင့် ပြည်ပအလုပ်သွားလုပ်လိုသူ များလာသည်နှင့်အမျှ အေဂျင်စီများ အကျိုးအမြတ်များလာသည်။

ကျေးရွာတချို့တွင် အသက်ကြီးပိုင်းအရွယ်များသာ ကျန်တော့သည်အထိ လူငယ်များ အုံလိုက်ကျင်းလိုက် ပြည်ပထွက်နေပြီး ထွက်ရန်ပြင်ဆင်သူ ဒုနှင့်ဒေးရှိသည်ဟု တောင်ကိုးရီးယားသွားရန် ကြိုးစားနေသည့် သာကေတမြို့နယ်မှ ကိုနန်းက ပြောသည်။

“အရင်တုန်းက အလုပ်သမားအယောက် ၅၀ ခေါ်မယ်ဆိုရင် ဖြေမယ့်သူက ၁၀၀ လောက်ရှိတယ်။ အခုက အယောက် ၅၀ ခေါ်မယ်ဆိုရင် ဖြေမယ့်သူက ၁,၀၀၀ လောက် ဖြစ်နေတယ်”

တောင်ကိုးရီးယားသို့ သွားရောက်အလုပ်လုပ်သူတို့ ကျော်ဖြတ်ရသည့် ဘာသာစကားအရည်အချင်းစစ်စာမေးပွဲကို ယခုနှစ်တွင် စာမေးပွဲဖြေဆိုသူ ၇ သောင်းကျော်ရှိသည်။ ယခုနှစ်တွင် အမျိုးသမီးများလည်း ဖြေဆိုခွင့်ရလာသည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ်မှစ၍ အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများကို အမှတ်ပေးစနစ်ဖြင့် ကိုးရီယားသို့ အလုပ်သမားစေလွှတ်ခဲ့ရာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆောက်လုပ်ရေးကဏ္ဍအတွက် ခေါ်ယူခဲ့ပြီး ယခုနှစ်အတွင်း ဝန်ဆောင်မှုလုပ်ငန်းကို တိုးချဲ့ခေါ်ယူခဲ့သည်။ ဝန်ဆောင်မှုလုပ်ငန်းများတွင် အမျိုးသားများအပြင် ဆယ်တန်းအောင်မြင်သည့် အမျိုးသမီးများပါ လုပ်ကိုင်ခွင့်ရှိသည်။

တောင်ကိုးရီးယားသို့ အလုပ်သမားစေလွှတ်ခြင်းကို အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားသည့် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက အဓိကကိုင်တွယ်ပြီး ၂၀၂၃ တွင် မြန်မာလုပ်သား ၁၀,၆၁၁ ဦး လွှတ်ထားကြောင်း ယခုနှစ်အတွင်း ၁၁,၀၀၀ ခွဲတမ်းရရှိထားကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အလုပ်သမားဝန်ကြီးဌာနက ပြည်ပထွက်မည့်သူများကို ရန်ကုန်နှင့် မန္တလေးတွင် သင်တန်းများပို့ချနေရာ ၂၀၁၇ မှ ၂၀၂၄ ထိ သင်တန်းသား ၄ သိန်းခွဲ ပို့ချပြီးဖြစ်သည်ဟု ဆိုသည်။

အုံလိုက်ကျင်းလိုက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေချိန် စစ်မှုထမ်းဥပဒေကြောင့် ထွက်ခွာသူ ပိုများလာနိုင်သည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဒီကလူတွေက အကုန်ထွက်ချင်တာပဲလေ။ နဂိုကမှ အာဏာသိမ်းလိုက်လို့ ထွက်ချင်ရတဲ့အထဲမှာ အခုနောက်ပိုင်း စစ်မှုထမ်းဥပဒေထွက်လာတော့ ပိုဆိုးသွားတယ်။ ကလေးတွေက စွတ်ထွက်ကြတယ်။ ထွက်တဲ့အခါမှာ တရားဝင်လိုင်စင်ရအေဂျင်စီတွေရဲ့ Demand နဲ့ Supply က မမျှဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက် ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားစီးပွားရေးနယ်ပယ်တွင် လုပ်ငန်းများရပ်ဆိုင်းသွားသော်လည်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးနယ်ပယ်ထဲသို့ လုပ်ငန်းရှင်ကြီးများ အပြိုင်အဆိုင်ဝင်ရောက်လာသည်ဟုလည်း ယင်းလုပ်ငန်းရှင်က ဆိုသည်။

၂၀၂၁ ဖေဖော်ဝါရီမတိုင်မီ စစ်အာဏာမသိမ်းမီက ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်နှင့် အခြားနိုင်ငံများသို့ အလုပ်သမားပို့ပေးသည့် အလုပ်အကိုင်အေဂျင်စီပေါင်း ၃၀၀ ကျော်သာ ရှိသော်လည်း ယခုအခါ ၅၀၀ ကျော်အထိ တိုးလာသည်။

ခရိုနီလုပ်ငန်းရှင်ကြီးများလည်း အေဂျင်စီထူထောင်လာသလို အချို့မှာ စစ်ကောင်စီနှင့် ဆက်နွှယ်နေပြီး အထူးသဖြင့် ဂျပန်ပို့ပေးမည့် ကုမ္ပဏီများမှာ စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးအဆင့်အကြီးအကဲများနှင့် အချိတ်အဆက်ရှိသည်ဟု စုံစမ်းသိရှိရသည်။

အေဂျင်စီထူထောင်ရာတွင် အာမခံကြေးအဖြစ် ထိုင်းသို့ ပို့ဆောင်မည့်လိုင်စင်အတွက် ကျပ်သိန်း ၃၀၀၊ အခြားနိုင်ငံများအတွက် ကျပ်သိန်း ၂၅၀ ပေးသွင်းရပြီး ငွေကြေးပိုင်ဆိုင်မှု ကျပ်သိန်း ၁,၀၀၀ ရှိကြောင်း သက်သေပြသရန်လည်း လိုအပ်သည်။

၂၀၂၀ တွင် ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် အလုပ်သမားပို့ဆောင်သည့် အစီအစဉ်များရပ်တန့်သွားသည်။ ၂၀၂၁ စစ်ဏာသိမ်းလိုက်ချိန် စစ်ကောင်စီနှင့် မပူးပေါင်းလို၍ အေဂျင်စီလိုင်စင်အာမခံကြေးမပေးသွင်းသည့် ကုမ္ပဏီများရှိခဲ့သည်။ ထိုအေဂျင်စီများကို စစ်ကောင်စီက လိုင်စင်ရုပ်သိမ်းခဲ့ဖူးသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဖေဖော်ဝါရီထိ အေဂျင်စီ ၄၄၀ က ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမား ၁၆၇,၉၂၆ ဦး ပို့ပေးခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက မတ် ၂၂ တွင် ထုတ်ပြန်သည်။

လစဉ် အလုပ်သမားစေလွှတ်မှု တရိပ်ရိပ်တက်လာသည်။ ၂၀၂၃ ဧပြီတွင် အလုပ်သမားစေလွှတ်မှု ၉၀၀၀ ခန့်သာ ရှိသော်လည်း စစ်မှုထမ်းဥပဒေကြေညာလိုက်သည့် ယခုနှစ် ဖေဖော်ဝါရီတွင် ၁၈,၉၅၀ ဖြစ်လာသည်။

အလုပ်သမားများရင်ဆိုင်နေရသည့် အခက်အခဲများ၊ အေဂျင်စီများကို ထိန်းကြောင်းမှုများနှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ပြောခွင့်ရ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

ကျဆင်းလာသော အလုပ်ခေါ်စာများ

အလုပ်လုပ်မည့်လူအရေအတွက်မှာ အဆမတန်များပြားသော်လည်း ရှာပေးနိုင်သည့် အလုပ်အကိုင်မှာ တစ်ဖြည်းဖြည်းနည်းပါးလာကြောင်း ရန်ကုန်မြို့မှ အေဂျင်စီလုပ်ငန်းရှင်က ပြောသည်။

ကိုဗစ်ကပ်ရောဂါထိခိုက်မှုမှ ပြန်နာလန်ထူလာသော်လည်း နိုင်ငံတကာတွင် စီးပွားရေးအားကောင်းရန် ကြိုးစားနေဆဲဖြစ်၍ စက်ရုံအလုပ်ရုံများအတွက် အလုပ်ခေါ်စာနည်းပါးနေကြောင်း ၎င်းက ဆိုသည်။

“ကိုဗစ်ကြောင့် ရုန်းကန်နေဆဲဆိုတော့ စီးပွားရေးကောင်းလှတဲ့နိုင်ငံတွေ သိပ်မရှိဘူးလေ။ ပြန်ပြီးတော့ ကြိုးစားနေရဆဲဖြစ်တယ်။ အရင်အခြေအနေကို မမီသေးဘူး။ အဲ့အချိန်မှာ အလုပ်ခေါ်စာက အေဂျင်စီတွေ လက်ထဲမှာ အများကြီးမရှိဘူး” ဟု ၎င်းက ပြောသည်။

မလေးရှားသည် ယခုနှစ် မတ်လကုန်မှစတင်၍ အလုပ်သမားခေါ်ယူမှုကို ရပ်ဆိုင်တော့မည်ဖြစ်ကြောင်း ကြေညာထားသလို အိမ်းနီးချင်း ထိုင်းနိုင်ငံတွင်လည်း အလုပ်ခေါ်ယူစာ အကန့်အသတ်များစွာရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် အေဂျင်စီများက အကန့်အသတ်ဖြင့်ရှိသည့် အလုပ်ခေါ်စာများ အပြိုင်ရရန် ကြိုးပမ်းလာပြီး ကျင့်ဝတ်လိုက်နာမှု အားနည်းလာသည်ဟု ဆိုသည်။ အလုပ်ခေါ်စာရရန် တစ်ဖက်နိုင်ငံအေဂျင်စီများကို ငွေပုံပေးသည့်နည်းတူ မြန်မာအလုပ်သမားများထံမှ ဝန်ဆောင်ခများ တိုးမြင့်ကောက်ခံလာကြသည်ဟု အေဂျင်စီများထံမှ သိရသည်။

“ဈေးကွက်တွေအပြိုင်ပေးကြတယ်။ အသစ်တွေကလည်း အလုပ်တွေ ရလိုဇောနဲ့ အပြိုင်ပေးကြတယ်။ တချို့အဟောင်းတွေကလည်း တချို့လူတွေကလည်း ပေးကြတော့ ရှုပ်ကုန်တာပေါ့” ဟု အေဂျင်စီလုပ်ငန်းရှင်က ဆိုသည်။

မနှင်းဆီအပါအဝင် လူငယ်ထောင်ပေါင်းများစွာသည် ပင်လယ်ရပ်ခြားသို့ တရားဝင်လမ်း၊ မှောင်ခိုလမ်းမှ ငွေလမ်းခင်း စွန့်စားထွက်ခွာနေကြသည်။ နိုင်ငံခြားတိုင်းပြည်အသီးသီးသို့ တရားဝင်လမ်းကြောင်းမှ အလုပ်သွားလုပ်သူများအတွက် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို အားကိုးအားထားပြုရသဖြင့် ထိုလုပ်ငန်းများမှာ အကျပ်အတည်းကြား ခွင်ကောင်းတွေ့နေတော့သည်။

(* လုံခြုံရေးအခြေအနေအရ အမည်လွှဲဖော်ပြထားသည်။)

Show More

Related Articles

Back to top button