သတင်း

အလုပ်သမား ပြည်ပပို့ရန် ငွေယူထားသည့် ကုမ္ပဏီပိုင်ရှင် တိမ်းရှောင်နေ

ရန်ကုန်မြို့မှ ဆုပိုင်ဝင်းမြင့်ကုမ္ပဏီသည် နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်လိုသူများထံမှ ငွေကျပ် သိန်းပေါင်း ၂၀,၀၀၀ ကျော် လိမ်လည်ပြီး တိမ်းရှောင်နေကြောင်း စုံစမ်းသိရှိရသည်။

နှစ်နိုင်ငံနားလည်မှုအစီအစဉ် (MoU) လမ်းကြောင်းမှ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများသို့ စေလွှတ်ပေးမည်ဟုဆိုကာ အလုပ်လုပ်လိုသူ ၂၀၀၀ ကျော်ထံမှ ငွေယူထားကြောင်း ကြားခံပွဲစားတစ်ဦး၊ လိမ်လည်ခံရသူတစ်ဦးနှင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာများသို့ တိုင်ကြားထားသည့် တိုင်ကြားစာနှစ်စောင်အရ သိရသည်။

ပြည်ပထွက်ရန် ကုန်ကျမည့်စရိတ်အတွက် အိမ်ပေါင်၊ ခြံပေါင်ထားသည့် မြို့နယ်အသီးသီးမှ နွမ်းပါးသူများသည် ပြည်ပသို့ အလုပ်သမားပို့သည့် တရားဝင်အေဂျင်စီများကို တိုက်ရိုက်မချိတ်ဆက်ကြဘဲ ကြားခံပွဲစားများကို အားကိုးရာမှ အလိမ်ခံရခြင်းဖြစ်သည်။

၂၀၂၂ ဒီဇင်ဘာတွင် ကုမ္ပဏီကို နိုင်ငံကူးလက်မှတ်အပ်ခဲ့သည်၊ လူတစ်ဦးလျှင် ကျပ် ၁၅ သိန်းမှ သိန်း ၂၀ ထိ ပေးခဲ့ကြသည်၊ သုံးလကျော် ကြာမြင့်လာချိန်ထိ ပြည်ပထွက်ခွင့် မရသေး၍ စုံစမ်းရာမှ လိမ်လည်ခံရမှန်း သိရသည်ဟု ပဲခူးတိုင်း ကျေးရွာတစ်ခုမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

“လတွေ ကြာလာတော့ မသင်္ကာတာနဲ့ သူ့ဆီက စာအုပ်နဲ့ ပိုက်ဆံတွေ ပြန်ထုတ်မယ်ဆိုတော့ သူက နေ့ရွှေ့၊ ညရွှေ့နဲ့ မထုတ်ပေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ၎င်းက ဆိုသည်။

“၃ လပိုင်းမှာ ပြန်ထုတ်မယ်ဆိုတော့ ဒီလထဲမှာ သေချာတယ်၊ သူ့ဦးလေးတွေနဲ့ ချိတ်ဆက်ပေးထားတယ်၊ သေချာတယ်ဆိုပြီး မဲဆွယ်တော့ စောင့်ပေးခဲ့တယ်။ စောင့်ပေးခဲ့တာကိုမှ ကုမ္ပဏီက လုံးဝကို ပြန်မဖွင့်တဲ့ အခြေအနေ။ သူ့ဘက်က ထပ်မလာတော့တဲ့အခါ ဖုန်းဆက်တော့လည်း ဆက်လို့မရတော့ဘူး”

ထိုအမျိုးသမီးသည် အလုပ်သွားလုပ်ရန် စီစဉ်ထားသူဖြစ်သလို သူ၏ရွာမှ လူပေါင်း ၁၀၀ ကျော်ကို အလုပ်အကိုင်ရရှိရန် ဆုပိုင်ဝင်းမြင့်ကုမ္ပဏီနှင့် ချိတ်ဆက်ပေးခဲ့သူဖြစ်သည်ဟု ဆိုသည်။

ထိုကုမ္ပဏီနှင့် ချိတ်ဆက်ကာ အခြားပွဲစားများကလည်း လူပေါင်း ရာနှင့်ချီ အလုပ်အပ်ထားကြောင်း၊ လူတချို့သာ နိုင်ငံကူးလက်မှတ်နှင့် ငွေကြေး ပြန်လည်ရပြီး အများစု မရရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

အလုပ်သမားတို့၏ ငွေပေးချေမှု အထောက်အထားများ။

ယခုအခါ ကုမ္ပဏီပိုင်ရှင်က ရုံးခန်းပိတ်ထားပြီး တိမ်းရှောင်နေသဖြင့် ကြံရာမရသည့်အဆုံးတွင် စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးရေးဌာနတို့ထံ ပြီးခဲ့သည့် မေတွင် တိုင်ကြားစာ ပေးပို့ထားသည်ဟုလည်း လိမ်လည်ခံရသူ အမျိုးသမီးက ဆိုသည်။

ယခုနှစ် ဧပြီမှစ၍ ကုမ္ပဏီနှင့် အဆက်သွယ်ပြတ်တောက်သွားပြီး နိုင်ငံကူးလက်မှတ်၊ စရန်ငွေ ၃ သိန်း၊ စာချုပ်ချုပ်ဆိုခါနီးပြီဟုဆိုကာ ထပ်မံပေးသွင်းခိုင်းသည့် ကျပ် ၁၅ သိန်းတို့ကို ယနေ့အချိန်ထိ ပြန်မရဟု ရန်ကုန်မြို့မှ လိမ်လည်ခံရသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ငွေလိမ်သွားသည့် ဆုပိုင်ဝင်းမြင့်ကုမ္ပဏီသည် လုပ်ငန်းလုပ်ခွင့် လိုင်စင်မရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီမှတ်ပုံတင်ထားသည်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းနှင့် လမ်း (၄၀) ၌ ရုံးခန်းဖွင့်ကာ ထိုင်းနှင့် မလေးရှားရှိ ငါးသေတ္တာစက်ရုံ၊ မုန့်စက်ရုံ၊ လျှပ်စစ်စက်ရုံများသို့ အလုပ်သမားစေလွှတ်မည်ဆိုကာ အလုပ်ခေါ်စာများ ထုတ်ပြန်ခဲ့သည်။ ယခုနှစ်ဆန်းတွင် ကုမ္ပဏီရုံးခန်းကို မြောက်ဒဂုံမြို့နယ် (၃၇) ရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့သည်။

ဒေါ်ဆုပိုင်ဝင်းမြင့်နှင့် ဦးစအောင်မျိုးကျော်တို့နှစ်ဦးသည် ကုမ္ပဏီဒါရိုက်တာများဖြစ်ကြသည်။ ထို့ပြင် အခြားကုမ္ပဏီတစ်ခုဖြစ်သော စအောင်မျိုးကျော်ကုမ္ပဏီတွင် ၎င်းတို့နှစ်ဦးသည် ဒါရိုက်တာများဖြစ်ကြသည်။ ရုံးခန်းလိပ်စာ တူညီကြသည့် ကုမ္ပဏီနှစ်ခုလုံးမှာ မှတ်ပုံတင်ကြသည့် ရက်စွဲလည်း တူညီကြသည်။

၎င်းတို့သည် ပြည်ပထွက်လိုသည့် အလုပ်သမားများကို စုစည်းကာ ပွဲစားခယူပြီး အေဂျင်စီများထံ အလုပ်ပြန်အပ်ပေးသည့် ပွဲစားများဖြစ်သော်လည်း ကုမ္ပဏီဆိုင်းဘုတ်တွင်မူ Oversea Employment Agency (ပြည်ပအလုပ်အကိုင်အေဂျင်စီ) ဟု ဖော်ပြထားခြင်းမှာ ပုံမှားရိုက်ခြင်း ဖြစ်သည်ဟု ထိုလုပ်ငန်းအကြောင်း နားလည်သူများက ပြောသည်။

အောက်ခြေမှ လူစုဆောင်းပေးသည့် ပွဲစားများ၊ ကြားခံပွဲစားနှင့် အေဂျင်စီနှင့် ချိတ်ဆက်သည့်ပွဲစားဟူ၍ အဆင့်ဆင့်ရှိပြီး လိမ်လည်ခံရသည့် အလုပ်သမားများ၏ အကျိုးဆောင်ခပေးချေမှု အထောက်အထားတွင် ကုမ္ပဏီနှစ်ခုလုံး ပါဝင်ပတ်သက်နေသည်။

အခြားပွဲစားမှတစ်ဆင့် အလုပ်အပ်ခဲ့သည့် Star High ကုမ္ပဏီက ငွေကြေး လိမ်လည် ထွက်ပြေးသွားသဖြင့် အလုပ်သမားမပို့နိုင်တော့ကြောင်း၊ နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက်လာကြောင်း ဒေါ်ဆုပိုင်ဝင်းမြင့်က Myanmar Now ကို ပြောသည်။ 

ဆုပိုင်ဝင်းမြင့်ကုမ္ပဏီကို ယခုနှစ် ဖေဖော်ဝါရီ ၂၂ တွင် ပိတ်လိုက်သော်လည်း အလုပ်သမားများကို အဆက်သွယ်မဖြတ်သလို စာအုပ်ထုတ်ယူသူ၊ ငွေကြေးပြန်ထုတ်လိုသူများကို ပြန်လည်ရှင်းပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

စုစုပေါင်း အလုပ်သမား ၁,၀၀၀ ကျော်၊ ကျပ်သိန်းပေါင်း ၆,၀၀၀ ကျော်သာဖြစ်ကြောင်း၊ ငွေပြန်ရှင်းပေးရန် လူပေါင်း ၂၀၀ ဝန်းကျင်သာ ကျန်ကြောင်း ၎င်းက ဆိုသည်။

အလုပ်သမားများ၏ ငွေကို ပွဲစားခသာ ယူ၍ အဆင့်ဆင့် ပေးချေထားပြီး ယခုပြဿနာဖြစ်လာချိန်တွင် အခြားပွဲစားများက ဆုပိုင်ဝင်းမြင့်ကုမ္ပဏီကိုသာ အပြစ်ပုံချခြင်းဖြစ်ကြောင်း ဒေါ်ဆုပိုင်ဝင်းမြင့်က ဖြေရှင်းသည်။

“သူတို့နဲ့ အဆက်သွယ်ဖြတ်ထားတာ နှစ်ပတ်ရှိပြီ။ ဒါကလည်း သူတို့တွေ ကျွန်မကို ခြိမ်းခြောက်တာတွေ သက်သေအကုန်ရှိတယ်။ မျိုးစုံလုပ်ထားတဲ့အတွက်ကို ခဏရှောင်နေတာ။ ဖြေရှင်းဖို့ တရားဝင်နည်းလမ်း ရှာနေတဲ့အတွက်ပါ” ဟု ၎င်းက ဆိုသည်။

ငွေကြေးလိမ်လည်မှုများမဖြစ်မီ ဆုပိုင်ဝင်းမြင့်ကုမ္ပဏီ၊ အခြားပွဲစားကုမ္ပဏီတစ်ခုဖြစ်သော KK Idea နှင့် Star High ကုမ္ပဏီတို့သည် ထိုင်းသို့ အလုပ်သမားပို့ရန် စာချုပ်ချုပ်ဆိုခဲ့သေးသည်ဟု အလုပ်သမားများ၏ တိုင်ကြားစာတွင် တွေ့ရသည်။

ယခုနှစ် ဖေဖော်ဝါရီ ၂၂ တွင် ဒေါ်ဆုပိုင်ဝင်းမြင့်ကို ဒဂုံရဲစခန်းက လာရောက်စစ်ဆေးခဲ့သလို အေဂျင်စီလိုင်စင်မရှိဘဲ အလုပ်သမား စုဆောင်း၍မရကြောင်း ပြောဆိုခဲ့ပြီး ယခုအခါ အမှုဖွင့်ထားသည်ဟု သိရသည်။

တရားဝင်အေဂျင်စီများကို မစိစစ်ဘဲ ပွဲစားကို ယုံ၍ အလုပ်အပ်ကြခြင်းကြောင့် အလိမ်ခံနေရခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ငွေလိမ်လည်ခံရသူ ၁၀,၀၀၀ ထက်မနည်း ရှိနိုင်ကြောင်း ပြည်ပသို့ အလုပ်သမားပို့သည့် အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“သွားမယ့်လူတွေက အဲ့လောက်မအဖို့ မတုံးဖို့ လိုတယ်လေဗျာ။ ပွဲစားစကား သွားယုံပြီး သွားလုပ်တာက အဲ့ဒီမှာ အဓိကဖြစ်တာ။ နယ်ကလူတွေ ပညာပေးဖို့လိုတာဗျ။ ရွာကလူတွေက ဘာမှမသိဘူး။ ဖြစ်မှ၊ ခံရမှ သိကြတာ။ အခုက လိုင်စင်မရှိတဲ့ဟာတွေက အများကြီးပဲ” ဟု ၎င်းက ဆိုသည်။

တရားဝင်အေဂျင်စီ ဟုတ်မဟုတ် အလုပ်သမားဝန်ကြီးဌာန၏ Safe Migration Telegram နှင့် Facebook တွင် စစ်ဆေးနိုင်ကြောင်း၊ ပွဲစားများနှင့် ဆက်လုပ်လျှင် အလိမ်ခံရနိုင်ခြေများကြောင်း ၎င်းက ဆိုသည်။

စစ်ရေးကိုသာ ဦးစားပေးနေရသည့် အာဏာသိမ်းစစ်ကောင်စီက လိမ်လည်မှုများကို ကြီးကြပ်အရေးယူမှု အားနည်းပြီး နိုင်ငံအခြေအနေကြောင့် တိမ်းရှောင်သူများကို မည်သည့်နေရာတွင် ခြေရာကောက် ဖမ်းဆီးရမည်ကို သိနိုင်မည်မဟုတ်ကြောင်းလည်း အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စားဝတ်နေရေး ကျပ်တည်းလာ၍ ပြည်ပထွက်အလုပ်လုပ်လိုသူ များပြားလာနေသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ ရေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံသား သန်းနှင့်ချီ လုပ်ကိုင်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button