ထိုင်းနိုင်ငံမှာ ပြည်သူ ၉ သန်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူ စုဆောင်းပြီး အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားတွေကို ပြန်လည်ရောင်းချတဲ့ အဖွဲ့တစ်ခုကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်မှာ ဖော်ထုတ် ဖမ်းဆီးလိုက်ပါတယ်။
ဘန်ကောက်၊ ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်နဲ့ အယုဒ္ဓယ အပါအဝင် ပြည်နယ် ၁၆ ခုက နေရာပေါင်း ၂၂ နေရာကို ရဲတပ်ဖွဲ့က ရှာဖွေစီးနင်းပြီးတော့ သံသယရှိသူ ၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အခုဖမ်းမိတဲ့ သူတွေထဲမှာ အမျိုးသမီး တစ်ယောက်ပဲ ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ အသက် ၂၁ နှစ်ကနေ ၅၃ နှစ်အကြား ထိုင်းနိုင်ငံသား အမျိုးသားတွေဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီအဖွဲ့ဟာ လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ၂၀၂၂ ခုနှစ်ကတည်းက စတင် ခိုးယူခဲ့တာဖြစ်ပြီး စုစုပေါင်း လူဦးရေ ၉ သန်း ၆ သိန်းကျော်ရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားပြီးတော့ အဲဒီလူတွေကိုလည်း “ဆရာဝန်တွေ၊ သူဌေးတွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေ” ဆိုပြီး အုပ်စုအလိုက် ခွဲကာ သူတို့ရဲ့ အချက်အလက်တွေကို စုဆောင်းထားတာ ဖြစ်ပါတယ်။
ခိုးယူထားတဲ့ ဒီအချက်အလက်တွေကိုတော့ ကလောက်ဒ် (Cloud Storage) ပေါ်မှာ သိမ်းဆည်းထားတာဖြစ်ပြီး၊ အချက်အလက်ဝယ်ယူမယ့် အွန်လိုင်းလိမ်လည်သူ Scammers တွေနဲ့ အွန်လိုင်းလောင်းကစား ဒိုင်တွေအတွက် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်အောင် အဲဒီအချက်အလက်တွေကို ဖိုင်ပေါင်း ၁ သောင်းကျော် ခွဲပြီး စုဆောင်းပေးထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနက ရဲမှူးကြီး ပါဆာကွန် နာပါချုတ်က ပြောပါတယ်။
ဒါ့အပြင် အခုဖမ်းမိသူ ၉ ဦးဆီကနေ လက်ပ်တော့ ကွန်ပျူတာ ၅ လုံး၊ ဒက်စ်တော့ ကွန်ပျူတာ ၆ လုံး၊ ဖုန်းအမျိုးမျိုးကြားမှ ချိတ်ဆက်အသုံးပြုတဲ့ ဆော့ဖ်ဝဲလ်စနစ် (Phone farm box) ၁ ခု၊ မိုဘိုင်းလ်ဖုန်းနဲ့ တက်ဘလက် ၃၁ လုံး၊ ဆင်းမ်ကတ် ၁၁၂ ကတ်၊ ဘဏ်စာအုပ် ၁၀ အုပ်၊ ငွေသား ဘတ် ၇ သိန်း ၇ သောင်းကျော် ၊ သေနတ် ၂ လက်နဲ့ ကျည်ဆန် ၄၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှာ မကြာသေးခင်က လိမ်လည်လှည့်ဖြားမှုကြောင့် တိုင်ကြားထားတဲ့ အမှုပေါင်း ၁၃၀၀၀ ကျော်ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ဘတ် ၂ ဘီလီယံလောက်ရှိကြောင်း သိရပါတယ်။
အလိမ်ခံရသူတွေထဲမှာ ထိုင်းအစိုးရဝန်ထမ်းတွေလည်း ပါဝင်နေပြီး သူတို့အားလုံးရဲ့ ဆုံးရှုံးမှုတန်ဖိုးဟာ စုစုပေါင်း ဘတ် သန်း ၃၀၀ နီးပါး ရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းအစိုးရအနေနဲ့ အခုဆိုရင် နိုင်ငံတွင်းမှာ နိုင်ငံခြားသားတွေ လုပ်ပိုင်ခွင့် မရှိတဲ့လုပ်ငန်းတွေ ၊ ထိုင်းနိုင်ငံသား အမည်ခံပြီး နောက်ကွယ်ကနေ နိုင်ငံခြားသားတွေပိုင်ဆိုင်ထားတဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဖမ်းဆီးနှိမ်နှင်းလျက် ရှိနေပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



