
စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးယိုယွင်းမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းနည်းလာသောကြောင့် ပြည်ပထွက်အလုပ်လုပ်သူများကို စစ်ကောင်စီက အဆင့်ဆင့်တင်းကျပ်နေရာ ဇန်နဝါရီလမှစ၍ သက်ဆိုင်ရာနိုင်ငံရှိ သံရုံးများနှင့် တိုက်ဆိုင်စစ်ဆေးမည်ဟု သိရသည်။
ပြည်ပထွက်အလုပ်လုပ်သူများ၏ အလုပ်ခေါ်စာ (Job Offer) ကို စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက သက်ဆိုင်ရာနိုင်ငံများရှိ သံရုံများသို့ ပေးပို့စစ်ဆေးပြီးမှသာ ပြည်ပအလုပ်သမားသက်သေခံကတ်ပြား (OWIC) ခွင့်ပြုမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားကြောင်း ပြည်ပထွက်အလုပ်လုပ်ရန် ကြိုးပမ်းနေသူနှစ်ဦးက Myanmar Now ကို ပြောသည်။
ထိုင်း၊ မလေးရှားနှင့် ကိုရီးယား သုံးနိုင်ငံအတွက် သက်ဆိုင်ရာအလုပ်သမားသံအရာရှိရုံး၊ အခြားနိုင်ငံများအတွက် သက်ဆိုင်ရာ မြန်မာသံရုံးများက စစ်ဆေးမည်ဖြစ်ကာ မှန်ကန်ကြောင်း အကြောင်းပြန်ကြားချက်ရမှ သွားခွင့်ပြုရန် စစ်ကောင်စီက စီစဉ်ထားခြင်းဖြစ်သည်။
“အကျိုးထက် အပြစ်က ပိုများတာပေါ့။ ပြောရရင် သူတို့က (စစ်ကောင်စီ) အေးဂျင့်တွေနဲ့ ပေါင်းပြီး ရိုက်တာပေါ့” ဟု စင်ကာပူနိုင်ငံသို့ အလုပ်သွားလုပ်ရန် စီစဉ်နေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ အစီအစဉ်အရ အလုပ်ခေါ်စာစစ်ဆေးရန် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ရာ ကိုယ့်အစီအစဉ်ဖြင့် အလုပ်ရှာဖွေထားသူများမှာ စာရွက်စာတမ်းများပြည့်စုံသည့်တိုင် အေဂျင်စီများကို မဖြစ်မနေဆက်သွယ်ရတော့မည်ဟု အမည်မဖော်လိုသူ အဆိုပါအမျိုးသားက ပြောသည်။
“ဗီဇာကျပြီးမှ အလုပ်သွားလုပ်လို့ရတာဗျာ။ စင်ကာပူဆို IPA letter (နိုင်ငံခြားအလုပ်သမားများ အလုပ်လုပ်ခွင့်အတည်ပြုစာ) ရမှ သွားလို့ရတာဗျာ။ ဂျပန်ဆိုရင် COE ကျမှ သူ့နိုင်ငံကို ဝင်လို့ရတာဗျာ။ အဲဒီလိုတင်းကျပ်နေတဲ့ သူတို့နိုင်ငံဥပဒေက ခွင့်ပြုတဲ့ ခွင့်ပြုစာတောင်ရနေတာကို ဘာမဟုတ်တဲ့ Offer Letter တစ်ခုတည်းနဲ့ အာရုံနောက်နေတာ” ဟု ၎င်းက ဆိုသည်။
အလုပ်ရှင်ထံမှ အလုပ်ခေါ်စာကို အေဂျင်စီနှင့် ချိတ်ဆက်၍ သံရုံးများသို့ ပေးပို့စစ်ဆေးမည်ဆိုပါက အချိန် ပိုမိုကြန့်ကြာနိုင်သလို ကုန်ကျစရိတ်လည်း ပိုများလာမည်ဟု အထက်ပါ သတင်းရင်းမြစ်က ခန့်မှန်းသည်။
ယခင်က တစ်လ ဒေါ်လာ ၁,၂၀၀ အောက်ရသော အလုပ်သမားတစ်ဦးသည် OWIC ကတ်အတွက် အေဂျင်စီမှတစ်ဆင့် လျှောက်ထားရာတွင် အကျိုးဆောင်ခ ၂၅၀ ဒေါ်လာပေးရကြောင်း၊ ဒေါ်လာ ၁,၂၀၀ အထက်ရသော အလုပ်သမားများမှာ အေဂျင်စီနှင့် မဆက်သွယ်ရသဖြင့် အလွန်ဆုံး ၅၀,၀၀၀ ကျပ်သာ ကုန်ကျကြောင်း ၎င်းက ပြောသည်။
အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း စစ်ကောင်စီ၏ ထိုသို့သော တင်းကျပ်မှုများကြောင့် ပြည်ပသို့ ထွက်၍ အလုပ်လုပ်မည့်သူများသာမက ခေတ္တပြန်လာပြီး ပြည်ပလုပ်ငန်းခွင်ပြန်ဝင်မည့်သူများပါ အခက်တွေ့နေသည်ဟု သိရသည်။
စမတ်ကတ်ဟု အလွယ်ခေါ်သည့် OWIC ကတ်ကို ၁၉၉၉ တွင် အစိုးရအချင်းချင်းသဘောတူညီမှု (G2G) ဖြင့် အလုပ်သမားစေလွှတ်ရာတွင်သာ ပြုလုပ်ရသဖြင့် လက်ရှိ ပြည်ပ၌ အလုပ်လုပ်နေသူအများစုမှာ ထိုကတ်နှင့် ပတ်သက်၍ သိရှိထားခြင်းမရှိဟု စမတ်ကတ်ရရှိရေး ကြိုးပမ်းနေသူ အခြားသူတစ်ဦးက ဆိုသည်။
“တော်တော်လေးကို အခက်အခဲဖြစ်တယ်ဗျ။ အလုပ်ရှင်တွေက စောင့်နိုင်ရင်တော့ တစ်မျိုးပေါ့ဗျာ။ အလုပ်တစ်ခု ဟိုမှာ ရဖို့ဆိုတာက တော်တော်လေးကို ခက်ခဲတဲ့ကိစ္စတွေ။ အခုချိန်က ကိုဗစ်ကာလနဲ့ ဆိုတော့လေ။ တချို့တွေ ဟိုဘက်ကနေပြီးတော့ ဖျက်သိမ်းသွားတာတွေ ရှိတယ်လို့ ကြားတယ်” ဟု OWIC ကတ်လျှောက်ရန် စီစဉ်နေသည့် ထိုသူက ပြောသည်။
ကတ်ထုတ်ရန် နေပြည်တော်သို့ စာရွက်စာတမ်းများပေးပို့ပြီးမှသာ သက်ဆိုင်ရာ သင်တန်းကို တက်ခွင့်ရကြောင်း၊ အွန်လိုင်းမှပို့ချသည့် ထိုသင်တန်းပြီးမှ ကတ်ထုတ်ခွင့်ရှိ၍ စုစုပေါင်း ရက်သတ္တပတ် သုံးပတ်ကြာမြင့်ကြောင်း ၎င်းက ပြောသည်။
ထိုသို့ အချိန်ကြန့်ကြာမှုများကြောင့် အခြားနိုင်ငံများက မြန်မာနိုင်ငံမှ အလုပ်သမားများကို ခေါ်ယူရခက်သည့် အခြေအနေဖြစ်လာလျှင် နိုင်ငံသားတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ကြောင်း ထိုသူက ခန့်မှန်းသည်။
“ကိုဗစ်လည်းဖြစ်ရော မြန်မာသင်္ဘောသားတွေနေရာမှာ ဖိလစ်ပိုင်သင်္ဘောသားတွေ အစားထိုးဝင်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိလစ်ပိုင်သင်္ဘောသားတွေက အချိန်တိုအတွင်း သင်္ဘောပေါ်တက်နိုင်ဆင်းနိုင်တယ်။ မြန်မာနိုင်ငံက သင်္ဘောသားတွေက အချိန်တိုအတွင်း မတက်နိုင်မဆင်းနိုင်ဘူး။ လေယာဉ်ပျံတို့ ဘာတွေ စီစဉ်မပေးနိုင်ဘူး” ဟု ၎င်းက သာဓကပေးသည်။
ယခုစစ်ဆေးမည့်အစီအစဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။
မြန်မာအလုပ်သမားများမှာ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအို၊ ဂျော်ဒန်နိုင်ငံများသို့ အများဆုံးသွားရောက်နေခြင်းဖြစ်ကာ ၁၉၉၀ မှ ၂၀၂၁ မတ်အထိ အလုပ်သမား ၁ ဒသမ ၃ သန်းကျော် စေလွှတ်ခဲ့ကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းမှ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးများ ထွက်ခွာသွားရာ ပြည်ပသို့ထွက် အလုပ်လုပ်လိုသူ များနေကြောင်း အထက်ပါ အမျိုးသားနှစ်ဦးက ဆိုသည်။
နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံတွင်း တရားမဝင်ခိုးဝင်သည့် မြန်မာအလုပ်သမားများ ဖမ်းဆီးရမိသော သတင်းများလည်း မကြာခဏတွေ့ရှိနေရပြီး ပြီးခဲ့သည့် စက်တင်ဘာအတွင်း ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် မြန်မာအလုပ်သမား ၅၀၀ ကျော် ဖမ်းဆီးခံရကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်က ဆိုသည်။
အာဏာသိမ်းမှုဖြစ်စဉ်နှင့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ လူဦးရေထက်ဝက်မှာ လာမည့်နှစ်ဆန်းပိုင်း (၂၀၂၂) တွင် ဆင်းရဲနွမ်းပါးဖြစ်လာမည်ဟု ကုလသမဂ္ဂဖွံ့ဖြိုရေးအစီအစဉ် (UNDP) က ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုအခြေပြမျဉ်း (တစ်ရက်ဝင်ငွေ ၁ ဒေါ်လာအောက်) နေထိုင်ကြရသူ ရာခိုင်နှုန်းမှာ ၂၀၁၇ ခုနှစ်တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၄၆ ဒသမ ၃ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး မြင့်တက်လာမည်ဖြစ်ကြောင်း UNDP က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)