သတင်း

ကမ္ဘာ့ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာကုမ္ပဏီကြီးများ တစ်ခုပြီးတစ်ခု ထွက်ခွာခဲ့သည့်နည်းတူ ကမ္ဘာ့ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီးကုမ္ပဏီဖြစ်သော British American Tobacco (BAT) သည်လည်း လုပ်ငန်းများရပ်ဆိုင်းကာ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်ကတည်းက ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကာ London, KENT, Lucky Strike စသည့် စီးကရက်အမှတ်တံဆိပ်များကို ထုတ်လုပ်ရောင်းချနေသည့် BAT Myanmar ကုမ္ပဏီက အောက်တိုဘာ ၆ ရက်မှစ၍ ထုတ်လုပ်မှု၊ အရောင်းနှင့် ဖြန့်ချိရေးလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ၎င်း၏ စီးပွားရေးမိတ်ဖက်များကို အကြောင်းကြားထားသည်။ 

စီးပွားရေးအရ ရေရှည်ရပ်တည်နိုင်မှုကို အကဲဖြတ်သုံးသပ်ပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း BAT ကုမ္ပဏီ၏ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှဒေသဆိုင်ရာ ကော်ပိုရိတ်မန်နေဂျာဖြစ်သူ Madeeh Pasha က ဆိုသည်။ 

“တခြား ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတွေလိုပဲ ကျွန်မတို့လည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လုပ်ငန်းတွေကို စဉ်ဆက်မပြတ် အကဲဖြတ်သုံးသပ်ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်မတို့ရဲ့ စီးပွားရေးလုပ်ငန်းရဲ့ အကဲဖြတ်ပြီးနောက်မှာ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပြီး နိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

လက်ရှိတွင် ကုမ္ပဏီဝန်ထမ်းများ၏ ရှေ့ရေး ညှိနှိုင်းဆောင်ရွက်နေပြီး ယခုနှစ်ကုန်ပိုင်းတွင် စီးပွားရေးလုပ်ငန်းအားလုံး အပြီးသတ်ရပ်ဆိုင်းနိုင်ရန် ရည်မှန်းထားသည်ဟုလည်း Madeeh Pasha က ဆိုသည်။

ကုမ္ပဏီတာဝန်ရှိသူက အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း Myanmar Now က ရရှိထားသည့် အချက်အလက်များအရ BAT Myanmar ကုမ္ပဏီတွင် ဝန်ထမ်းပေါင်း ၄၀၀ ခန့်ရှိကာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ အမေရိကန်ဒေါ်လာ ၉၁ သန်း ရှိပြီး ယမန်နှစ်တွင် အခွန်ငွေ ဒေါ်လာ ၂၇ သန်း ပေးသွင်းခဲ့သည်။ 

ဗြိတိန်အခြေစိုက် ဆေးလိပ်ကုမ္ပဏီ BAT ထွက်ခွာသွားသည့်အတွက် ပြည်တွင်းထုတ် စီးကရက်များနှင့် မှောင်ခိုဝင်ရောက်လာသည့် ဆေးလိပ်ထုတ်ကုန်များ အပြိုင်ရှိနေသည့် မြန်မာနိုင်ငံတွင် ဈေးကွက်အရ ကွာဟမှုဖြစ်လာနိုင်ကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) ဒါရိုက်တာဖြစ်သူ Vicky Bowman က ပြောသည်။

“BAT ထွက်သွားတဲ့အတွက် မြန်မာနိုင်ငံမှာ တရားမဝင်ကုန်သွယ်မှုကို ဦးတည်တိုက်ဖျက်နေတဲ့ ကုမ္ပဏီတစ်ခုလျော့နည်းသွားတဲ့ သဘောပါပဲ” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် BAT အနေဖြင့် ထွက်ခွာချိန်တွင် လက်ရှိစီးပွားရေးအခြေအနေအရ ကုမ္ပဏီဝန်ထမ်းများနှင့် စီးပွားရေးအရ တွဲဖက်လုပ်ကိုင်သူများ အဆင်ပြေစေရေး လူ့အခွင့်အရေးအရ ထိခိုက်နစ်နာခြင်းများ မဖြစ်အောင် တာဝန်ယူဆောင်ရွက်ရမည်ဟု Vicky Bowman က ဆိုသည်။  

ဆေးလိပ်နှင့် ဆေးရွက်ကြီး လုပ်ငန်းနယ်ပယ်အကြောင်း သုတေသနပြုဖော်ပြနေသည့် Tobacco Tactics ဝက်ဘ်ဆိုက်စာမျက်နှာအရ BAT ကုမ္ပဏီမှာ အမေရိကန်နိုင်ငံမှ Philip Morris ကုမ္ပဏီပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီးကုမ္ပဏီဖြစ်သည်။

၁၉၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော BAT ဆေးလိပ်ကုမ္ပဏီမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန်များအပြင် အီလက်ထရောနစ်စီးကရက် (e-cigarette) များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကာ ဥရောပအခြေစိုက် ဈေးကွက်သုတေသနကုမ္ပဏီတစ်ခုဖြစ်သော Euromonitor International အဆိုအရ ၂၀၂၀ တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန်ပစ္စည်းများ၏ ကမ္ဘာ့ဈေးကွက် ၁၂ ဒသမ ၂ ရာခိုင်နှုန်းကို BAT ကုမ္ပဏီက ရရှိထားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံရှိသည်။ 

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုနီးပါး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့သည့် BAT ကုမ္ပဏီထွက်ခွာခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးအရသာမက ကုမ္ပဏီက ထောက်ပံ့ပေးနေသည့် လူမှုစီးပွားအကျိုးပြု (CSR) လုပ်ငန်းများလည်း ထိခိုက်သည်ဟု BAT Myanmar နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ရှမ်းပြည်နယ်၊ ဖယ်ခုံနှင့် ရန်ကုန်တိုင်း၊ တိုက်ကြီးတွင် BAT Myanmar ကုမ္ပဏီက လူမှုစီးပွားအကျိုးပြုစီမံကိန်းများကို တတိယအဖွဲ့အစည်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု သိရသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် လုပ်ငန်းများရပ်ဆိုင်းရန် သို့မဟုတ် နိုင်ငံတွင်းမှ အပြီးထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခု အထိရှိကြောင်း ကမ္ဘာ့ဘဏ်က ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် မြန်မာနိုင်ငံကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီးများ။

ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီးများတွင် ပြင်သစ်အစိုးရက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီ EDF, ဩစတြေးလျရေနံကုမ္ပဏီကြီး Woodside နှင့် မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီ Petronas တို့လည်း ပါဝင်သည်။

ထို့ပြင် ထိုင်းနိုင်ငံမှ အိမ်ခြံမြေကုမ္ပဏီကြီး Amata အုပ်စု၊ ဟောင်ကောင်အခြေစိုက် Shanghai ဟိုတယ်လုပ်ငန်းစုနှင့် စင်ကာပူအစိုးရပါဝင်သည့် Sembcorp ကုမ္ပဏီတို့သည်လည်း ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် အကောင်အထည်ဖော်နေဆဲ စီမံကိန်းများကို ရပ်ဆိုင်းခဲ့သည်။

ဂျပန်နိုင်ငံမှ ကီရင် (Kirin) ဘီယာကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ RMHS ကုမ္ပဏီ၏ အစုရှယ်ယာရှင်တစ်ဦးသည်လည်း စစ်တပ်လက်အောက်ခံ ဦးပိုင်နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့သည်။ 

နော်ဝေအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီကြီးကလည်း ပြည်တွင်း၌ သုံးစွဲသူ ၁၈ သန်းကျော်အတွက် ဝန်ဆောင်မှုပေးနေသည့် တယ်လီနောမြန်မာကုမ္ပဏီကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group ထံ ရောင်းချကာ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဇူလိုင်လဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအနက် ဒစ်ဂျစ်တယ်အခွင့်အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုအရှိဆုံးကုမ္ပဏီဟု သတ်မှတ်ခံထားရသည့် တယ်လီနောမြန်မာ ထွက်ခွာမည်ဆိုသည့်အတွက် စိုးရိမ်ပူပန်များဖြစ်ပေါ်ခဲ့သည်။

အခြားသော နိုင်ငံတကာကုမ္ပဏီကြီးများနည်းတူ BAT ကုမ္ပဏီက လုပ်ငန်းများရပ်ဆိုင်းကာ နိုင်ငံတွင်းမှ အပြီးထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းမှာ စစ်အာဏာသိမ်းနိုင်ငံတွင် စီးပွားရေးဆက်လုပ်ပါက အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ ထိခိုက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်နိုင်ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စောင့်ကြည့်လေ့လာနေသူတစ်ဦးက ဆိုသည်။

“ဂုဏ်သိက္ခာနဲ့ ပတ်သက်လို့ ဂရုစိုက်ရတဲ့ Responsible Investor (တာဝန်သိရင်းနှီးမြှုပ်နှံသူ) မဟုတ်ဘူးလို့ အစွပ်စွဲမခံချင်တဲ့ ကုမ္ပဏီတွေကတော့ ထွက်နေကြပြီပေါ့။ သူတို့ စစ်ကောင်စီနဲ့ မပူးပေါင်းဘူးဆိုတဲ့ သဘောပေါ့” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် ဇွန်လအတွင်း ကမ္ဘာ့ဘဏ်က ကောက်ယူခဲ့သော စစ်တမ်းအရ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးထိခိုက်ပျက်စီးမှု ပိုမိုဆိုးရွားလာသည်ကို ကုမ္ပဏီလေးပုံသုံးပုံက လက်ခံထားကာ ကုမ္ပဏီများအနေဖြင့် စစ်ကောင်စီလက်ထက်တွင် စီးပွားရေးလုပ်ကိုင်ရန် စိုးရိမ်ပူပန်လျက်ရှိသည်။ 

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကတိကဝတ်များ ကျဆင်းကာ အရင်းအနှီးပမာဏ လျော့နည်းသွားခြင်းနှင့်အတူ ပြည်ပမှ ကျွမ်းကျင်မှုနှင့် နည်းပညာချိတ်ဆက်သုံးစွဲနိုင်မှု ထိခိုက်စေသည်ကို ကမ္ဘာ့ဘဏ်က သတိပေးခဲ့သည့်နည်းတူ လာမည့်နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ၌ ဆင်းရဲနွမ်းပါးသူ နှစ်ဆမြင့်တက်လာနိုင်သည်ဟုလည်း ဆိုသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအပါအဝင် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button