သတင်း

ပြင်သစ်ဘဏ် ၅ ခု၏ ရင်းနှီးငွေနှင့် ရန်ပုံငွေများ စစ်ကောင်စီထံ စီးဝင်နေ

အာဏာသိမ်းစစ်ကောင်စီ အဓိက ဝင်ငွေရလမ်းတစ်ခုဖြစ်သော ရေနံနှင့် ဘဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာစစ်တပ်က ဝယ်ယူနေသော လက်နက်၊ ဆက်သွယ်ရေးနည်းပညာစသည့် ကဏ္ဍများအတွင်း ပြင်သစ်နာမည်ကြီးဘဏ် ၅ ခု၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပင်စင်ရန်ပုံငွေ (Fond de Reserve) များ စီးဝင်နေသည်။

Crédit Agricole, La Banque Postale, BPCE Group, BNP Paribas, Societe Generale စသည့် နာမည်ကြီး ပြင်သစ်ဘဏ်များနှင့် ပြင်သစ်ပင်စင်ရန်ပုံငွေတို့က စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဘီလျံခန့် သုံးစွဲ၍ စစ်ကောင်စီနှင့် ဆက်နွှယ်သော ထိုလုပ်ငန်းများအတွင်း ရင်းနှီးမြှုပ်နှံထားကြောင်း Justice for Myanmar, Info Birmanie နှင့် BankTrack တို့ ပူးပေါင်း၍ ဇူလိုင် ၇ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။

အထက်ပါ စုစုပေါင်းပမာဏ၏ ၇၅ ရာခိုင်နှုန်းကို မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေ့ကဏ္ဍတွင် ထည့်ဝင်ထားကြောင်း ထိုအစီရင်ခံစာက ဆိုသည်။ လွန်ခဲ့သော နှစ်နှစ်ကျော်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်ကောင်စီကို ကမ္ဘာက အရေးယူပိတ်ဆို့မှုများ ချမှတ်ထားချိန်တွင် ပြင်သစ်၏ ထိုသို့ ရင်းနှီးမြှုပ်နှံမှုများမှာ မြန်မာပြည်သူများအပေါ် သစ္စာဖောက်ခြင်းဖြစ်သည်ဟု BankTrack မှ Climate Campaigner နှင့် သုတေသနပြုလုပ်သူ Henrieke Butijn က ပြောသည်။

“ပြည်သူတွေကို အကြမ်းဖက်လုပ်ငန်းတွေ ဆက်လုပ်ဖို့အတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝင်ငွေအခွန်တွေရရှိနေသလို စစ်လက်နက်ရောင်းချပေးနေတဲ့ Bharat Electronics တွေကိုလည်း ပြင်သစ်ဘဏ်တွေနဲ့ ပင်စင်ရန်ပုံငွေတွေကနေတစ်ဆင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြင်သစ်ဘဏ် Credit Agricole က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ခုနှစ် မတ်လအထိ ဒေါ်လာ ၂ ဘီလျံကျော်ခန့် သုံးကာ POSCO, Chevron, GAIL India, Oil and Natural Gas corporation (ONGC) နှင့် PTTEP ရေနံကုမ္ပဏီကြီးများမှတစ်ဆင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ထည့်ဝင်ထားသလို မြန်မာကို စစ်လက်နက် ဆက်လက်ရောင်းချနေသည့် အိန္ဒိယနိုင်ငံပိုင် လက်နက်ကုမ္ပဏီ Bhart Electronics (BEL) တွင်လည်း ရင်းနှီးမြှုပ်နှံထားသည်ဟု အထက်ပါ အစီရင်ခံစာအရ သိရသည်။

BELသည် မြန်မာစစ်တပ်ကို လက်နက်မရောင်းရန် ကမ္ဘာ့နိုင်ငံများက တားမြစ်ထားချက်ကို လျစ်လျူရှုကာ လွန်ခဲ့သော ၆ လကျော်အတွင်း စစ်ကောင်စီထံ အမေရိကန် ဒေါ်လာ ၅ သန်းဖိုးရှိ လက်နက်ခဲယမ်းများ တင်ပို့ထားကြောင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က ဇွန် ၂၁ တွင်  ထုတ်ပြန်ဖူးသည်။ Bharat Electronics သည် အိန္ဒိယနိုင်ငံအခြေစိုက် စစ်လက်နက်နှင့် စစ်တပ်သုံးထောက်လှမ်းရေးပစ္စည်းများကို ကမ္ဘာအနှံ့ ရောင်းချပေးနေသည့် ကုမ္ပဏီဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ်အထိ ရေဒါစနစ် စက်ပစ္စည်းများ၊ လက်နက်ချိန်မှတ် (weapon sight) များ၊ ရေဒီယိုလှိုင်း (VHF နှင့် UHF စနစ်) စနစ်ပစ္စည်းများနှင့် ထောက်လှမ်းရေးစက်ကိရိယာများကို မြန်မာစစ်တပ်ထံသို့ တင်ပို့ရောင်းချခဲ့ခြင်းဖြစ်သည်။

ထို့ပြင် Groupe BPCE, BNP Paribas, Banque Postale နှင့် Fonds de Reserve pour les retarites, Credit Agricole တို့သည် စစ်ကောင်စီက ထိန်းချုပ်ထားသည့် မြန်မာ့စာတိုက်နှင့် ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ဖက်ဆက်လုပ်ကိုင်နေသည့် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ KDD, Sumitomo Corp တို့တွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။ 

Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ပြင်သစ်ဘဏ်တွေနဲ့ ပင်စင်ရန်ပုံငွေတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးအကျိုးတူဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေအပေါ် ရင်းနှီးမြှုပ်နှံတာတွေက လက်ခံနိုင်ဖွယ်မရှိပါဘူး” ဟု ပြောသည်။

“မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ် ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်ပြီး ဒီဘဏ္ဍာရေးအဖွဲ့အစည်းတွေအနေနဲ့ ဆက်လက်ပံ့ပိုးနေတာတွေ မဖြစ်အောင် ချက်ချင်းရပ်တန့်ဖို့ လိုအပ်နေပါပြီ။ ပြင်သစ်နိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံကို လက်နက်စီးဝင်ရောက်ရှိမှုတွေကို တားဆီးဖို့၊ ပိတ်ပင်ဖို့အတွက် တွန်းအားပေးလုပ်ဆောင်ဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ အစီရင်ခံစာကို ပြင်သစ်- အိန္ဒိယ မိတ်ဖက်ဆက်ဆံရေး ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတက်ရန် ပြင်သစ်သို့ လာရောက်မည့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi ခရီးစဉ်မတိုင်မီ Justice for Myanmar, Info Birmanie နှင့် BankTrack တို့က ထုတ်ပြန်ခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဇူလိုင်လ ၁၄ ရက်၌ ကျင်းပမည့် Bastille Day စစ်ရေးပြအခမ်းအနားသို့ အိန္ဒိယဝန်ကြီးချုပ်တက်ရောက်မည်ဟု သိရသည်။

လွန်ခဲ့သော နှစ်နှစ်ကျော် အာဏာသိမ်းပြီးကတည်းက နိုင်ငံအနှံ့ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်၊ ရွာစဉ်လှည့် မီးရှို့၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်နေသည့် စစ်ကောင်စီထံ ဝင်ငွေစီးဝင်မှုများကို ဖြတ်တောက်ရန်၊ လက်နက်ရရှိမှုကို ကန့်သတ်ရန် နိုင်ငံတကာက ကြိုးပမ်းနေကြသော်လည်း ထိုသို့ဟာကွက်များ ရှိနေဆဲဖြစ်သည်။

မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် နိုင်ငံတကာကုမ္ပဏီများတွင် ဩစတြေးလျနိုင်ငံပိုင် ရန်ပုံငွေအစီအစဉ်တစ်ခုဖြစ်သည့် အနာဂတ်ရန်ပုံငွေ (Future Fund) က ဩစတြေးလျဒေါ်လာ ၁၅၇ ဒသမ ၉ သန်း (အမေရိကန်ဒေါ်လာ ၁၁၂ သန်းကျော်) ရင်းနှီးမြှုပ်နှံထားကြောင်း Justice For Myanmar ကပင် ၂၀၂၂ နိုဝင်ဘာ ၂၉ တွင် သတင်းထုတ်ပြန်ထားဖူးသည်။

နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် စစ်ကောင်စီ၏ ဘဏ္ဍာရေးအကျပ်တွေ့မှုများ အထင်အရှားဖြစ်ပေါ်နေပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုကြောင့် စစ်ကောင်စီက မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်ခိုင်းထားရကြောင်း Myanmar Now က သတင်းဖော်ပြထားပြီးဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button