သတင်း

မြန်မာတွင် နိုင်ငံခြားသုံးငွေ လျော့လာ၊ စီးပွားရေးလုပ်ရန် ခက်ဟု V Power ထုတ်ပြန်

မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးငွေ လျော့နည်းလာပြီး ပြည်ပကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲနေသည်ဟု လျှစ်စစ်ထုတ်လုပ်ရေးစီမံကိန်းများတွင် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့သော ဟောင်ကောင်အခြေစိုက် V Power ကုမ္ပဏီက ထုတ်ပြန်သည်။

လုပ်ငန်းအရှုံးပေါ်သဖြင့် မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း ၅ ခုအနက် ၄ ခုကို ရပ်နားလိုက်ပြီဖြစ်ကြောင်း ယခုလ ၁ ရက်နေ့က ထုတ်ပြန်သည့် V Power ကုမ္ပဏီ၏ ဘဏ္ဍာရေးအစီရင်ခံစာတွင် ဖော်ပြသည်။

ယခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ ခြောက်လတာအတွင်း ဟောင်ကောင်ဒေါ်လာ ၃၄၅ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၄၄ သန်း) အထိ အရှုံးပေါ်ခဲ့ကာ အဓိကအားဖြင့် မြန်မာနိုင်ငံမှ စီမံကိန်းများကြောင့် ဖြစ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ ခိုင်ခိုင်မာမာ ရပ်တည်လုပ်ကိုင်နေပေမဲ့ ကုမ္ပဏီလုပ်ငန်းစုအပေါ် ဘဏ္ဍာရေးအရ သိသိသာသာ ထိခိုက်လာပါတယ်” ဟုလည်း V Power ကုမ္ပဏီ၏ ထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများနှင့်အတူ ဘက်ပေါင်းစုံ ယိုယွင်းလာပြီးနောက် ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေး စံချိန်တင်မြင့်တက်နေသည်။ စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ငွေစက္ကူသစ်များ ထုတ်ဝေပြီးနောက် ဒေါ်လာဈေး ထိန်းမနိုင်သိမ်းမရဖြစ်လာကာ လက်ရှိတွင် ၁ ဒေါ်လာလျှင် ကျပ် ၃၇၀၀ မှ ၄၀၀၀ ဝန်းကျင်အထိ ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် V Power ကုမ္ပဏီ ပါဝင်လုပ်ကိုင်ခဲ့သော လျှပ်စစ်စီမံကိန်းများ။

ဥရောပ၊ တောင်အမေရိကနှင့် အာရှတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် V Power လုပ်ငန်းစုအနေဖြင့် ဒေသအလိုက် အမြတ်ငွေရရှိမှုတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှ ရှိနေပြီး စစ်တပ်က တစ်ကျော့ပြန် အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါး ရှိခဲ့သည်ဟု သိရသည်။

လက်ရှိတွင်မူ အခြားအလားအလာရှိ စီမံကိန်းများတွင် ပြန်လည်အသုံးပြုနိုင်ရေး မြန်မာနိုင်ငံရှိ စီမံကိန်းများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ပစ္စည်းများကို ဖြုတ်သိမ်းနေပြီဖြစ်သည်ဟု V Power က ဆိုသည်။

ရပ်နားလိုက်သည့် စီမံကိန်းလေးခုအကြောင်း အသေးစိတ်ဖော်ပြထားခြင်း မရှိသော်လည်း CNTIC ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ (၃) အပါအဝင် ရန်ကုန်တိုင်း သန်လျင်နှင့် သာကေတရှိ စီမံကိန်းနှစ်ခုကို လွန်ခဲ့သည့်နှစ် ဇူလိုင်နှင့် အောက်တိုဘာလတွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အရှုံးပေါ်တဲ့ အဓိကအကြောင်းရင်းက လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ် တက်လာတာကြောင့် ဖြစ်ပါတယ်” ဟုလည်း မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများ ရပ်ဆိုင်းခဲ့ရခြင်းနှင့် ပတ်သက်၍ V Power က ဆိုသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပေးခဲ့သော V Power သင်္ဘော။ (ဓာတ်ပုံ – CNTIC)

ရန်ကုန်မြို့အနီးတွင် ပြည်ပမှ တင်သွင်းလာသော သဘာဝဓာတ်ငွေ့ရည်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်စီမံကိန်း (LNG to Power) ကို ဆက်လက်လုပ်ကိုင်ရန် အဆင်မပြေတော့သဖြင့် V Power ကုမ္ပဏီ၏ LNG တင်သင်္ဘောကြီးမှာ ပြီးခဲ့သည့်နှစ်အတွင်း ပြန်လည်ထွက်ခွာသွားခဲ့သည်။​

ထိုစီမံကိန်းရပ်သွားပြီး ရန်ကုန်မြို့တွင် လျှပ်စစ်မီး သိသိသာသာပြတ်တောက်ခဲ့ကြောင်း၊ V Power သင်္ဘော ပြန်သွားခြင်းမှာ ဒေါ်လာဈေးအပြောင်းအလဲကြောင့်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

“သူက ဒေါ်လာနဲ့ ရှင်းရတာလေ။ အရင်က ၁ ဒေါ်လာကို ၁၃၀၀ လောက်နဲ့ ချုပ်ထားတာ။ အခု နှစ်ဆဖြစ်သွားပြီ။ အစိုးရက ဒေါ်လာရပေါက်ရလမ်း နည်းနည်းလေးပဲ ရှိတော့ ဒေါ်လာလည်း မသုံးနိုင်တော့ ဟိုကောင်ပြန်ပြီပေါ့”

မြန်မာနိုင်ငံတွင် V Power ကုမ္ပဏီ၏ လက်ကျန်စီမံကိန်းအနေဖြင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းသာ ကျန်ရှိနေတော့သည်။ ပြည်တွင်းမှ Zeya & Associate ကုမ္ပဏီနှင့် ပူးတွဲလုပ်ကိုင်နေသည့် ထိုစီမံကိန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအနေအထားသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် အခင်းအကျင်းမရှိဟု လျှပ်စစ်ဝန်ကြီးဌာနမှ ညွှန်မှူးဟောင်းက မှတ်ချက်ပြုသည်။

“ဓာတ်အားခနှုန်းထားကို ဗမာငွေနဲ့ ချေမယ်။ အဲဒီ ဓာတ်အားခနှုန်းထားလေး ရဖို့ကိုလည်း တင်ပြနေရတာ အဆင့်ဆင့်။ ကျပ်သလား မမေးနဲ့။ ပြီးရင် ပစ္စည်းသွင်းရင်လည်း ကုန်သွယ်ရေးက ကျပ်လိုက်၊ ဟိုက ကျပ်လိုက်နဲ့ လိုင်စင်တစ်စောင်ထွက်ဖို့ ပိုက်ဆံပုံပေးနေရတာ၊ အဲဒီတော့ ဘယ်ရင်းနှီးမြှုပ်နှံသူ လာမှာလဲ”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button