
သဘာဝဓာတ်ငွေ့ရည် (LNG) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ပြီး ရန်ကုန်စက်မှုဇုန်များကို ဖြန့်ဝေပေးရန် ဟောင်ကောင်အခြေစိုက် Vpower ကုမ္ပဏီ၏ ကမ်းလှမ်းချက်ကို စစ်ကောင်စီက ခွင့်မပြုသေးကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။
စစ်ကောင်စီသည် တစ်နိုင်ငံလုံးရှိ စက်မှုဇုန်များကို မေ ၁၉ မှ စတင်ပြီး တစ်ရက်လျှင် နှစ်နာရီသာ လျှပ်စစ်ဓာတ်အားပေးနိုင်သည်။ ယင်းမတိုင်ခင်က တစ်ရက်လျှင် လေးနာရီသာ ပေးခဲ့သည်။
ဆိုးရွားလှသည့် စစ်ကောင်စီ၏ လျှပ်စစ်ဓာတ်အားပေးဝေမှုကို အားမကိုးရသည့်အတွက် စက်မှုဇုန်လုပ်ငန်းရှင်များနှင့် ဟောင်ကောင်အခြေစိုက် Vpower ကုမ္ပဏီတို့သည် စွမ်းအင်အခက်အခဲကို ၎င်းတို့၏အစီအစဉ်ဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့ခြင်းဖြစ်သော်လည်း မအောင်မြင်ခဲ့ပေ။
တစ်ယူနစ် ကျပ် ၄၀၀ နှုန်းဖြင့် သုံးလတစ်ကြိမ်စာချုပ်ချုပ်ကာ လျှပ်စစ်ဓာတ်အားပေးရန် Vpower ကုမ္ပဏီနှင့် ၂၀၂၃ နှစ်လယ်ပိုင်းမှစတင်ကာ နှစ်ဖက်သဘောတူညီမှုရခဲ့ကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဒေါ်လာဈေး၊ LNG ဈေး အတက်အကျအပေါ် မူတည်ကာ ရောင်းမည့် ဓာတ်အားခကို ပြောင်းလဲသတ်မှတ်မည်ဖြစ်ပြီး လျှပ်စစ်ထုတ်လုပ်မှု၏ အနည်းဆုံး ၆၀ ရာခိုင်နှုန်းကို စက်မှုဇုန်များက ဝယ်ယူအသုံးပြုရန် သဘောတူထားခဲ့ကြသည်ဟု ၎င်းက ဆိုသည်။
ထို့နောက် ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ကို အသိသက်သေထားရှိကာ စာချုပ်ချုပ်ဆိုကြတော့မည့်အချိန်တွင်မှ စစ်ကောင်စီထိန်းချုပ် စွမ်းအင်ဝန်ကြီးဌာနက ဓာတ်ငွေ့ရည် တင်သွင်းခွင့်မပေးဟုဆိုကာ ရပ်တန့်သွားခြင်းကြောင့် ယနေ့အချိန်ထိ အထမမြောက်ကြောင်း အမည်မဖော်လိုသည့် စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဆီက ရတဲ့ပိုက်ဆံနဲ့ သူတို့က LNG ဝယ်မယ်လေ။ LNG ဝယ်ဖို့ဆို ဒေါ်လာလိုတာပေါ့ဗျာ။ ဒေါ်လာကို ၂၁၀၀ နဲ့ ဘာမှမပြောဘူး။ ပေါက်ဈေးနဲ့ ဝယ်ခွင့်ပေး၊ ဒီစက်မောင်းဖို့ တင်သွင်းခွင့်ပေးပေါ့။ အဲ့ဒါကို (စွမ်းအင်ဝန်ကြီးဌာနကို) တင်ထားတဲ့စာ ကျမလာလို့ဆိုပြီး ကျွန်တော်တို့က ငုတ်တုတ်မေ့သွားတာ” ဟု ၎င်းက ဆိုသည်။

Vpower ကုမ္ပဏီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် ၂၀၂၀ တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော LNG လောင်စာအသုံးပြု လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို ရန်ကုန်မြို့၊ သံလျင်နှင့် သာကေတမြို့နယ်တို့တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
သံလျင်စီမံကိန်းမှ ဓာတ်အားဖြန့်ဖြူးခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းရပ်ဆိုင်းသွားသလို သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် LNG ဓာတ်ငွေ့သင်္ဘောလည်း ပြန်လည်ဆုတ်ခွာသွားသည်။
သို့သော် လည်ပတ်လက်စနှင့် အသစ်စက်စက် ဂက်စ်အင်ဂျင် ၉ လုံးသည် ထိုစီမံကိန်းနှစ်ခုတွင် ကျန်ရှိနေသည်။
ရန်ကုန်ရှိ စက်မှုဇုန်တချို့မှာ သီးခြားလျှပ်စစ်လိုင်းများနှင့် ကိုယ်ပိုင်ဓာတ်အားခွဲရုံများရှိထားပြီဖြစ်၍ ဝယ်ယူအသုံးပြုရန် အဆင်သင့်ဖြစ်ပြီး Vpower စီမံကိန်းပြန်လည်ပတ်ရန် ဒေါ်လာဝယ်ယူခွင့်နှင့် LNG ဓာတ်ငွေ့ရည်တင်သွင်းခွင့်ရရန်သာ အခရာကျကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ကတော့ ပျော်နေတာပေါ့ဗျာ။ ပေါက်ရာပေါက်ဈေးလေးနဲ့ ကျွန်တော်တို့လည်း မီးရမယ်၊ ကျွန်တော်တို့ပေးတဲ့မီးတွေ ကျွန်တော်တို့ကို မပေးရတော့ ပြည်သူတွေ မီးပိုရမှာပေါ့။ ဒါ တစ်ချက်ခုတ် လေးငါးချက်ပြတ်တဲ့အစီအစဉ်ပေါ့” ဟု ထိုလုပ်ငန်းရှင်က ပြောသည်။
“ကြိုးကလည်း အဆင်သင့်။ စက်ကလည်း အဆင်သင့်ဗျာ။ လုပ်နိုင်တဲ့သူအသစ်ရှာနေတာထက်စာရင် ရှိတဲ့လူကို ခွင့်ပြုပြီး ဆီထည့်ပြီး ခလုတ်တစ်ချက်နှိပ်လိုက်ရင် ပြီးသွားတဲ့ကိစ္စပဲ”
ဓာတ်အားဖြန့်ဖြူးရေးစနစ်သည် ဘုံဓာတ်အားလိုင်းမှ စက်မှုဇုန်နှင့် သာမန်လူနေရပ်ကွက်ကို ခွဲခြားပေးဝေခြင်းမဟုတ်ကြောင်း၊ Vpower စက်ရုံမှ ထုတ်လုပ်သည့် ဓာတ်အားမှာလည်း ထိုဘုံစနစ်အတွင်း ဝင်ရောက်မည်ဖြစ်၍ လုပ်ရကိုင်ရခက်ခဲနိုင်ကြောင်း လျှပ်စစ်လုပ်ငန်းအကြောင်း ထဲထဲဝင်ဝင်သိသည့် အစိုးရဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။
“စက်မှုဇုန်ကသုံးတဲ့ လျှပ်စစ်ထက် Vpower ဆီက လျှော့ဝယ်ရတာ သို့မဟုတ် ပိုဝယ်ဖြစ်သွားတယ်ဆိုတာ ရှိမယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရပ်သားသုံးတဲ့ဟာလည်း ပါသွားနိုင်လို့ပေါ့။ အဲ့ဒီဟာကို စကစ (စစ်ကောင်စီ) ဘက်က လိုက်ပြီး အိတ်စိုက်နိုင်တယ်ဆိုရင် ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် နိုင်ငံခြားသုံးငွေရှားပါးလာမှုကြောင့် ဒေါ်လာချွေတာနေရပြီး ပြည်ပသွင်းကုန်များကို ကန့်သတ်နေရသည်။ ယခုအစီအစဉ်မှာ လျှစ်စစ်မီးရမည်ဆိုသော်လည်း LNG ဓာတ်ငွေ့ရည်ကို ဒေါ်လာဖြင့် တင်သွင်းရမည်ဖြစ်သဖြင့် နိုင်ငံခြားငွေပိုမိုကုန်ကျမည်ကို စိုးရိမ်နေခြင်းလည်းဖြစ်နိုင်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက သုံးသပ်သည်။
စက်မှုဇုန်များအတွက် ဓာတ်အားမှန်မှန်မပေးနိုင်၍ မီးစက်ဖြင့် လည်ရန် လောက်စာဆီဖြန့်ဖြူးရောင်းချပေးရာတွင် ဒေါ်လာကုန်ကျမှုရှိနေသည်ဟု သိရသည်။
NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က နွေရာသီတွင် တိုးတက်သုံးစွဲလာသော ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မြန်မာနိုင်ငံ၏ ပထမဆုံးလျှပ်စစ်စီမံကိန်းများအဖြစ် ခွင့်ပြုခဲ့သည်။
လျှပ်စစ် ၄၀၀ မီဂ္ဂါဝပ်ထုတ်လုပ်မည့် သာကေတစီမံကိန်းကို တရုတ်ကုမ္ပဏီ China National Import and Export Corporation, ဟောင်ကောင်အခြေစိုက် Vpower Group Holding နှင့် Vpower Holding တို့က ဒေါ်လာ ၃၆၃ သန်းကျော်ရင်းနှီးမြှုပ်နှံကာ CNTIC VPOWER YG1 Limited အမည်ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့သည်။
အလားတူပင် လျှပ်စစ် ၃၅၀ မီဂ္ဂါဝပ်ထုတ်လုပ်မည့် သံလျင်မြို့နယ် သီလဝါလျှပ်စစ်စီမံကိန်းအတွက် ထိုကုမ္ပဏီများက CNTIC VPOWER YG2 Limited အမည်ဖြင့် ဒေါ်လာ ၂၉၇ သန်းကျော် ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့သည်။
ဓာတ်အားခတစ်ယူနစ်လျှင် သုည ဒသမ ၁၂ ဒေါ်လာဖြင့် ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးမြင့်တက်လာမှု၊ နိုင်ငံတကာ LNG ဓာတ်ငွေ့ဈေးမြင့်တက်မှု၊ ဓာတ်အားခကြွေးကျန်များရှိလာမှုကြောင့် စီမံကိန်းများကို ရပ်ဆိုင်းခဲ့သည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးမတည်ငြိမ်မှုနှင့် အခက်အခဲများ ရင်ဆိုင်ခဲ့ရပြီးနောက် ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီက မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ၉ ခုအနက် နှစ်ခုကို စာချုပ်သက်တမ်းထပ်မတိုးတော့ကြောင်း ၂၀၂၁ စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သည်။