အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စီးပွားရေးပြိုကျပြီး အထွေထွေကုန်စျေးနှုန်း မြင့်တက်နေချိန် စစ်ကောင်စီက လျှပ်စစ်မီတာခနှုန်းထားများကို နှစ်ဆခန့် တိုးမြှင့် ပြောင်းလဲမည်ဟု ယနေ့ (ဩဂုတ် ၃၀) တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာလိုက်သည်။
အိမ်သုံးမီတာဆိုပါက အနည်းဆုံး ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ကျပ် ၅၀၊ ၂၀၁ ယူနစ်နှင့်အထက်ဆိုပါက ကျပ် ၃၀၀ အထိ ကောက်ခံသွားမည်ဖြစ်ကြောင်း တစ်ရက် ကြိုတင် ကြေညာလိုက်သည်။ ယခင်က အများဆုံး ၁၂၅ ကျပ်သာရှိသည်။
စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံခြားသံရုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အစရှိသည့် လုပ်ငန်းသုံးများအတွက်မူ ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ကျပ် ၂၅၀၊ ၅၀၀၁ မှ ၂၀,၀၀၀ ယူနစ်အထိ ကျပ် ၄၀၀ နှင့် ၂၀,၀၀၁ ယူနစ်နှင့်အထက်ကို ကျပ် ၅၀၀ အထိ ကောက်ခံမည်ဟု ဆိုသည်။ ယခင်က အများဆုံး ကျပ် ၁၈၀ သာဖြစ်သည်။
ထိုသို့ မီတာခတိုးမြှင့်ကောက်ခံမှုမှာ လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး သက်ရောက်မည်ဖြစ်ပြီး လကုန်တွင် မီတာခများ ပေးဆောင်ရမည်ဟု ဆိုသည်။
လျှပ်စစ်ထုတ်မှုစရိတ်မြင့်မားလာပါသဖြင့် တိုးမြှင့်ကောက်ခံရခြင်းဟု စစ်ကောင်စီက အကြောင်းပြသည်။
လျှပ်စစ်ဓာတ်အားမှာ ခေတ်အဆက်ဆက် အရှုံးခံ ထုတ်လုပ်ဖြန့်ဖြူးခဲ့ခြင်း ဖြစ်သည်။
ငွေလိုနေသည့် စစ်ကောင်စီက နှုန်းထား အကြီးအကျယ်ပြောင်းလဲခြင်းကြောင့် ပြည်သူတို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ကြသည်ကို တွေ့ရသည်။
ရန်ကုန်မြို့နေ အသက် ၃၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက မီတာခများ တိုးမြှင့်ကောက်ခံတော့မည်ကို သိရှိကြောင်း၊ ပြည်သူတို့၏ အခက်အခဲများမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းထားခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။
“မီတာခကလေ တက်လည်း မီးသုံးတာများတဲ့သူဆိုတော့ ဆောင်ရမှာပေါ့။ ဒါပေမဲ့ ရှေ့လျှောက်ကတော့ သတိစွဲပြီး အဖွင့်အပိတ်တွေ ထိန်းရမယ်၊ မလိုရင် မသုံးတော့ဘူး။ အပြင်သွားရင် သေချာသတိထား ပိတ်ခဲ့ရမယ်” ဟု ဆိုသည်။
“အဓိကမှတ်ချက်ကတော့ မင်းအောင်လှိုင် အမြန်ဆင်းပါတော့လို့ပဲ ပြောချင်ပါတယ်”
အခြေခံအသုံးအဆောင်ပစ္စည်းများလည်း စျေးနှုန်းကြီးမြင့်နေမှုကြောင့် အသုံးအစွဲ သတိထားနေရသည်၊ ကလေးရှိသော မိသားစုဖြစ်သဖြင့် ပြင်ပသွားရောက်စားသောက်မှုများပါ ချွေတာနေရသည်ဟု ဆိုသည်။
မန္တလေးမြို့တွင် အခြေခံလူတန်းစားများ စားဝတ်နေရေးကျပ်တည်းနေကြကြောင်း အသက် ၄၀ ကျော်အရွယ် ကလေး ၃ ဦး မိခင်က ဆိုသည်။
“တော်တော်များများကတော့ အဆင်မပြေကြဘူး။ ကုန်စျေးနှုန်းကတော့ ရွှေစျေးလိုပဲ ဒီနေ့နဲ့ မနက်ဖြန်တောင် မတူဘူး။ မီတာခတွေ တက်မယ်ပြောနေတာ ကြာပြီ” ဟု သူက မှတ်ချက်ပြုသည်။
၂၀၁၉ ခုနှစ်က ရှိခဲ့သော လျှပ်စစ်မီတာခနှုန်းထားများ။
နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုတို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု ရပ်တန့်နေသလို စီးပွားရေးတွက်ခြေမကိုက်မှုနှင့် ကျယ်ပြန့်လာသော ပြည်တွင်းပဋိပက္ခများကြောင့်လည်း လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မြန်မာပြည်မှ လုပ်ငန်းများ ရပ်ဆိုင်းလာကြသည်။
ယခုလအတွင်းပင်မှာ တိုက်ပွဲများကြောင့် မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ ဟောင်ကောင်ကုမ္ပဏီ V-power နှင့် စင်ကာပူကုမ္ပဏီ Sembcorp တို့၏ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ရုံများ ရပ်နားခဲ့ရသည်။
စင်ကာပူ Sembcorp ကုမ္ပဏီက မြင်းခြံလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကိုမူ အခြေအနေများ ပြန်လည်တည်ငြိမ်လာ၍ ပြန်လည်ပတ်သွားမည်ဟု ဩဂုတ်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
ထိုစက်ရုံများ ယာယီရပ်နားခဲ့ခြင်းကြောင့် လျှပ်စစ်ထုတ်လုပ်နိုင်မှု မဂ္ဂါဝပ် ၄၉၂၀ လျော့ကျခဲ့သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ အင်းစိန် (ရွာမ) သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ထုတ်စီမံကိန်းမှ စင်ကာပူကုမ္ပဏီ AVARGA Limited သည် ၎င်း၏ ပိုင်ဆိုင်မှုများကို အရှုံးခံရောင်းချကာ ဇူလိုင်လအတွင်းတွင် မြန်မာမှ ထွက်ခွာသွားသည်။