စီးပွားရေးသတင်း

အင်းစိန် (ရွာမ) လျှပ်စစ်ထုတ်စီမံကိန်းမှ စင်ကာပူကုမ္ပဏီ အရှုံးခံရောင်းချပြီး ထွက်ခွာ

ဆယ်စုနှစ်တစ်ခုကျော်ကြာ လည်ပတ်လုပ်ကိုင်ခဲ့သည့် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ရွာမသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို အရှုံးခံရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု စင်ကာပူအခြေစိုက် AVARGA Limited ကုမ္ပဏီက ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကြေညာလိုက်သည်။

UPP Holding မှ အမည်ပြောင်းလဲထားပြီး မြန်မာနိုင်ငံတွင် UPP Power Myanmar အဖြစ် မှတ်ပုံတင်ခဲ့သည့် AVARGA က အဆိုပါစီမံကိန်းကို ၂၀၁၄ ခုနှစ်မှစတင်ကာ အမေရိကန်ဒေါ်လာ ၄၆ သန်းကျော်ရင်းနှီးမြှုပ်နှံပြီး လည်ပတ်ခဲ့ခြင်းဖြစ်သည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက် ယင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်ဖြင့် စင်ကာပူကုမ္ပဏီ Greengen Pte. Ltd ကို ရောင်းချလိုက်ကြောင်း စင်ကာပူစတော့အိတ်ချိန်း(SGX) ထံ တင်ပြသည့် ဇူလိုင် ၁၀ ရက် ကုမ္ပဏီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လှိုင်မြစ်ကမ်းဘေးရှိ အဆိုပါလျှပ်စစ်ဓာတ်အားပေးစက်ရုံကို UPP Power Myanmar ကုမ္ပဏီအမည်ဖြင့် လည်ပတ်ခဲ့ရာမှ ယခုရောင်းချမှုကြောင့် UPP Power Myanmar ကုမ္ပဏီကို လုပ်ငန်းခွဲရပ်ဆဲမည်ဖြစ်ကာ စီမံကိန်းတွင်လည်း AVARGA ပါဝင်ပတ်သတ်တော့မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

မြန်မာတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စီမံကိန်းလုပ်ငန်းလည်ပတ်မှုမှာ အဆိုးရွားဆုံးဖြစ်လာပြီး ဓာတ်အားပေးစက်ရုံလည်ပတ်ရန် လိုအပ်သည့် သဘာဝဓာတ်ငွေ့များပြတ်တောက်မှု၊ ဓာတ်အားဝယ်ယူမှု သဘောတူညီချက်(PPA) ထက်လျော့နည်းသည့် လျှပ်စစ်ကိုသာ ဝယ်ယူသည့်အခြေအနေဖြစ်လာကြောင်း AVARGA ကုမ္ပဏီ၏ ၂၀၂၃ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ရဲ့ ဓာတ်အားရောင်းချမှုက ဓာတ်အားဝယ်ယူမှုသဘောတူညီမှု (PPA) မှာ သဘောတူထားတဲ့ ပမာဏအောက်လျော့ကျသွားပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံများရဲ့ စီပွားရေးပိတ်ဆို့မှုတွေကြောင့် စီပွားရေးလုပ်ငန်းအတွက် နောက်ထပ်စိန်ခေါ်မှုတွေတိုးလာပါတယ်” ဟု အစီရင်ခံစာတွင် တွေ့ရသည်။

နိုင်ငံရေးမတည်ငြိမ်သည့်အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းကန့်သတ်မှုများကြောင့် အခက်တွေ့နေကြောင်း ကုမ္ပဏီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်မှ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စက်ရုံတစ်ခု စစ်ကောင်စီအရာရှိများ စစ်ဆေးနေစဉ် (ဓာတ်ပုံ – စစ်ကောင်စီ)

ထိုစီမံကိန်းကို နှစ်ပေါင်း ၃၀ လုပ်ပိုင်ခွင့်ရထားပြီး မြန်မာအစိုးရကို နှစ်စဉ် အနည်းဆုံး လျှပ်စစ်ကီလိုဝပ် ၃၅၀ သန်းထုတ်လုပ်ရောင်းချကာ လျှပ်စစ်ဖြန့်ဖြူးနိုင်ရန် ရည်မှန်းထားခဲ့သည်။ စီမံကိန်းလည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းခြင်းအတွက် Myan Shwe Pyi Tractors Limited ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သည်။ 

ထိုစီမံကိန်းသည် ဂက်စ်အင်ဂျင်ထဲသို့ သဘာဝဓာတ်ငွေ့များထည့်ကာ လျှပ်စစ်ထုတ်သည့်စက်ရုံဖြစ်ပြီး လိုအပ်သည့်ဂက်စ်ကို ယခုလက်ရှိ ထိုင်းရေနံကုမ္ပဏီ PTT က အော်ပရေတာအဖြစ် ဆောင်ရွက်ခွင့်ရသည့် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ရယူခြင်းဖြစ်ကြောင်း လျှပ်စစ်လုပ်ငန်းနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိသည့် အစိုးရဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

“ဂက်စ်ဖိုးကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကပဲ ပေးချေတယ်။ အရင်တုန်းကတော့ (ပြင်သစ်ကုမ္ပဏီ) Total ပေါ့နော်။ အခုတော့ (ထိုင်ကုမ္ပဏီ) PTTEP ဖြစ်နေတာပေါ့။ မြန်မာကမ်းလွန်က ဂက်စ်ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကနေ ဝယ်တာ။ ပြီးတော့မှ အဲ့ဒီဂက်စ်ကို UPP စက်ရုံကို ကုန်ကြမ်းပေးလိုက်တဲ့ သဘောပေါ့။ ထွက်လာတဲ့ လျှပ်စစ်ကို ကုန်ကြမ်းကို ပြန်ဝယ်တဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။

လျှပ်စစ်ထုတ်စက်ရုံများမှ ဓာတ်အားဝယ်ယူရာတွင် မီတာခကို အမေရိကန်ဒေါ်လာဖြင့် ပေးချေရသည့် စနစ်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး စစ်ကောင်စီလက်ထက်တွင် ကျပ်ငွေဖြင့် ပေးချေမည့်စနစ်ပြောင်းလဲသည်ဟူသော သတင်းများကြောင့် လုပ်ငန်းကိုရောင်းချခြင်းဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

စစ်ကောင်စီကို စီပွားရေးပိတ်ဆို့မှုများကြောင့် စင်ကာပူဘဏ်များမှတစ်ဆင့် ငွေကြေးလွှဲပြောင်းရာတွင် အကန့်အသတ်နှင့် အခက်အခဲများရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးမတည်ငြိမ်မှုနှင့် အခက်အခဲများ ရင်ဆိုင်ခဲ့ရပြီးနောက် ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီက မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများအနက် ရန်ကုန်မြို့ရှိ LNG to Power သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ထုတ်သည့် စီမံကိန်းများကို ရပ်ဆိုင်းခဲ့သည်။

လျှပ်စစ် ၄၀၀ မီဂ္ဂါဝပ်ထုတ်လုပ်မည့်​ သာကေတစီမံကိန်းကို တရုတ်ကုမ္ပဏီ China National Import and Export Corporation, ဟောင်ကောင်အခြေစိုက် Vpower Group Holding နှင့် Vpower Holding တို့က ဒေါ်လာ ၃၆၃ သန်းကျော်ရင်းနှီးမြှုပ်နှံကာ CNTIC VPOWER YG1 Limited အမည်ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့သည်။

အလားတူပင် လျှပ်စစ် ၃၅၀ မီဂ္ဂါဝပ်ထုတ်လုပ်မည့်​ သန်လျင်မြို့နယ် သီလဝါလျှပ်စစ်စီမံကိန်းအတွက် ထိုကုမ္ပဏီများက CNTIC VPOWER YG2 Limited အမည်ဖြင့် ဒေါ်လာ ၂၉၇ သန်းကျော် ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးမြင့်တက်လာမှု၊ နိုင်ငံတကာ LNG ဓာတ်ငွေ့ဈေးမြင့်တက်မှု၊ ဓာတ်အားခကြွေးကျန်များရှိလာမှုကြောင့် စီမံကိန်းများကို ရပ်ဆိုင်းခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် အိမ်သုံးနှင့် လုပ်ငန်းသုံးနှစ်မျိုးစလုံးအတွက် လျှစ်စစ်မီးလုံလောက်အောင် မပေးနိုင်တော့ဘဲ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်များကို တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လေးနာရီပေးနေရာမှ မေ ၁၉ မှ စတင်ပြီး နှစ်နာရီအထိ လျှော့ချခဲ့ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။

၂၀၂၂ ဇန်နဝါရီလလယ် ညပိုင်း ဓာတ်အားပြတ်တောက်ချိန် တွေ့ရသော  ရန်ကုန်မြို့တစ်နေရာ  (ဓာတ်ပုံ – EPA/EFE)

လျှပ်စစ်မီးရရှိမှု၊ ကုန်ကြမ်းအခက်အခက်နှင့် အထွေထွေအကျပ်အတည်းများကြောင့် စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းအားကျဆင်းနေခြင်းသည် တိုင်းပြည်စီးပွားရေးနှင့် အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ကို ထိခိုက်နိုင်ကြောင်း ရန်ကုန်မှ စက်မှုလုပ်ငန်းရှင်တို့က ပြောသည်။

ဧပြီ ၁၁ တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂဖွံဖြိုးမှုအစီစဉ် (UNDP) ၏ အစီရင်ခံစာတစ်ခုအရ စစ်တပ်အာဏာသိမ်းမှုသုံးနှစ်အတွင်း နိုင်ငံအနှံ့မလုံခြုံမှု၊ စစ်ရေးပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် စီးပွားရေးအကျပ်အတည်းဆိုက်နေပြီး လူလတ်တန်းစား ၅၀ ရာခိုင်နှုန်း ပျောက်ဆုံးသွားသည်ဟု ဆိုထားသည်။

Show More

Related Articles

Back to top button