သတင်း

ရှမ်းမြောက်ရှိ အကြီးစားရေအားလျှပ်စစ်စီမံကိန်း ပြန်စရန် စစ်ကောင်စီပြင်နေ

အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြင်သစ်လျှပ်စစ်ကုမ္ပဏီ Électricité de France (EDF) က ရပ်ဆိုင်းခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်ရန် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက တင်ဒါခေါ်ယူထားသည်။

အကြီးစားရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်သော ရွှေလီ (၃) ကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ဩဂုတ် ၂၁ မှ စက်တင်ဘာ ၁၁ အတွင်း တင်ဒါတစ်စောင် ကျပ်ငါးသိန်းဖြင့် ဝယ်ယူနိုင်ပြီး နိုဝင်ဘာလ ၂၄ တွင် စီမံကိန်းအဆိုပြုလွှာ တင်သွင်းရမည်ဖြစ်ကြောင်း ယခုလ ၁၇ ရက်နေ့က ထုတ်ပြန်သည့် တင်ဒါကြော်ငြာတွင် ဖော်ပြသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်ကတည်းက စတင်ခဲ့သည့် ရွှေလီ (၃) စီမံကိန်းမှာ နှစ်ပေါင်းများစွာ ရုပ်လုံးပေါ်ခဲ့ခြင်း မရှိသည့် စီမံကိန်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် လျှပ်စစ်ဝန်ကြီးဌာနက ပြင်သစ်အစိုးရ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသည့် EDF ကုမ္ပဏီ၊ ဂျပန်နိုင်ငံမှ Marubeni ကော်ပိုရေးရှင်း၊ မြန်မာနိုင်ငံမှ ဧရာဟင်္သာကုမ္ပဏီတို့နှင့် စီမံကိန်းဆက်လုပ်ကိုင်ရေး အသိအမှတ်ပြုမှတ်တမ်း Notice to Proceed (NTP) ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မြောက်ဘက် ၁၂ မိုင်အကွာရှိ ထိုစီမံကိန်းမှ လျှပ်စစ်မဂ္ဂါဝပ် ၆၇၀ ကျော် ထုတ်လုပ်မည်ဖြစ်ကာ မူလက ၂၀၂၅ ခုနှစ်တွင် ပြီးစီးရန် မျှော်မှန်းထားသော်လည်း စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီး လပိုင်းအကြာတွင် စီမံကိန်းရပ်သွားခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလျံခွဲရှိ ထိုစီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ၂၀၂၁ မတ်လတွင် ပြင်သစ်ကုမ္ပဏီ EDF က ကြေညာခဲ့သည်။​

စစ်ကောင်စီက ယခုလဆန်းပိုင်းတွင် လျှပ်စစ်ဝန်ကြီးအသစ် ခန့်လိုက်ပြီးနောက် အကြီးစားရေအားလျှပ်စစ်စီမံကိန်းတစ်ခု ပြန်လည်စတင်ရန် တင်ဒါခေါ်ယူလိုက်ခြင်းဖြစ်သည်။

ယခုလဆန်းပိုင်းတွင် သက်တမ်းခြောက်လပြီးနောက် စစ်ကောင်စီက ဝန်ကြီးအများအပြားကို အပြောင်းအလဲပြုလုပ်ခဲ့ရာ လျှပ်စစ်ဝန်ကြီးဌာနတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ဦးသောင်းဟန် အနားပေးခံရပြီး ၎င်း၏နေရာတွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) တွင် ဒုအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကိုကိုလွင် ရောက်လာသည်။

စစ်ကောင်စီက လွန်ခဲ့သည့်နှစ် ဇူလိုင်လအတွင်း ရေအားလျှပ်စစ်စီမံကိန်း ၆ ခု အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူခဲ့ဖူးသည်။ သို့သော် ထိုစီမံကိန်းများနှင့် ပတ်သက်၍ လျှောက်ထားသူရှိမရှိ မသိရပေ။

ရွှေလီ (၃) အတွက် တင်ဒါခေါ်ယူခြင်းမှာ ဟန်ပြသာဖြစ်ပြီး နောက်ကွယ်၌ စိတ်ဝင်စားမှုအဆိုပြုလွှာ (Letter of Interest) တင်သွင်းထားသည့် ကုမ္ပဏီအုပ်စု ငါးခုအထိ ရှိနေသည်ဟု လျှပ်စစ်ဝန်ကြီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌ ရာထူးတွင် ၉ နှစ်ကြာ ဆက်လက်တည်ရှိနေသူ ဒုဗိုလ်ချုပ်ကြီးညိုစော အပါအဝင် စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆက်စပ်နေသည့် ရုရှားကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပေးဖွယ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“ရုရှားကုမ္ပဏီ ရမယ် ထင်တယ်။ ရုရှားကုမ္ပဏီက ဗိုလ်ချုပ်ကြီးညိုစောတို့နဲ့ ပေါင်းထားတယ်။​ အလယ်ပေါင်းလောင်းလည်း ရုရှားကုမ္ပဏီလို့ ကြားတယ်။ ရွှေလီ (၃) က အင်မတန်ကောင်းတဲ့စီမံကိန်းပဲ” ဟု ၎င်းက ဆိုသည်။

သို့သော် ရုရှားကုမ္ပဏီများအနေဖြင့် ဒေါ်လာဘီလျံချီ ရင်းနှီးမြှုပ်နှံနိုင်ဖွယ်မရှိကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ အတွေ့အကြုံနည်းသူများဖြစ်ကြောင်း အထက်ပါ ညွှန်မှူးဟောင်းက ဆိုသည်။​

“ရုရှားက ပိုက်ဆံရှိတဲ့ကောင်မှ မဟုတ်တာ။ ရုရှားက Developer မဟုတ်ဘူး”

၂၀၂၂ ခုနှစ်က ရုရှားနိုင်ငံ Vladivostok မြို့ ဆွေးနွေးပွဲတစ်ခုတွင် တွေ့ရသော ရုရှားခေါင်းဆောင်နှင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်။

အာဏာသိမ်းပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် စစ်ကောင်စီက ရုရှားနှင့် ဆက်ဆံရေး အထူးကောင်းမွန်ရန် ကြိုးပမ်းနေပြီး ရုရှားမှ ဌာနဆိုင်ရာနှင့် ကုမ္ပဏီအဖွဲ့အစည်းမျိုးစုံသည်လည်း နေပြည်တော်သို့ ချောင်းပေါက်မတတ် လာရောက်နေသည်။​

စစ်ကောင်စီက ကဏ္ဍစုံတွင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ရုရှားနိုင်ငံပိုင် Rosatom ကုမ္ပဏီသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် လေအားလျှပ်စစ်စီမံကိန်း ၃ ခု အကောင်အထည်ဖော်ရန် ပြည်တွင်းမှ ကုမ္ပဏီနှစ်ခုနှင့် လက်မှတ်ရေးထိုးထားသည်။

လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ ပြေးဆွဲမည်၊ နျူကလီးယားမှသည် လေအား၊ နေအား လျှပ်စစ်စီမံကိန်းများ လုပ်မည်ဟု အာဏာသိမ်းခေါင်းဆောင်က ကြွေးကြော်ထားသော်လည်း မည်သည့်စီမံကိန်းမျှ ဖြစ်ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်ပေါ်လာခြင်း မရှိဘဲ လျှပ်စစ်မီးပြတ်တောက်မှု ပို၍ ဆိုးလာသည်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ၂၄ နာရီအပြည့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခြင်း မရှိသည်မှာ နှစ်နှစ်ကျော် ရှိလာပြီဖြစ်သည်။ အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၄၀၀၀ နီးပါးအထိ ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုနှစ် ဧပြီလ၌ ၂၀၀၀ စွန်းစွန်းသာ ရှိတော့သည်။​

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးပြတ်တောက်ရသည့် အကြောင်းရင်းများတွင် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တိုက်ခိုက်ဖျက်ဆီးခံနေရသောကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက အကြောင်းပြသည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ယခုနှစ် မေလအထိ အကြိမ်ပေါင်း ၂၀၀ ကျော် တိုက်ခိုက်ခံရသည်ဟု ဆိုသည်။

လျှပ်စစ်မီးပြတ်သည့် အကြောင်းရင်းများတွင် ယခင်အစိုးရများလက်ထက်၌ ရေအားလျှပ်စစ်စီမံကိန်းကြီးများ ရပ်ဆိုင်းခဲ့သောကြောင့်ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြစ်တင် ပြောဆိုဖူးသည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေပြီး လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးကြောင်း ယခုလဆန်းပိုင်း၌ စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုသည်။

စစ်ကောင်စီက ပြန်လည်အကောင်အထည်ဖော်ရန် စိုင်းပြင်းနေသည့် ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ပေါ်တွင် တတိယမြောက် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး အကြံပေးလုပ်ငန်းအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရလက်ထက် ၂၀၁၀ ဖေဖော်ဝါရီလတွင် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံမှ Colenco Power Engineering (ယခု AFRY) ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့သည်။

ထိုဆွစ်ဇာလန်ကုမ္ပဏီက မြန်မာနိုင်ငံရှိ လုပ်ငန်း ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ယခုနှစ် ဧပြီလတွင် ကြေညာခဲ့သည်။ ယင်းကုမ္ပဏီမှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ရေအားလျှပ်စစ်စီမံကိန်း ၁၃ ခုထက်မနည်းတွင် အတိုင်ပင်ခံကုမ္ပဏီအဖြစ် လုပ်ကိုင်ခဲ့သည်။

ထိုနှစ် ဧပြီလတွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်ကြည့်ရှုခဲ့ရာ လျှပ်စစ်ဝန်ကြီးနှစ်ဦးဖြစ်သော ဗိုလ်ချုပ်နှစ်ဦးနှင့်အတူ စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ခွင့်ရ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇကိုယ်တိုင် ရှင်းလင်းတင်ပြခဲ့သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ ထိုခရီးစဉ်၌ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးအနေဖြင့် လိုက်ပါခဲ့သည်ကို တွေ့ရသည်။

ဆွစ်ဇာလန်အကြံပေးကုမ္ပဏီနှင့် သဘောတူညီချက်အရ ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းမှာ လျှပ်စစ်မဂ္ဂါဝပ် ၁၀၅၀ အထိ ထုတ်လုပ်ရန်ဖြစ်သော်လည်း ပြင်သစ်ကုမ္ပဏီ EDF က လုပ်ကိုင်ခွင့်ရချိန်၌ မြစ်အထက်ပိုင်း၌ ရေအားလျှပ်စစ်စီမံကိန်းနှစ်ခု တည်ဆောက်မည်ဖြစ်သဖြင့် မဂ္ဂါဝပ် ၆၇၀ အထိ လျှော့ချခဲ့သည်ဟု လျှပ်စစ်ဝန်ကြီးဌာနမှ အငြိမ်းစားညွှန်မှူးက ပြောသည်။

“အထက်မှာ ရွှေလီ (၁)၊ ရွှေလီ (၂) ရှိနေတော့ ပြင်သစ်ကုမ္ပဏီက လက်မခံဘူး။ မဂ္ဂါဝပ် ၆၀၀ ကျော်အထိ မရမက လျှော့ချတယ်။ ရွှေလီ (၁) က တရုတ်ကုမ္ပဏီလုပ်တာ၊ မီးထွက်တာ ကြာပြီ။ ရွှေလီ (၂) ကလည်း တရုတ်ကုမ္ပဏီနဲ့ လက်မှတ်ထိုးပြီးသား။ ဆက်မဆောက်ဖြစ်သေးတာပဲ ရှိတယ်”

ဖြစ်မြောက်နိုင်စွမ်း အကြိုစူးစမ်းလေ့လာခြင်း (Feasibility Study) ဆောင်ရွက်ပြီးဖြစ်သော ရွှေလီ (၃) စီမံကိန်းနှင့် ပတ်သက်၍ ထပ်မံလေ့လာရန် မလိုအပ်နိုင်သည့်တိုင် စီမံကိန်းပြီးမြောက်ရန် အနည်းဆုံး ၆ နှစ်မှ ၇ နှစ်အထိ ကြာမြင့်နိုင်သည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

ထိုကာလ အတိုင်းအတာသည်ပင် ငွေရေးကြေးရေးနှင့် ဆက်စပ်ပစ္စည်းပိုင်းအရ နှောင့်နှေးမှု မရှိမှသာလျှင် ဖြစ်နိုင်သည်ဟု ဆိုသည်။

စီမံကိန်းနယ်မြေအနီးတွင် ရှမ်း၊ တအောင်း/ပလောင်၊ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားလျက်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေး လက်မှတ်ရေးထိုးစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button