
“အပြင်ထွက်လည်း ပူတော့ ဒီလိုပဲ ငုတ်တုတ်ခံစားနေရတာပေါ့။ ညဘက်တွေလည်း မအိပ်နိုင်ဘူး။ ငုတ်တုတ်ပဲ”။ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်းတွင် နေထိုင်သူ ဒေါ်ထွေးက အပူတကာ့အပူဆုံးဖြစ်သော ဧပြီလအတွင်း ငါးလွှာတိုက်ခန်း၌ နေထိုင်ရသည့် အခြေအနေကို ပြောပြခြင်း ဖြစ်သည်။
အပူချိန်များသော်လည်း လေအေးပေးစက်ဖွင့်ရန် မီးမလာပေ။ အထပ်မြင့်တိုက်ခန်းတွင် နေထိုင်ရသူများ အပူဒဏ်ကို ခါးစည်းခံကြရသည်။ ဘေးပတ်လည်၌ အထပ်မြင့်တိုက်များ ရှိနေပြီး လေဝင်လေထွက် ကောင်းကောင်းမရသည့် တိုက်ခန်းဆိုပါက သာ၍ဆိုးသည်ဟု အသက် ၄၀ ကျော်အရွယ် ဒေါ်ထွေးက ဆိုသည်။
“မီးလာလည်း မီးအားက မပြည့်ဖြစ်နေတော့ အဲဒီမီးအားနီနေတဲ့ဟာကို ငုတ်တုတ်ထိုင်ကြည့်နေရတယ်။ မအိပ်နိုင်ဘူး။ ဒါတောင် ဒီဘက်က မီးပြတ်ချိန် မှန်တယ်။ သူများတွေဆို ပြတ်တဲ့အချိန်လည်း ပြတ်တယ်။ လာရမယ့်အချိန်လည်း ပြတ်တယ်။ ပြတ်ချင်သလို ပြတ်နေတဲ့အခါကျတော့ ပိုပြီးတော့ ဆိုးတယ်”
လွန်ခဲ့သည့် ဧပြီလအတွင်း နိုင်ငံအလယ်ပိုင်းရှိ ဒေသများတွင်သာမက ရန်ကုန်မြို့၌ပင် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ အပူချိန်မြင့်တက်ခဲ့သည်။ လျှပ်စစ်မီးမလာသဖြင့် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများတွင် နေထိုင်သူများ နွေအပူဒဏ်ကို နိစ္စဓူဝ ခါးစည်းခံကြရသည်။
မန္တလေးမြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ် ၆ ခုတွင် ဧပြီလကုန်ပိုင်းမှစ၍ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး တစ်နေ့ ၁ နာရီသာ မီးရသည်ဟု မြို့ခံတို့က ဆိုသည်။ စစ်ဗိုလ်ချုပ်များ နေထိုင်ရာ နေပြည်တော်၌လည်း တပ်အသိုင်းအဝိုင်း၊ ဝန်ကြီးဌာနများ၊ ဝန်ထမ်းအိမ်ရာများနှင့် ငွေပေးနိုင်သူများ မီးရသည်ဟု သိရသည်။ နေပြည်တော်တွင် လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်ထမ်းများကို ငွေကျပ် ငါးသောင်းထက်မနည်းပေး၍ ပုံမှန်ဖြန့်ဖြူးပေးသည့် မီးလိုင်းဖြင့် ချိတ်ဆက်ပေးသည့် ဈေးကွက်လည်း ပေါ်ထွန်းနေသည်။
မီးမလာသဖြင့် အပူဟပ်နေသူများထဲတွင် နေပြည်တော်မှ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း အပါအဝင်ဖြစ်သည်။ လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ ပြေးဆွဲမည်၊ နျူကလီးယားမှသည် လေအား၊ နေအား လျှပ်စစ်စီမံကိန်းများ လုပ်မည်ဟု ကြွေးကြော်သော်လည်း ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်မပေါ်လာသဖြင့် စီမံကိန်းအပူဟပ်နေခြင်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးကတည်းက ၂၄ နာရီအပြည့် လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ခြင်းမရှိသည်မှာ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်သည်။ အလှည့်ကျစနစ်ဖြင့်ပင် အချိန်မှန်မှန် လျှပ်စစ်မီးမပေးနိုင်တော့ချိန် အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင်လည်း လျှပ်စစ်မီးနှင့် ပတ်သက်၍ လေသံပျော့လာသည်။
“မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်ပါတယ်” ဟု ယခုနှစ်ဆန်းပိုင်းက ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညည်းတွားခဲ့သည်။
ယခင်အစိုးရအဆက်ဆက်က ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အချို့သောစီမံကိန်းများ ရပ်တန့်ခဲ့ရကာ အချို့စီမံကိန်းများ ဖျက်သိမ်းခဲ့ရကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ဆိုသည်။
လေထဲက လျှပ်စစ်စီမံကိန်းများ

ပြီးခဲ့သည့်မတ်လ၌ ရခိုင်ပြည်နယ်တွင် တရုတ်ကုမ္ပဏီများနှင့် လေအားလျှပ်စစ်စီမံကိန်းသုံးခု လုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။ ရခိုင်တောင်ပိုင်း အမ်း၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အခြေစိုက် Yunnan Machinery and Equipment Import and Export ကုမ္ပဏီ၊ ဟောင်ကောင်အခြေစိုက် Asia Ecoenergy Development (AED) ကုမ္ပဏီတို့နှင့် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။ ထိုစီမံကိန်းများတွင် ပြည်တွင်းမှ Primus ဆိုသော ကုမ္ပဏီလည်း ပါဝင်သည်။
စီမံကိန်းသုံးခုလုံးမှ ထွက်ရှိမည့် လျှစ်စစ်ဓာတ်အားမှာ မဂ္ဂါဝပ် ၃၆၀ ဖြစ်ပြီး ဂွမြို့နယ်တွင် တည်ဆောက်မည့် ၁၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၅ အမီ ဓာတ်အားထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ကြေညာထားသည်။
ရုရှားနိုင်ငံပိုင် Rosatom ကော်ပိုရေးရှင်းသည်လည်း နိုင်ငံအလယ်ပိုင်း ပုပ္ပားဒေသ၊ ပဲခူးတိုင်း မင်းလှနှင့် မကွေးတိုင်း မင်းတုန်းမြို့နယ်တွင် ၃၇၂ မဂ္ဂါဝပ် ထွက်ရှိမည့် လေအားလျှပ်စစ်စီမံကိန်း ၃ ခု လုပ်ရန် အဆိုပြုထားကာ Rosatom ၏ လက်ခွဲကုမ္ပဏီ Novawind က လေအားလျှပ်စစ် ထုတ်လုပ်ရန် ပြည်တွင်းမှ Primus ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးထားသည်။
အဆိုပါ Primus ကုမ္ပဏီသည် စစ်ကောင်စီလက်ထက် ချုပ်ဆိုသည့် လျှပ်စစ်စီမံကိန်းတိုင်းလိုလိုတွင် ပါဝင်ပတ်သက်နေပြီး မကြာမီက တရုတ်နှင့် လာအိုတို့မှ ကုမ္ပဏီများနှင့် ဓာတ်အားလိုင်းသွယ်တန်းရေး လက်မှတ်ရေးထိုးရာ၌လည်း ပါဝင်ခဲ့သည်။ စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံနှစ်ခုမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရန်လည်း ကြံစည်နေသည်။
စစ်ကောင်စီ၏ လျှပ်စစ်စီမံကိန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည့် Primus ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ထိပ်သီးကုမ္ပဏီအုပ်စုကြီးတစ်ခုဖြစ်သော Supreme ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။ Primus ၏ လျှပ်စစ်စီမံကိန်း လက်မှတ်ရေးထိုးပွဲတိုင်းတွင် Supreme ကုမ္ပဏီပိုင်ရှင် ပါဝင်တက်ရောက်သည်ကိုလည်း တွေ့ရှိရသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရွှေသောင်ယံကမ်းခြေအနီးတွင် တရုတ်ကုမ္ပဏီများနှင့် Supreme တို့ ပူးပေါင်းအကောင်အထည်ဖော်မည့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စီမံကိန်းကို စစ်ကောင်စီက အာဏာသိမ်းအပြီး လအတန်ကြာ ၂၀၂၁ မေလ၌ ခွင့်ပြုခဲ့သည်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန် ထိုစီမံကိန်းမှာ လျှပ်စစ်မဂ္ဂါဝပ် ၁၃၀၀ ကျော် ထုတ်လုပ်မည်ဟု ရည်မှန်းထားပြီး လက်ရှိ၌ တိုးတက်မှု တစ်စုံတစ်ရာမရှိဘဲ ရပ်တန့်နေသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှ ချေးငွေးရရှိရန် ခက်ခဲနေရာ လျှပ်စစ်စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်ရေးမှာ မဖြစ်နိုင်သလောက် ခဲယင်းသည်ဟု လျှပ်စစ်ဝန်ကြီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။
“ဘယ်ကပိုက်ဆံနဲ့ လုပ်မှာလဲ၊ တစ်ယူနစ် ဘယ်လောက်နဲ့ ဝယ်မှာလဲဆိုတာ မေးစရာရှိတယ်။ မဂ္ဂါဝပ် ၁၀/၂၀ လောက်နဲ့ စလုပ်ပြမယ့်သဘောရှိတယ်။ နိုင်ငံရေးအရ ဟန်ပြစီမံကိန်းတွေပါ” ဟု ရခိုင်ပြည်နယ်တွင် ဖော်ဆောင်မည့် လေအားလျှပ်စစ်စီမံကိန်းသုံးခုနှင့် ပတ်သက်၍ ၎င်းက မှတ်ချက်ပေးသည်။
ထို့အတူ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့သည့် ဂျပန်အစိုးရသည်လည်း အာဏာသိမ်းပြီးနောက် ဖွံ့ဖြိုးရေးအကူအညီသစ်များပေးခြင်းကို ရပ်ဆိုင်းထားကာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ကမ္ဘာ့ဘဏ်တို့သည်လည်း မြန်မာနိုင်ငံကို ချေးငွေထုတ်ပေးခြင်း မရှိတော့ပေ။
ရင်းနှီးမြှုပ်နှံသူမဲ့ ရေအားလျှပ်စစ်စီမံကိန်းများ

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ရေအားလျှပ်စစ်စက်ရုံများက လျှပ်စစ်ဓာတ်အား အများဆုံးထုတ်လုပ်ပေးနေခြင်းဖြစ်သည်။ ပူပြင်းခြောက်သွေ့သော ကာလရောက်တိုင်း ရေအားနည်းလာသည့်အလျောက် လျှပ်စစ်ထုတ်လုပ်မှု လျော့ကျတတ်သည်ဖြစ်ရာ နွေရာသီနှင့် လျှပ်စစ်မီးပြတ်တောက်မှု ဒွန်တွဲနေခြင်းဖြစ်သည်။
ရေအားလျှပ်စစ်စီမံကိန်းကြီးများသည် နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရသည်ဖြစ်ရာ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ နေရောင်ခြည်နှင့် လေအားလျှပ်စစ်တို့ထက် ပိုအလှမ်းဝေးနေသည်။
နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံတော်လှန်မှုများကြောင့် လုံခြုံရေးအရ အခက်အခဲရှိနေသည့်အပြင် နိုင်ငံရေးပယောဂကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများသာမက အိမ်နီးချင်း အာရှနိုင်ငံများသည်ပင် လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် တွန့်ဆုတ်နေကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တည်ဆောက်ဆဲ လျှပ်စစ်စီမံကိန်းကြီးအချို့ ရပ်တန့်သွားသည်။ ပြင်သစ်အစိုးရပိုင် Électricité de France(EDF) သည် ဒေါ်လာ ၁ ဘီလျံခွဲတန် ရွှေလီ (၁) ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းကြောင်း ၂၀၂၁ မတ်လ၌ ကြေညာခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ပေါ်၌ တည်ဆောက်မည့် ထိုစီမံကိန်းမှာ မဂ္ဂါဝပ် ၆၇၀ ကျော် ထုတ်လုပ်မည့် အကြီးစားရေအားလျှပ်စစ်မံကိန်းဖြစ်ကာ ပြစ်သစ်ကုမ္ပဏီနှင့်အတူ ဂျပန်နိုင်ငံမှ မာရူဘီနီ၊ ပြည်တွင်းမှ ဧရာဟင်္သာကုမ္ပဏီတို့ ပါဝင်ရန် စီစဉ်ထားခဲ့သည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ နှစ်ပေါင်း ၂၀ ကျော်ကြာ အတိုင်ပင်ခံအဖြစ် လုပ်ကိုင်ခဲ့သည့် ဆွီဒင်အခြေစိုက် အင်ဂျင်နီယာကုမ္ပဏီ AFRY သည်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်အတူ အနုတ်လက္ခဏာဆောင်သော အခြေအနေများကြောင့် လုပ်ငန်းများ ရုပ်သိမ်းကြောင်း ပြီးခဲ့သည့် ဧပြီလအတွင်း ထုတ်ပြန်ကြေညာသည်။
ဆွီဒင်အကြံပေးကုမ္ပဏီမှာ ရွှေလီ-၃၊ ရဲရွာ၊ အထက်ပေါင်းလောင်း၊ အထက်ကျိုင်းတောင်းနှင့် ထမံသီ အစရှိသော အကြီးစားရေအားလျှပ်စစ်စီမံကိန်းများတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ်စီမံကိန်း ၆ ခုကို ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် တစ်ပြိုင်နက် တင်ဒါခေါ်ယူခဲ့သည်။ ထိုစီမံကိန်းများအနက် အချို့မှာ တရုတ်ကုမ္ပဏီနှင့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမ္ပဏီတို့ လုပ်ကိုင်ခဲ့ဖူးကာ အများစုမှာ မဂ္ဂါဝပ် ၂၀ သာသာရှိ အသေးစားစီမံကိန်းများဖြစ်သည်ဟု လျှပ်စစ်ဝန်ကြီးဌာနမှ အငြိမ်းစားညွှန်မှူးဟောင်းက ဆိုသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းက မန္တလေးမြို့အနီးရှိ ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်ကြည့်ရှုစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့လက်ထက်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကို အားပေးခဲ့သည်ဟု တခုတ်တရထည့်သွင်းပြောဆိုခဲ့သည်။
ထို့ပြင် ဒီမိုကရေစီအစိုးရများလက်ထက်၌ သဘာဝပတ်ဝန်းကျင်ကိစ္စ အကြောင်းပြ၍ လျှပ်စစ်စီမံကိန်းများ အခက်အခဲဖြစ်အောင် လုပ်ခဲ့ကြောင်း၊ နိုင်ငံရေးအရ အသုံးချခြင်းဖြစ်သည်ဟုလည်း စစ်ခေါင်းဆောင်က ပြစ်တင်ပြောဆိုသည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနိုင်ခြေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ၎င်း၏လက်ထက်အတွင်း ရပ်ဆိုင်းထားရန် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်က ဆုံးဖြတ်ခဲ့သည်။ ကန်ဒေါ်လာ သန်းပေါင်း သုံးထောင်ကျော် ကုန်ကျမည့် ထိုရေအားလျှပ်စစ်စီမံကိန်းမှာ တရုတ်နိုင်ငံ၏ အထင်ကရ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၆၀ ကျော်ထက်မနည်းကို တရုတ်ကုမ္ပဏီများနှင့် လုပ်ကိုင်ခဲ့သည်။ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် တရုတ်အစိုးရ၏ စွမ်းအင်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ NEA (National Energy Administration) က မြန်မာနိုင်ငံရှိ စီမံကိန်းများအတွက် ချေးငွေအစီအစဉ် ရပ်ဆိုင်းခဲ့သည်ဟု လျှပ်စစ်ဝန်ကြီးဌာနမှ အငြိမ်းစားညွှန်မှူးဟောင်းက ဆိုသည်။
စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်သည် ပြီးခဲ့သည့် မတ်လအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကာ ရေအားလျှပ်စစ်စီမံကိန်းကြီးများကို ကြည့်ရှုခဲ့သည့်အပြင် NEA ဒုဥက္ကဋ္ဌဖြစ်သူ Ren Jing Dong နှင့်လည်း တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံသူများကို ပံ့ပိုးပေးရန်၊ နည်းပညာဖလှယ်ရေး ဆွေးနွေးပွဲနှင့် သင်တန်းများ ဖိတ်ခေါ်ပေးရန် တောင်းဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးအနေဖြင့် တရုတ်တာဝန်ရှိသူများကို ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံခွင့်ရခြင်းဖြစ်ကာ မြန်မာနိုင်ငံသို့ လာရောက်ရန်လည်း ဦးသောင်းဟန်က ဖိတ်ခေါ်ခဲ့သည်။ ထိုသို့ဖိတ်ခေါ်သော်လည်း အခါအခွင့်သင့်ပါက မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်းသာ NEA ဒုဥက္ကဋ္ဌက တုံ့ပြန်ခဲ့သည်။
“စီမံကိန်းအကြီးကြီးတွေကို တရုတ်အစိုးရက ခွင့်ပြုပေးမယ့်သဘော မရှိသေးဘူး။ ဆိုလာတို့ လေအားတို့ပဲ ခွင့်ပြုသေးတယ်။ ရေအားလျှပ်စစ်တွေ တန့်နေတာ ကြာလှပြီ။ ဒီအစိုးရက မြစ်ဆုံကိစ္စတွေ ဘာတွေ မကိုင်နိုင်သေးဘူး။ သူ့ဟာနဲ့သူတောင် တိုင်ပတ်နေတာကိုး” ဟု လျှပ်စစ်ညွှန်မှူးဟောင်းက ဆိုသည်။
“လျှပ်စစ်စီမံကိန်းတွေက တရုတ်မှ လာမလုပ်ရင် လာရင်းနှီးမြှုပ်နှံမယ့်လူ မရှိဘူး။ ဒီမှာ Risk (ဆုံးရှုံးနိုင်ခြေ) တွေက အများကြီးကိုး။ ပြဿနာတွေက အများကြီးကိုးဗျ။ မြန်မာဘက်ကတော့ လုပ်ချင်မှာပေါ့။ မီးတွေ မတရားပြတ်နေတာကိုး။ ဦးသောင်းဟန် တရုတ်ပြည်သွားဖို့ လုပ်နေတာ ကြာလှပြီလေ”

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ဘယ်လောက်လိုသလဲ
မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ လျှပ်စစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၃၆၆ မဂ္ဂါဝပ်သာ ရှိသည်။
ပြီးခဲ့သည့် အစိုးရများလက်ထက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် (National Electrification Plan – NEP) အရ ၂၀၂၀ ပြည့်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၅၀ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝလျှပ်စစ်မီးရရှိရန်ဖြစ်သည်။
တစ်နိုင်ငံလုံးမီးလင်းရေး ထိုစီမံချက်အရ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှုရန် လိုအပ်ကာ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ သွယ်တန်းရေးအတွက် ဒေါ်လာသန်း ၄၀ ထက်မနည်း ထပ်မံလိုအပ်မည်ဖြစ်သည်။
ထိုစီမံချက်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့အပြင် ဂျာမနီနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (GIZ) နှင့် အခြားအဖွဲ့အစည်းများလည်း ပါဝင်ပြီး ၂၀၁၅ မှ ၂၀၂၀ အတွင်း ချေးငွေနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့သည်။
ကမ္ဘာ့ဘဏ်တစ်ခုတည်းသည်ပင် NEP စီမံချက်အရ ကျေးလက်ဒေသများ မီးလင်းရေးအတွက် ဒေါ်လာ သန်း ၄၀၀ ထုတ်ချေးခဲ့ပြီး ထိုအစီအစဉ်မှာ ၂၀၂၁ စက်တင်ဘာလတွင် ပိတ်သိမ်းခဲ့သည်။ ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အစိုးရတို့ကလည်း အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံကို ပေးအပ်နေသော ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများ ရပ်တန့်ခဲ့သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ၁၅ မှ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု မဂ္ဂါဝပ် ၉၁၀၀ မှ ၁၄,၅၄၂ အထိ ရှိမည်ဖြစ်သည်။ လက်ရှိ တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၄၀၀၀ ကျော် ရှိသည်။
နှစ်စဉ် ဓာတ်အားလိုအပ်ချက် တိုးမြင့်နေသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု သိသိသာသာ လျော့ကျနေသည်။ စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ လက်ရှိ၌ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ အပါအဝင် ရေအားလျှပ်စစ်စက်ရုံ ၂၈ ခုနှင့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၆ ခု လည်ပတ်နေသည်။
ထိုစက်ရုံအားလုံးပေါင်းတွင် စက်တပ်ဆင်အင်အား ၇၁၄၃ မဂ္ဂါဝပ်အထိ ရှိသော်လည်း ဧပြီလအတွင်း ထုတ်လုပ်မှုမှာ မဂ္ဂါဝပ် ၂၃၀၀ ကျော်သာ ရှိသည်။ အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်က မဂ္ဂါဝပ် ၄၀၀၀ နီးပါးအထိ ထုတ်လုပ်နိုင်ခဲ့သော်လည်း နှစ်နှစ်အကြာတွင် ၂၀၀၀ စွန်းစွန်းသာ ရှိတော့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးပြတ်တောက်မှု သိသိသာသာ ဆိုးရွားနေချိန် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ အကြိမ်ကြိမ် တိုက်ခိုက်ဖျက်ဆီးခံနေရသည်ဟု ဧပြီလအတွင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ လက်ရှိအချိန်ထိ အကြိမ်ပေါင်း ၂၂၉ ကြိမ် ရှိသည်ဟု ဆိုသည်။
ဧပြီလ ၄ ရက်က ပဲခူးတိုင်းအတွင်းရှိ ပင်မဓာတ်အားခွဲရုံတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရစဉ် လျှပ်စစ်ဝန်ထမ်း ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်အားစနစ်တစ်ခုလုံး ပြတ်တောက်ခဲ့သည်ဟုလည်း လျှပ်စစ်ဝန်ကြီးဌာနက သီးခြားထုတ်ပြန်ခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှုမရှိစေရေး လျှပ်စစ်မီတာခ ပေးဆောင်ခြင်းမပြုဘဲ သပိတ်မှောက်ရန် နှိုးဆော်တိုက်တွန်းမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ကာ စစ်တပ်၏ လုပ်ငန်းများအတွက် အချက်အချာကြသည်ဟု ယူဆရသော လျှစ်စစ်အခြေခံအဆောက်အအုံများကိုလည်း တော်လှန်ရေးအင်အားစုများက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
လျှပ်စစ်မီးပြတ်တောက်ရသည့် အကြောင်းရင်းများတွင် အဓိကအားဖြင့် နွေရာသီတွင် ရေနည်းလာသဖြင့် ရေအားလျှပ်စစ်စက်ရုံများ ထုတ်လုပ်မှု လျော့ကျခြင်း၊ အပူစွမ်းအင်သုံးစက်ရုံအများစုမှာ အဟောင်းများဖြစ်ခြင်းကြောင့် စွမ်းအားပြည့် မလည်ပတ်နိုင်ခြင်း စသည်တို့လည်း ပါဝင်သည်။
ရုရှားစွမ်းအင်ကုမ္ပဏီ Inter RAO Export သည် မြန်မာနိုင်ငံရှိ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ အဆင့်မြှင့်တင်ရေး စဉ်းစားခဲ့သည်ဟု ရုရှားသတင်းဌာန Interfax က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ရေးသားခဲ့ဖူးကာ စုစုပေါင်း ၁၄၆ ဒသမ ၅၅ မဂ္ဂါဝပ်ရှိ စက်ရုံများဖြစ်သည်ဟု ဆိုသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့ကျခဲ့သော အကြောင်းရင်းများတွင် မကြာသေးမီက ဟောင်ကောင်အခြေစိုက် V Power ကုမ္ပဏီ၏ LNG သင်္ဘော ပြန်ထွက်သွားခြင်းလည်း ပါဝင်သည်။ ထိုသင်္ဘောဖြင့် ပြည်ပမှ သဘာဝဓာတ်ငွေ့တင်သွင်းလာကာ ရန်ကုန်မြို့ကို အဓိကဓာတ်အားပေးနေခြင်းဖြစ်ပြီး NLD လက်ထက်တွင် အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းဖြစ်သည်။
ထိုစီမံကိန်းရပ်သွားပြီးနောက် ရန်ကုန်မြို့တွင် လျှပ်စစ်မီး သိသိသာသာ ပြတ်တောက်လာခဲ့သည်။ V Power သင်္ဘော ပြန်သွားရခြင်းမှာ ဒေါ်လာဈေး အပြောင်းအလဲကြောင့်ဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ဆိုသည်။
“သူက ဒေါ်လာနဲ့ ရှင်းရတာလေ။ အရင် ၁ ဒေါ်လာကို ၁၃၀၀ လောက်နဲ့ ချုပ်ထားတာ၊ အခု နှစ်ဆဖြစ်သွားပြီ။ အစိုးရက ဒေါ်လာရပေါက်ရလမ်း နည်းနည်းလေးပဲ ရှိတော့ ဒေါ်လာလည်း မသုံးနိုင်တော့ ဟိုကောင်ပြန်ပြီပေါ့။ အဓိကတော့ အစိုးရက ပိုက်ဆံမရှိတာဗျာ၊ ဒါပဲ” ဟု လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး တရုတ်ကုမ္ပဏီတစ်ခုတွင် အကြံပေးပညာရှင်အဖြစ် လုပ်ကိုင်နေသူ ၎င်းက မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် မဂ္ဂါဝပ်ထောင်ချီရှိနေရာ လာမည့် ဆယ်နှစ်တာအတွင်း ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေအားလျှပ်စစ်သာ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
“ဝယ်သုံးရမယ့်ဟာ (LNG) ရေရှည်မခံဘူး။ နေနဲ့ လေက ဓာတ်အားလိုင်းစနစ်အရရော နည်းပညာပိုင်းအရရော ပြဿနာရှိတယ်။ အဓိက ရေအားလျှပ်စစ်ပဲ”
“အခု စလုပ်မယ်ဆိုရင်တော့ ရေအားလျှပ်စစ်က နောက်ဆယ်နှစ်မှ မဂ္ဂါဝပ် ၅၀၀ လောက် ထွက်နိုင်မယ်။ အခု လိုနေတာက မဂ္ဂါဝပ် နှစ်ထောင်သုံးထောင်လောက် လိုနေတာ။ အခုမလုပ်ဘူးဆိုရင် နောက်လေးငါးခုနစ်နှစ်မှာ နှစ်ဆ ထပ်လိုမယ်။ တိုင်းပြည်က တဖြည်းဖြည်းကို မီးကို မလာတော့တာ၊ ရှက်ဖို့ကောင်းတယ်” ဟုလည်း လျှပ်စစ်ကဏ္ဍအကြံပေးပညာရှင်က ဆိုသည်။
ဆောင်ရွက်ဆဲဆိုသည့် လျှပ်စစ်စီမံကိန်းများ
မတ်လကုန်ပိုင်း၌ စီမံကိန်းကော်မရှင်အစည်းအဝေးပြုလုပ်ပြီးနောက် စစ်ကောင်စီက လျှပ်စစ်ကဏ္ဍအပါအဝင် စီမံကိန်းအများအပြားနှင့် သက်ဆိုင်သော ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်မှုအစီရင်ခံစာ (EIA/IEE) များအတွက် သဘောထားမှတ်ချက်တောင်းခံသည့် ကြေညာချက်များ ဆက်တိုက်ဆိုသလို ဖြန့်ဝေစေခဲ့သည်။

လုပ်ထုံးလုပ်နည်းအရ စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော် တည်ဆောက်ခြင်းမပြုမီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနိုင်ခြေအပေါ် သက်ဆိုင်ရာ ကုမ္ပဏီက လေ့လာဆန်းစစ်ကာ အစီရင်ခံစာတင်သွင်းရသည်။ EIA/IEE အစီရင်ခံစာအတွက် သဘောထားမှတ်ချက်တောင်းခံစာ ဖြန့်ဝေစေခဲ့သော စီမံကိန်းများတွင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ပါဝင်သည့်နည်းတူ ကျောက်မီးသွေးသုံးစက်ရုံများပင် ပါဝင်သည်ကို တွေ့ရသည်။
သို့သော် ထိုစီမံကိန်းများတွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်းက လုပ်ငန်းစတင်ရန် ရည်စူးထားသည့် စီမံကိန်းများနှင့် ပြင်သစ်နှင့် အီတလီ ရေနံကုမ္ပဏီများဖြစ်သော Total နှင့် Eni တို့၏ စီမံကိန်းများပါ ထည့်သွင်းထားသည်ကို တွေ့ရှိရသည်။ လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားနေချိန် ရေရေရာရာမရှိသော စီမံကိန်းများကို ရောယောင်ထုတ်ပြန်ခြင်းဖြစ်သည်။
ဧပြီလအတွင်း နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် လျှပ်စစ်ဝန်ကြီးဌာန၊ တာဝန်ရှိသူတစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်အရ လက်ရှိဆောင်ရွက်ဆဲ လျှပ်စစ်စီမံကိန်းများအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်း ၄ ခု၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံးစက်ရုံ ၁ ခုနှင့် နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်း ၃ ခုသာ ရှိသည်။
ဆောင်ရွက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းလေးခုမှာ ၁၂၀ မဂ္ဂါဝပ်ရှိ ကချင်ပြည်နယ်မှ တာပိန် (၁)၊ ၂၈၀ မဂ္ဂါဝပ်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အထက်ရဲရွာ၊ ၅၁ မဂ္ဂါဝပ်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အထက်ကျိုင်းတောင်း၊ ၁၁၁ မဂ္ဂါဝပ်ရှိ ရခိုင်ပြည်နယ်မှ သူဌေးစီမံကိန်းတို့ဖြစ်သည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စက်တပ်ဆင်အင်အား ၁၃၅ မဂ္ဂါဝပ်ရှိ အပူစွမ်းအင်သုံးစက်ရုံအပြင် နေပြည်တော်အနီးတွင် နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်း ၃ ခု လုပ်ဆောင်နေသည်ဟု လျှပ်စစ်ဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။
မည်သည့်အချိန်က စတင်အကောင်အထည်ဖော်ခဲ့သော စီမံကိန်းများဖြစ်သည်၊ မည်သည့်အချိန်၌ လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နိုင်မည်ကိုမူ မသိရပေ။
နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသူများကို အခွန်ကင်းလွတ်ခွင့်ပေးမည်ဟုလည်း စစ်ကောင်စီက မက်လုံးပေး ကြေညာထားသည်။ နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်းများနှင့် ပတ်သက်၍ ကိရိယာတန်ဆာပလာနှင့် စက်ပစ္စည်းအစိတ်အပိုင်း တင်သွင်းရာ၌ အခွန်သက်သာခွင့်၊ ကင်းလွတ်ခွင့် ပေးမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၁ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
မီးမထွက်စီမံကိန်း
နေပြည်တော်ရှိ လျှပ်စစ်ဝန်ကြီးဌာနမှ လူကြီးများ အလုပ်များနေကြသည်။ ရုရှားမှ မကြာမကြာ ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့မျိုးစုံကို လက်ခံတွေ့ဆုံနေရသောကြောင့်ပင်။ အပူတပြင်း လျှပ်စစ်မီး လိုနေသည်ဖြစ်ရာ ရုရှားတို့နှင့် ခန်းမတစ်ခုတည်း အတူထိုင်လျှင်ပင် မီးထွက်တော့မည့်နှယ် ဗျာများနေကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ ထွက်ခွာသွားရာ စစ်ကောင်စီက ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်ပြီး နိုင်ငံရေးသာမက စီးပွားရေးအရပါ အဖတ်ဆယ်ရန် ကြိုးစားသည်။ အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် ရုရှားသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည့်နည်းတူ ရုရှားနိုင်ငံမှ ကိုယ်စားလှယ်များလည်း နေပြည်တော်သို့ ချောင်းပေါက်မတတ် လာရောက်နေသည်။
စစ်ခေါင်းဆောင်က ရုရှားအားကိုးဖြင့် နျူကလီးယားအိပ်မက်ကြီး မက်နေခြင်းလည်း ဖြစ်သည်။ နျူစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် ရုရှားနိုင်ငံပိုင် Rosatom ကော်ပိုရေးရှင်းနှင့် လက်မှတ်ရေးထိုးခဲ့ကာ ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့၌ တည်ဆောက်ထားသည့် နျူကလီးယားစင်တာကို ယခုနှစ်ဆန်းပိုင်းက ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်မြို့၊ လှိုင်မြို့နယ် ပြည်လမ်းမဘေးရှိ နျူအသိပညာပေးစင်တာမှာ အာဏာမသိမ်းမီက အကြမ်းထည်အဖြစ်သာ ရှိခဲ့သော်လည်း စစ်ကောင်စီက အလျင်အမြန်တည်ဆောက်ကာ အမိအရ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ နယ်ပယ် ၁၄ ခုတွင် နျူနည်းပညာအသုံးချရေးအတွက် စစ်ကောင်စီနှင့် ရုရှားကုမ္ပဏီတွင် နျူစင်တာဖွင့်ပွဲနေ့၌ ထပ်မံလက်မှတ်ရေးထိုးကြသည်။
အသုံးချမှုနယ်ပယ် ၁၄ ခုမှာ မည်သည့်ကဏ္ဍများဖြစ်သည်ကိုမူ စစ်ကောင်စီနှင့် ရုရှားနိုင်ငံပိုင်ကော်ပိုရေးရှင်းတို့က ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ နျူအစီအစဉ်နှင့် ပတ်သက်၍ နောက်တစ်ဆင့်မှာ အသေးစားနျူဓာတ်ပေါင်းဖိုတည်ဆောက်ရေးဖြစ်သည်။
နျူနည်းပညာပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဖက်အပြန်အလှန် သွားရောက်ဆွေးနွေးမှုများအပြီး Rosatom ကော်ပိုရေးရှင်းက စစ်ကောင်စီနှင့် ပူးပေါင်းမည့်အစီအစဉ်ကို ၂၀၂၂ နိုဝင်ဘာလအတွင်း ကြေညာရာ၌ နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် အကြိုလေ့လာမှုများ ပြုလုပ်ရန် လက်မှတ်ရေးထိုးသည်ဟု ထည့်သွင်းဖော်ပြသည်။
အမှန်တကယ်၌မူ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး နျူပေါင်းဖိုတည်ဆောက်ရန်ရှိကြောင်း ရုရှားတာဝန်ရှိသူများက ၂၀၀၇ ခုနှစ်ကတည်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး ရုရှားနိုင်ငံပိုင် ကော်ပိုရေးရှင်းအနေဖြင့် မြန်မာသာမက အရှေ့တောင်အာရှရှိ နိုင်ငံတိုင်းတိုင်းလိုလိုတွင် အလားတူစီမံကိန်းများ ရှိနေသည်။
မြန်မာနိုင်ငံတွင် နျူနည်းပညာပူးပေါင်းဆောင်ရွက်ရေးအတွက် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်တွင် ရုရှားနှင့် လက်မှတ်ရေးထိုးခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင်လည်း ဆက်လက်ဆောင်ရွက်ခဲ့သည်။
ယခင်ကတည်းက ရှိခဲ့ပြီးသားစီမံကိန်းကို စစ်ကောင်စီက နောက်ယောင်ခံလိုက်ကာ ပုံကြီးချဲ့နေခြင်း ဖြစ်သည်။ သို့သော် လျှပ်စစ်ဓာတ်အားအကြောင်းပြ ထိုစီမံကိန်းနောက်ကွယ်၌ စစ်ကောင်စီအတွက် အခြားသော ရည်ရွယ်ချက်လည်း ရှိနိုင်သည်။
နျူကလီးယားနည်းပညာအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးမှာ ငွေကြေးကုန်ကျများပြီး နည်းပညာနှင့် လုံခြုံရေးပိုင်းအရလည်း နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရသည်ဖြစ်ရာ လာမည့် နှစ်အနည်းငယ်အတွင်း လျှပ်စစ်မီးထုတ်လုပ်နိုင်ဖွယ်မရှိသော စီမံကိန်းသာဖြစ်သည်။
ရုရှားနှင့် တရုတ်မျှော်ဝါဒ
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူခဲ့ရာ နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံလိုသူမရှိ ဖြစ်လာပြီးနောက် စစ်ကောင်စီ၏ ရုရှားမျှော်ဝါဒသည်လည်း မဖုံးနိုင်မကွယ်နိုင် ဖြစ်လာခဲ့သည်။
နိုင်ငံပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် ရုရှားနှင့် မည်သို့ပူးပေါင်းဆောင်ရွက်နေကြောင်း ခမ်းခမ်းနားနား ဖော်ပြလေ့ရှိသည်။ ငွေရေးကြေးရေးနှင့် စွမ်းအင်မှစ၍ ခရီးသွားလုပ်ငန်းအထိ ကဏ္ဍစုံ၌ ရုရှားကုမ္ပဏီများ အကြီးအကျယ် ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်တော့မည့်အလား ဖော်ညွှန်းလေ့ရှိသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ယူကရိန်းနိုင်ငံအပေါ် အင်အားကြီးရုရှားနိုင်ငံက ကျူးကျော်စစ် ဆင်နွှဲလိုက်ချိန်တွင် ကမ္ဘာ့နိုင်ငံအများအပြားက ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။ သို့သော် ရုရှား၏ မျက်နှာသာပေးမှုကို အငမ်းမရ လိုလားနေသည့် စစ်ကောင်စီက သမ္မတပူတင်၏ လုပ်ရပ်ကို ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံချိန်၌ အာဏာသိမ်းခေါင်းဆောင်က ရုရှားသည် ကမ္ဘာ့နံပါတ် ၁ နိုင်ငံဖြစ်ကြောင်း၊ ပူတင်သည် ရုရှားနိုင်ငံ၏ ခေါင်းဆောင်မျှသာမက ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေး ဦးဆောင်နေသည့် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်သည်ဟုပင် အလွန်အမင်း မြှောက်ပင့်ပြောဆိုခဲ့သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူပြီးနောက် မင်းအောင်လှိုင်အနေဖြင့် ရုရှားမှလွဲ၍ အခြားမည်သည့်နိုင်ငံကိုမျှ သွားလာခွင့်မရသေးပေ။ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံသည် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ နီးပါးက အခြေအနေသို့ ပြန်ရောက်သွားကာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပို၍အလှမ်းဝေးသွားသည်။
အာဏာသိမ်းပြီးစ၌ အိမ်နီးချင်း တရုတ်နိုင်ငံကပင် အထူးတလည် အရေးမလုပ်သဖြင့် စစ်ဗိုလ်ချုပ်များ ရုရှားသို့ ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသည်။ နိုင်ငံရေးအရ ထောက်ခံအားပေးမှုအပြင် စီးပွားရေးအရ အခွင့်အလမ်းရလိုရငြား အပြေးအလွှား အားကိုးနေခြင်းလည်း ဖြစ်သည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အပြင်းအထန်ဒဏ်ခတ်အရေးယူမှုများ ဖြစ်ပေါ်လာကာ အထီးကျန်ဖြစ်မည့်အရေးကို ကုလသမဂ္ဂတာဝန်ရှိသူက သတိပေးခဲ့စဉ် ခံနိုင်ရည်ရှိကြောင်း၊ မိတ်ဆွေအနည်းငယ်နှင့် ရှေ့ခရီးဆက်မည်ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်များက တုံ့ပြန်ခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဖြစ်သူ Christine Schraner Burgener က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုစဉ် စစ်တပ် နံပါတ်နှစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထိုသို့တုံ့ပြန်ခဲ့သည်။
အာဏာသိမ်းပြီးစတွင် ထိုသို့လေလုံးထွားခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ဗိုလ်ချုပ်များက အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများကို ဆွယ်တရားဟောပေးရန် အစ္စရေးစစ်ထောက်လှမ်းရေးဟောင်း ဦးဆောင်သည့် ကနေဒါအခြေစိုက် လော်ဘီအဖွဲ့ကို ဒေါ်လာနှစ်သန်းဖြင့် ငှားရမ်းခဲ့သည်။ သို့သော် အမေရိကန်နှင့် ကနေဒါအာဏာပိုင်များ၏ ခွင့်ပြုချက်မရသဖြင့် အာဏာသိမ်းပြီး တစ်လအကြာ၌ ချုပ်ဆိုခဲ့သော ဒေါ်လာနှစ်သန်းတန်စာချုပ်ကို လော်ဘီအဖွဲ့က ဖျက်သိမ်းခဲ့သည်။
မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးက ထွက်ခွာရန် ဆန္ဒပြင်းပြနေကြောင်း၊ အိမ်နီးချင်း တရုတ်ကို ခွာကာ အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်လိုကြောင်း စစ်ကောင်စီငှားရမ်းသည့် လော်ဘီအဖွဲ့ခေါင်းဆောင်က နောက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ရာ နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများ အရှက်စရာဖြစ်ခဲ့သည်။
သန်းနှင့်ချီသော ပြည်သူများက အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း လမ်းပေါ်ထွက် အကြီးအကျယ်ဆန္ဒပြစဉ် စစ်ကောင်စီက ကျည်အစစ်အသုံးပြုကာ အရက်စက်ဆုံး ပစ်ခတ်ဖြိုခွင်းစေခဲ့သည်။ ထို့နောက်ပိုင်း အခြေအနေများ ပိုမိုဆိုးရွားလာကာ နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းများနှင့်အတူ ဒဏ်ခတ်အရေးယူမှုများလည်း တိုးပြီးရင်း တိုးလာခဲ့သည်။ အိမ်နီးချင်း တရုတ်နိုင်ငံသည်ပင် စစ်ကောင်စီနှင့် ခပ်စိမ်းစိမ်း ဆက်ဆံသည်အထိ ဖြစ်ခဲ့သည်။
ထိုအချိန်တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားမျှော်ဝါဒကို ဖော်ထုတ်လာသည်။ စစ်ခေါင်းဆောင်က ၎င်း၏ခရီးစဉ်များအတွင်း ရုရှားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် အသည်းအသန် ဖိတ်ခေါ်ခဲ့သည်။
သို့သော်လည်း ရုရှားရင်းနှီးမြှုပ်နှံမှု တစ်ဒေါ်လာဖိုးမျှ စီးဝင်လာခြင်း မရှိသေးပေ။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) စာရင်းများ၌ ရုရှားရင်းနှီးမြှုပ်နှံမှုအသစ်အနေဖြင့် ဗလာနတ္ထိပင်။ မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၂ ဘီလျံကျော်ရှိပြီး ရုရှားနှင့်ဆိုင်သော ပမာဏမှာ သုညဒသမ ၁၀ ရာခိုင်နှုန်းသာ ရှိပြီး ၁၉၈၈ မတိုင်မီကတည်းက ရှိခဲ့သော ပမာဏဖြစ်သည်။
ခေတ်အဆက်ဆက်၌ ရုရှားနှင့် မြန်မာအကြား ကူးသန်းရောင်းဝယ်ရေးဆိုရာ၌ စစ်လက်နက်ပစ္စည်းသာ ရှိသည်။ ပထဝီအနေအထားနှင့် သမိုင်းကြောင်းအရ မြန်မာစာရေးဆရာအချို့က ကမ္ဘာနီဟု တင်စားခဲ့ကြသည့် ဆိုဗီယက်ခေတ်မှသည် လက်ရှိအချိန်ထိ ရုရှားပြည်ထောင်စုအနေဖြင့် ကမ္ဘာ့အခြားဒေသများနှင့် ထိတွေ့ဆက်ဆံမှုများကာ အာရှဒေသသို့ အရောက်အပေါက် နည်းလေသည်။
သို့သော် မြန်မာအပါအဝင် နိုင်ငံငယ်အများစုမှာ ရုရှားထုတ် စစ်လက်နက်ပစ္စည်းများနှင့် မကင်းနိုင်ကြပေ။ အထူးသဖြင့် ခေတ်အဆက်ဆက်တွင် အနောက်နိုင်ငံများ၏ ဝိုင်းဝန်းပိတ်ဆို့အရေးယူခြင်း ခံရသည့် စစ်အာဏာရှင်များကြီးစိုးရာ မြန်မာနိုင်ငံအနေဖြင့် တရုတ်မှလွဲ၍ တစ်ခုတည်းသော ရုရှားသည် တစ်ခုတည်းသော အားကိုးရာဖြစ်သည်။
ကယ်သူမရှိဖြစ်နေသော စစ်ကောင်စီအနေဖြင့်မူ ရုရှားမျှော်ဝါဒကို မဖြစ်မနေ အလေးပေးနေရပြီး ငွေရေးကြေးရေးနှင့် လျှပ်စစ်စွမ်းအင်မှသည် ခရီးသွားကဏ္ဍအထိ ရုရှားကုမ္ပဏီများ အလုံးအရင်း ဝင်လာမည်ဟုလည်း လေသံပစ်ထားသည်။
လက်တွေ့၌မူကား ယူကရိန်းစစ်ပွဲကြောင့် စီးပွားရေးပြိုလဲနေသော ရုရှားအနေဖြင့် တစ်စုံတစ်ရာ အကျိုးအမြတ်ရလိုရငြား အခွင့်အလမ်းရှာနေခြင်းဖြစ်သည်။ လက်ရှိအနေအထားအရ ရုရှားနှင့် မြန်မာ နှစ်နိုင်ငံလုံးမှာ ဒေါ်လာခန်းခြောက်နေပြီး အသက်မဲ့နေသော ကန္တာရအလယ်မှ ရေမရှိသော အိုင်ငယ်များသာ ဖြစ်သည်။
နိုင်ငံရေးအလှည့်အပြောင်းတစ်ခုအနေဖြင့် မကြာမီရက်ပိုင်းအတွင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်လာပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် ကာလကြာရှည် လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်ပါ တွေ့ဆုံခဲ့သည်။

တရုတ်သည် မြန်မာအားကိုးအားထားပြုရသည့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်ကြောင်း၊ တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာသည့်အပြင် တရုတ်၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သော ကိစ္စရပ်တိုင်းတွင် တရုတ်နိုင်ငံအပေါ် အခိုင်အမာထောက်ခံကြောင်း Qin Gang နှင့် တွေ့ဆုံစဉ် ဦးသန်းရွှေက သတင်းစကားပါးခဲ့သည်။
ထို့ပြင် လယ်ယာစိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတစ်လျှောက်စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာဘက်က မျှော်လင့်နေသည်ဟုလည်း ဦးသန်းရွှေက ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီး နောက်တစ်ရက်တွင် စစ်ကောင်စီက နာမည်ကျော်နိုင်ငံရေးပုဒ်မတစ်ခုဖြစ်သော ၅၀၅-က ဖြင့် ဖမ်းဆီးထောင်ချထားသူ ၂၀၀၀ ကျော်ကို လွှတ်ပေးခဲ့သည်။
နိုင်ငံရေးအရ ဘက်ပေါင်းစုံဖိအားများအပြင် လျှပ်စစ်မီးမရသဖြင့် လုပ်ငန်းများ မလည်ပတ်နိုင်ဘဲ နေရာတိုင်းတွင် တပူပူတဆူဆူဖြစ်နေသည့် အခြေအနေ၌ စစ်ကောင်စီအနေဖြင့် မိုင်ပေါင်းထောင်ချီ ဝေးကွာသောအရပ်မှ ရုရှားအပြင် အိမ်နီးချင်း တရုတ်နိုင်ငံ၏ အထောက်အပံ့ကို ငံ့လင့်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“တရုတ်မှ မလုပ်ဘူးဆိုရင် ကျန်တဲ့ကောင် ဝေးသေး။ သူတို့ (စစ်ကောင်စီ) ပြောနေတဲ့ ရုရှားဘာညာ ဝေလာဝေး။ ရုရှားက နည်းနည်းလေးပဲ လုပ်နိုင်မယ်လေ” ဟု လျှပ်စစ်ဝန်ကြီးဌာနတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် ညွှန်မှူးဟောင်းက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)