နိုင်ငံအတွင်း နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စစ်ကောင်စီနှင့် နိုဝင်ဘာ ၂၂ တွင် သဘောတူ လက်မှတ်ထိုးလိုက်ကြောင်း ရုရှားအစိုးရပိုင် Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းက ထုတ်ပြန်သည်။
“ရုရှားနိုင်ငံမှ အသေးစား ဓာတ်ပေါင်းဖိုနည်းပညာများကို အခြေခံ၍ မြန်မာနိုင်ငံအတွင်း နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရန် ဖြစ်နိုင်ခြေများနှင့် အကြိုလေ့လာမှုပြုလုပ်နိုင်ရန် နားလည်မှုစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်” ဟု Rosatom ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်တို့နှင့် Rosatom ကော်ပိုရေးရှင်းဥက္ကဋ္ဌ အလက်ဆီလီကာတို့ သဘောတူ လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဝန်ကြီးများအဖွဲ့သည် ရုရှားနိုင်ငံ Sochi မြို့တွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်သို့လည်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများက ရေးသားသည်။
အနောက်နိုင်ငံများက ဖယ်ကြဉ်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနှင့် နီးကပ်သော ဆက်ဆံရေးရှိလာပြီး ဇူလိုင်လ ၁၁ တွင်လည်း Rosatom ၏ ညွှန်ချုပ် Alexey Likhachev နှင့် တွေ့ဆုံခဲ့သေးသည်။ အဆိုပါ တွေ့ဆုံမှုအတွင်း နျူကလီးယားစွမ်းအင်ကဏ္ဍအတွက် လေ့ကျင့်သင်ကြားနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု Rosatom က ထုတ်ပြန်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဇူလိုင်လအတွင်း ရုရှားခရီးစဉ်တွင် ရုရှားနိုင်ငံပိုင် စစ်လက်နက်ပစ္စည်းရောင်းချရေးကုမ္ပဏီ Rosoboronexport မှ တာဝန်ရှိသူများက လက်ခံတွေ့ဆုံခဲ့သေးသည်။
ရုရှားနိုင်ငံပိုင် Rosoboronexport ကုမ္ပဏီမှာ တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ တင့်ကားများ အပါအဝင် အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းများကို နိုင်ငံပေါင်း ၁၁၆ နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
စစ်ခေါင်းဆောင်နှင့် ရုရှားတို့၏ နီးကပ်သော ဆက်ဆံရေးကို အာဏာမသိမ်းခင်ကပင် တွေ့မြင်ရသည်။
အာဏာမသိမ်းမီ ၁၀ ရက်အလို ၂၀၂၁ ဇန်နဝါရီ ၂၁ တွင် စစ်ခေါင်းဆောင်က ရုရှားကာကွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များကို အခမ်းအနားဖြင့် ကြိုဆိုခဲ့သေးသည်။
ထို့နောက် ရုရှားနိုင်ငံထုတ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များ၊ ထောက်လှမ်းရေးသုံး မောင်းသူမဲ့လေယာဉ်များ (Drone) နှင့် ရေဒါစနစ်များကို မြန်မာနိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း ရုရှားသတင်းဌာန RT (Russia Today) က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂ တွင် ရေးသားဖော်ပြခဲ့သည်။
ရုရှားနှင့် မြန်မာတို့ ၂၀၀၀ နောက်ပိုင်းမှစ၍ ကာကွယ်ရေးကဏ္ဍတွင် ပိုမိုပူးပေါင်းလာသည်။
ရုရှားနိုင်ငံထုတ် ခေတ်မီတိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် သံချပ်ကာယာဉ်အမျိုးမျိုးကို ဝယ်ထားသလို နောက်ဆုံးပေါ်တိုက်လေယာဉ်များထဲမှ တစ်မျိုးဖြစ်သည့် SU 30 SME အမျိုးအစား တိုက်လေယာဉ် ၆ စီးကိုလည်း ၂၀၁၀ ပြည့်နှစ်အတွင်း ဝယ်ယူခဲ့သည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံက စစ်ကောင်စီ ထိပ်တန်း ခေါင်းဆောင်တို့ကို အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။ ထို့အပြင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများကလည်း စီးပွားရေးပိတ်ဆို့ထားသလို တစ်ဦးချင်း ဒဏ်ခတ်အရေးယူမှုများလည်း ပြုလုပ်ထားသည်။
အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းကမူ မိတ်ဆွေနိုင်ငံအနည်းငယ်နှင့် ရှေ့ဆက်သွားမည်၊ ပိတ်ဆို့ဒဏ်ခတ်မှုများကို ခံနိုင်ရည်ရှိသည်ဟု အာဏာသိမ်းအပြီး ၃ ရက်အကြာ ကုလအထူးကိုယ်စားလှယ် Christine Schraner Burgener နှင့် အွန်လိုင်းမှ ဆွေးနွေးစဉ် ပြောဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)