နွေရာသီရောက်လာချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု လျော့နည်းလာသဖြင့် အခြားသောမြို့ကြီးများနည်းတူ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၌လည်း မီးပြတ်ချိန် များလာပြီး အခြေအနေ ပိုဆိုးနိုင်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
မြို့နယ် ၈ ခုရှိ နေပြည်တော်ဧရိယာအတွင်း အလှည့်ကျ မီးဖြတ်ခံထားရသည့် ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်များသာမက စစ်တပ်ရုံးချုပ်၊ ဝန်ကြီးဌာနရုံးများနှင့် ဝန်ထမ်းများနေထိုင်ရာ သီရိငါးမြို့နယ်တွင်လည်း မီးပြတ်သည်ဟု ဒေသခံတို့က ဆိုသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေ ဖော်ဆောင်ခဲ့သည့် နေပြည်တော်မှ သီရိငါးမြို့နယ်မှာ စစ်တပ်ရုံးချုပ်ရှိရာ ဇေယျာသီရိ၊ ဝန်ကြီးဌာနှင့် ဝန်ထမ်းများနေထိုင်ရာ ဇဗ္ဗူသီရိ၊ အငြိမ်းစားဗိုလ်ချုပ်များ နေထိုင်ရာ ဥတ္တရသီရိ၊ ဝန်ထမ်းဟောင်းများနေထိုင်ရာ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိတို့ဖြစ်သည်။
နွေရာသီတွင် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားထုတ်ပေးနိုင်မှု လျော့ကျခြင်း၊ ဓာတ်အားပေးဓာတ်ရုံနှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲခံရခြင်း၊ ရာသီဥတု အပူချိန်တက်လာခြင်းများကြောင့် လျှပ်စစ်မီးပြတ်ခြင်းဖြစ်သည်ဟု လျှပ်စစ်ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုသည်။
“ပေးလို့ရရင် ရသလောက်အချိန်လေးတော့ ပေးဖို့ ကြိုးစားပါတယ်။ ခုက နေပြည်တော်မြို့နယ်အားလုံး မပြတ်သေးပေမဲ့ နောက်ပိုင်း လျှပ်စစ်ခွဲဝေမှု မလုံလောက်ရင်တော့ ပြတ်ဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ဒေသခံ အရပ်သားအများစု နေထိုင်ရာ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့တွင် နေ့စဉ် ၈ နာရီ အလှည့်ကျ မီးဖြတ်မည့်အစီအစဉ်ကို မြို့နယ်လျှပ်စစ်ရုံးများက မတ်လဆန်းပိုင်းကတည်းက ထုတ်ပြန်ခဲ့သည်။
နေပြည်တော်ဧရိယာအတွင်း ပြည်သူများနေထိုင်ရာ မြို့နယ်များကို အလှည့်ကျ မီးပေးနေခြင်းမှာ စစ်ကောင်စီလက်အောက် မညီမျှမှုကို ပေါ်လွန်နေသည်ဟု ပျဉ်းမနားမြို့ခံ လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
“စစ်ကောင်စီနေရာတွေကတော့ မီးလုံးဝမပြတ်ဘူး။ ပြည်သူတွေအများရှိတဲ့ မြို့နယ်ကတော့ အလှည့်ကျ မီးပေးတယ်။ လျှပ်စစ်မီးရဖို့က ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေး၊ ခု စစ်ကောင်စီက မီးပြတ်တဲ့ဒဏ်ကို ပြည်သူတွေ အသားကျအောင် လုပ်နေတယ်၊ ပြည်သူတွေကလည်း မီးပြတ်တာကို အသားကျသလိုဖြစ်နေပြီ”
အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထွက်ခွာသွားရာ စစ်ကောင်စီက အရင်းအမြစ်မျိုးစုံကို အခြေခံလျက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ကြောင်း ကြွေးကြော်နေသော်လည်း ဓာတ်အားပိုမိုထုတ်လုပ်နိုင်ခြင်း မရှိပေ။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည်ဟု အာဏာသိမ်းခေါင်းဆောင်က ပြောဆိုထားသည်ဟု ယနေ့ (ဧပြီ ၆) ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ အကြိမ်ကြိမ် တိုက်ခိုက်ဖျက်ဆီးခံနေရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အကြိမ်ပေါင်း ၂၂၉ ကြိမ်ရှိပြီဟု ဆိုသည်။
ယခုလ ၄ ရက်က ပဲခူးတိုင်းအတွင်းရှိ သာယာကုန်းပင်မဓာတ်အားခွဲရုံ ဗုံးခွဲတိုက်ခိုက်ခံရစဉ် လျှပ်စစ်ဝန်ထမ်း ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်အားစနစ်တစ်ခုလုံး ပြတ်တောက်ခဲ့သည်ဟုလည်း လျှပ်စစ်ဝန်ကြီးဌာနက သီးခြားထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့်အနေဖြင့် လျှပ်စစ်မီတာခ ပေးဆောင်ခြင်းမပြုဘဲ သပိတ်မှောက်ရန် နှိုးဆော်တိုက်တွန်းမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သည့်နည်းတူ လျှပ်စစ်နှင့်ဆိုင်သော အခြေခံအဆောက်အအုံများကို တော်လှန်ရေးအင်အားစုများက မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်။
စစ်ကောင်စီလက်ထက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပိုမိုဆိုးရွာလာကာ လက်ရှိနွေရာသီအစတွင် ရန်ကုန်အပါအဝင် နိုင်ငံအနှံ့တွင် အချိန်ပြည့်နီးပါး မီးပြတ်နေသည့်အကြောင်း လူမှုကွန်ရက်ပေါ်၌ ပြောဆိုရေးသားနေသည်များလည်း နေ့စဉ်နှင့်အမျှ တွေ့ရှိနေရသည်။
ယခုအခါ စစ်ခေါင်းဆောင်များ အခြေချနေထိုင်ရာ နေပြည်တော်ဧရိယာအတွင်း၌ပင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု သိသိသာသာဖြစ်လာပြီး နေ့စဉ် ကုန်ကျစရိတ်ပိုများလာသည့်ဒဏ်ကို အလူးအလဲခံနေရသည်ဟု ပျဉ်းမနားမြို့မှ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကုန်စျေးနှုန်းတွေ တက်နေတဲ့အချိန်မှာ မီးက မလာတော့ အဲဒီအတွက် ဝယ်ရတဲ့ အထွေထွေစရိတ်က ပိုများလာတယ်။ မီးသွေးတို့၊ ဂတ်စ်မီးဖို စသဖြင့် ဝယ်ရတော့ ကုန်ကျစရိတ်က ပိုများလာတယ်။ ပိုကျပ်တည်းလာတယ်”
“မနက် ၄ နာရီ မီးပြတ်မယ်ဆိုရင် ၂ နာရီလောက် ထမင်းထချက်ရတယ်။ မချက်မိရင် တစ်နေကုန် စားစရာမရှိတော့ဘူး။ အပြင်မှာ ဝယ်စားရတော့ ပိုက်ဆံပိုကုန်တယ်။ ကျွန်မတို့ဘဝတွေက ဒီထက် ပိုဆိုးလာဖို့ပဲ ရှိတော့တယ်” ဟုလည်း ထိုအမျိုးသမီးက ဆက်ပြောသည်။
နေပြည်တော်ဧရိယာအတွင်း နေထိုင်သည့် အသေးစားလုပ်ငန်းရှင်တစ်ဦးကလည်း “မီးစက်နှိုးလုပ်တော့လည်း ဆီဖိုးနဲ့ အဆင်မပြေဘူး။ မီးလာတဲ့အချိန် လုပ်ရတော့ ညဘက်တွေဆိုရင် မအိပ်ရတဲ့နေ့တွေ ရှိတယ်။ ကွန်ပျုတာ အားကုန်၊ မီးက မလာ ဘာအလုပ်မှ မဖြစ်ဘူး။ ဒီထက် အခြေအနေဆိုးလာရင် ဆိုင်ပိတ်ဖြစ်ဖို့ပဲ ရှိတော့တယ်” ဟု ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)